အိုမီခရွန် XBB မျိုးကွဲက ဒဲလ်တာမျိုးကွဲထက် ငါးဆပိုပြင်းထန်တယ်လို့ပြောဆိုထားတဲ့ နားလည်မှုလွဲစေတဲ့ပို့စ်တွေ ပျံ့နှံ့

ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 05/01/2023 အချိန် 10:00

ကိုဗစ်-၁၉ရောဂါ ဗိုင်းရပ်စ်မျိုးကွဲတစ်ခုဖြစ်တဲ့ အိုမီခရွန် XBB ဟာ ယခင် ဒဲလ်တာမျိုးကွဲထက် ‘ငါးဆပိုပြင်းထန်’ပြီး သေဆုံးနှုန်းပိုမြင့်တယ်လို့ ပြောဆိုထားတဲ့ နားလည်မှုလွဲစေနိုင်တဲ့ပို့စ်တွေကို Facebook ပေါ်မှာ အကြိမ်ရေရာနဲ့ချီ မျှဝေနေကြပါတယ်။ ဒီလိုရေးသားမှုတွေဟာ ယခင်နှစ် အောက်တိုဘာလက စင်္ကာပူနိုင်ငံမှာ အိုမီခရွန် XBB ဗိုင်းရပ်စ်ကူးစက်မှုမြင့်တက်ခဲ့တဲ့နောက် စင်္ကာပူနိုင်ငံကလူမှုကွန်ရက်အသုံးပြုသူတွေအကြား စတင်ပျံ့နှံ့ခဲ့တာဖြစ်ပြီး မြန်မာဘာသာစကားနဲ့လည်း အခုလို မျှဝေနေကြတာ ဖြစ်ပါတယ်။ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ XBB ဟာ ဒဲလ်တာထက် ‘ငါးဆ ပိုပြင်းထန်’တယ်ဆိုတဲ့ အထောက်အထားမရှိဘူးလို့ AFP ကို ပြောပါတယ်။ ဒါပေမဲ့ အဲဒီရောဂါပိုးဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ရဲ့ စိုးရိမ်ရတဲ့မျိုးဗီဇပြောင်းပိုးများအုပ်စုထဲ ပါဝင်နေဆဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။