AFP တွင် သတင်းအချက်အလက်စိစစ်ခြင်း 

သတင်းအချက်အလက်စိစစ်အတည်ပြုခြင်းသည် ကမ္ဘာ့သတင်းအေဂျင်စီကြီးတစ်ခုအနေဖြင့် နှစ်ပေါင်း ၁၈၀ ကျော်ကြာ ရပ်တည်လာသော AFP ၏ အဓိက လုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။

ကုမ္ပဏီအနေဖြင့် ပြင်သစ်နိုင်ငံ၏ ဥပဒေ အောက်တွင် ဂုဏ်သိက္ခာရှိစွာဖြင့် ရပ်တည်နေသည့် ကုမ္ပဏီဖြစ်ပါသည်။  AFP အနေဖြင့် မည်သည့်အခြေအနေတွင်မဆို သတင်းအချက်အလက်၏ တိကျမှု သို့မဟုတ် မူလဆိုလိုရင်းကို ထိခိုက်စေနိုင်သည့် တစ်စုံတစ်ခုသောအကြောင်းအရာ၏ လွှမ်းမိုးမှုဖြင့် ဆောင်ရွက်ခြင်းမပြုရန် ပြင်သစ်ဥပဒေတွင် ပြဋ္ဌာန်းထားပါသည်။ AFP အနေဖြင့် နိုင်ငံရေးအဖွဲ့၊ စီးပွားရေးအဖွဲ့ သို့မဟုတ် ဝါဒဖြန့်ချိရေးအဖွဲ့များ၏ လွှမ်းမိုးမှုအောက်သို့ မည်သည့်အခြေအနေတွင်မျှ ကျရောက်မသွားရပါ။ AFP အနေဖြင့် ပြင်သစ်နိုင်ငံနှင့်ပြင်သစ်နိုင်ငံပြင်ပမှ သတင်းဖတ်ရှုသူများကို တိကျသော၊ ဘက်မလိုက်သော၊ ယုံကြည်စိတ်ချရသော သတင်းအချက်အလက်များကို ပုံမှန်မရပ်မနား ဖြန့်ဖြူးပေးသွားရမည်ဟု ပြင်သစ်ဥပဒေတွင် ပြဋ္ဌာန်းထားပါသည်။

အွန်လိုင်းပေါ်ရှိ မြောက်မြားစွာသော သတင်းအချက်အလက်အလွဲများ၊ အမှားများကို တုံ့ပြန်သည့်အနေဖြင့် သတင်းအချက်အလက်စိစစ်ခြင်းကို အဓိကအလေးထားဆောင်ရွက်ရန် ဘလော့ဂ်တစ်ခုကို ကျွန်ုပ်တို့ ထူထောင်ခဲ့ပါသည်။ ၂၀၁၇ ပြင်သစ်ရွေးကောက်ပွဲကာလတွင် ဆုရရှိခဲ့သော CrossCheck ပူးပေါင်းပရောဂျက်မှ ကျွန်ုပ်တို့၏ အတွေ့အကြုံကို ယူ၍ ယင်းသို့ ထူထောင်လိုက်ခြင်းလည်း ဖြစ်သည်။

အများပြည်သူနှင့်သတင်းဌာနများကို ၎င်းတို့အွန်လိုင်းပေါ်တွင်တွေ့သော သတင်းအချက်အလက်များ (ဆိုရှယ်မီဒီယာပို့စ်များမှဖြစ်စေ၊ သတင်းဆောင်းပါးများ၊ ဗီဒီယိုများ သို့မဟုတ် ထုတ်ပြန်ချက်များမှဖြစ်စေ) မှန်ကန်မှုရှိ၊ မရှိ ကူညီတင်ပြပေးရန် ကျွန်ုပ်တို့ ကြိုးပမ်းလျက်ရှိပါသည်။

ကျွန်ုပ်တို့၏ လုပ်ငန်းကို ဆောင်ရွက်ရာတွင် သတင်းအချက်အလက်စိစစ်မှုဆိုင်ရာအယ်ဒီတာများ၊ ကမ္ဘာတစ်ဝန်းရှိ ဂျာနယ်လစ်များပါဝင်သော ကွန်ရက်ကြီးဖြင့် အယ်ဒီတာပိုင်းဆိုင်ရာ လိုက်နာသင့်သည့်စံနှုန်းများနှင့်အညီ AFP ကမ္ဘာ့သတင်းအေဂျင်စီက ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာ၍ ဆောင်ရွက်နေခြင်းဖြစ်ပါသည်။

အဆိုပါစံနှုန်းများတွင် “AFP ဂျာနယ်လစ်များအနေဖြင့် တိကျသော၊ မျှတသော၊ ဘက်မလိုက်သောသတင်းများ တင်ဆက်ပေးရမည်၊ အမှားများကို လျင်မြန်စွာနှင့် ပွင့်လင်းမြင်သာမှုရှိစွာ ပြင်ဆင်ရမည်”ဟု သတ်မှတ်ထားပါသည်။ “AFP ဂျာနယ်လစ်များအနေဖြင့် အစွဲမရှိ၊ ဘက်လိုက်မှု၊ လွှမ်းမိုးခံရမှုကင်းရှင်းစွာဖြင့် လွတ်လပ်စွာပြောဆိုရမည်”ဟုလည်း စံနှုန်းများတွင် သတ်မှတ်ထားပါသည်။ အဆိုပါ စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာရန် ပျက်ကွက်ပါက အရေးယူဆောင်ရွက်မှုများ ရှိလာမည်ဖြစ်ပါသည်။ 

