မက်ဆီကိုဂုဏ်ပြုတဲ့အနေနဲ့ ငွေစက္ကူထုတ်ဝေတယ်ဆိုတဲ့ အချက်အလက်မှားဓာတ်ပုံတွေ ကမ္ဘာတဝန်းပျံ့နှံ့

နောက်ဆုံးတည်းဖြတ်သည့်နေ့စွဲ 29/12/2022 အချိန် 09:28

၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲပြီးတဲ့နောက် အာဂျင်တီးနားနိုင်ငံဟာ လိုင်ယွန်နယ်မက်ဆီကို ဂုဏ်ပြုတဲ့အနေနဲ့ မက်ဆီပုံပါ ငွေစက္ကူတွေ ထုတ်ဝေလိုက်တယ်ဆိုတဲ့ အချက်အလက်မှားတွေ ကမ္ဘာတဝန်း ပျံ့နှံ့လာခဲ့ပါတယ်။ အာဂျင်တီးနားဗဟိုဘဏ်ကတော့ ဒီအချက်ကို ငြင်းဆိုလိုက်ပြီး မက်ဆီပုံပါ ငွေစက္ကူတွေ ထုတ်ဝေဖို့ အစီအစဉ်မရှိပါဘူးလို့ AFP ကို ပြောပါတယ်။ အချက်အလက်မှားပို့စ်တွေမှာပါဝင်တဲ့ ငွေစက္ကူပုံရိပ်တွေဟာ အာဂျင်တီးနားဗဟိုဘဏ်ရဲ့ ဝဘ်ဆိုဒ်မှာ ထုတ်ဝေဖို့တရားဝင်အဆိုပြုထားတဲ့ ငွေစက္ကူပုံစံတွေနဲ့ တူညီမှုမရှိပါဘူး။