AFP ၏ အချက်အလက်စိစစ်မှုလုပ်ငန်းစဉ်များကို ပါရီမြို့ AFP ရုံးချုပ်ရှိဒီဂျစ်တယ်အချက်အလက်စိစစ်ရေးဆိုင်ရာ အယ်ဒီတာချုပ်များ၊ ဟောင်ကောင်၊ ဝါရှင်တန်ဒီစီ၊ ဘီရွတ်၊ ဂျိုဟန်နာစဘာ့ဂ်နှင့် မွန်တီနီဂရိုတို့ရှိ သက်ဆိုင်ရာဒေသအလိုက်အယ်ဒီတာများက ကြီးကြပ်ဆောင်ရွက်လျက်ရှိပါသည်။

အယ်ဒီတာချုပ်၊ ဒီဂျစ်တယ်အချက်အလက်စိစစ်ရေး - Gregoire Lemarchand

ဒုတိယအယ်ဒီတာချုပ်များ - Sophie Nicholson နှင့် Pauline Talagrand

ဒေသအလိုက် အကြီးအကဲများ - Cat Barton (အာရှပစိဖိတ်)၊ Elodie Martinez (လက်တင်အမေရိက)၊ Nina Lamparski (အာဖရိက)၊ Bronwen Roberts (ဥရောပ)၊ Khaled Soubeih (အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိက) နှင့် Arthur MacMillan (မြောက်အမေရိက)

ကျွန်ုပ်တို့အနေဖြင့် သတင်းအချက်အလက်စိစစ်အတည်ပြုနေသည့် အခြားသူများ အထောက်အကူဖြစ်စေရန် လက်တွေ့အကြံပြုချက်များနှင့် အသုံးတည့်သည့်ဆော့ဖ်ဝဲများကို မျှဝေပေးလျက်ရှိပါသည်။

ကျွန်ုပ်တို့အနေဖြင့် အချက်အလက်စိစစ်ရန် အကြောင်းအရာကိုရွေးချယ်ရာတွင် အယ်ဒီတာအဖွဲ့၏ စိတ်ဝင်စားမှု၊ အကြောင်းအရာကို လူအများအပြား ပြန်လည်ဖြန့်ဝေသည့်ပုံစံ၊ လူထုအကြား အဆိုပါအကြောင်းအရာကို ဆွေးနွေးငြင်းခုံခြင်းရှိ၊ မရှိ စသည်တို့အပါအဝင် သတ်မှတ်စံနှုန်းများအပေါ်တွင် အခြေခံ၍ ရွေးချယ်ပါသည်။

ကျွန်ုပ်တို့အနေဖြင့် အများပြည်သူ၏ ကျန်းမာရေး သို့မဟုတ် အသက်အိုးအိမ်ကို ထိခိုက်စေသော သို့မဟုတ် ဒီမိုကရေစီလုပ်ငန်းစဉ်ကိုပျက်ပြားစေသော၊ အမုန်းစကားနှင့်လူမျိုးရေးခွဲခြားမှုများကိုဦးတည်သော အချက်အလက်မှားများကို အထူးအလေးထား စောင့်ကြည့်စစ်ဆေးလျက်ရှိပါသည်။

AFP သည် ဖေ့စ်ဘွတ်သတင်းအချက်စိစစ်ခြင်းပရိုဂရမ်၏ တတိယအဖွဲ့အစည်း ဖြစ်ပါသည်။ ဖေ့စ်ဘွတ်ပေါ်တွင် flag (သတိပြုရန်အမှတ်အသားပြု) ထားသော အကြောင်းအရာများကိုလည်း ကျွနု်ပ်တို့ အချက်အလက်စိစစ်မှု၏ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် ထည့်သွင်းစဉ်းစားပါသည်။ “သတင်းအမှား” ဟု အချက်အလက်စိစစ်သူများက သတ်မှတ်ထားသည့် အကြောင်းအရာများကို ဖေ့စ်ဘွတ် news feeds တွင် အဆင့်လျှော့ချလိုက်သည့်အတွက် မဆိုစလောက်လူအနည်းငယ်သာ တွေ့မြင်နိုင်တော့မည်ဖြစ်သည်။ သတင်းမှားဖြစ်ကြောင်း သတ်မှတ်လိုက်သော်လည်း အဆိုပါအကြောင်းအရာကို ဖျက်လိုက်မည်မဟုတ်ပါ။ AFP ၏ အချက်အလက်စိစစ်မှုလုပ်ငန်းစဉ်များအနေဖြင့် ဖေ့စ်ဘွတ်၏ ပရိုဂရမ်မှတစ်ဆင့် တိုက်ရိုက်ထောက်ပံ့မှုများ ရရှိနေပါသည်။

AFP သည် IFCN code of principles တွင် သဘောတူလက်မှတ်ရေးထိုးထားပါသည်။ သဘောတူညီချက်တွင် ဘက်လိုက်မှုမရှိဘဲ မျှတရန်၊ အရင်းအမြစ်များကို ပွင့်လင်းမြင်သာမှုရှိစေရန်၊ ငွေကြေးထောက်ပံ့မှုနှင့် အဖွဲ့အစည်းများကို ပွင့်လင်းမြင်သာမှုရှိစေရန်၊ နည်းပညာဆိုင်ရာ ပွင့်လင်းမြင်သာမှုရှိရန်နှင့် ပွင့်လင်း၍ ရိုးသားမှုရှိသော အမှားပြင်ဆင်မှုဆိုင်ရာမူဝါဒများရှိရန် စသည်တို့ ပါဝင်ပါသည်။

AFP အနေဖြင့် သက်ဆိုင်ရာစည်းမျဉ်းစည်းကမ်းများကို လိုက်နာမှုမရှိဟု ယူဆပါက ယခုလင့်ခ်ပါ IFCN သို့ တိုက်ရိုက်ဆက်သွယ် သတင်းပေးပို့နိုင်ပါသည်။