အချက်အလက်စိစစ်ခြင်း - ကျွန်ုပ်တို့၏ ဆောင်ရွက်ပုံ 

သမားရိုးကျ စာနယ်ဇင်းအတတ်ပညာများကဲ့သို့ပင် အွန်လိုင်းပေါ်ရှိ သတင်းအချက်အလက်များကို စိစစ်ရာတွင် နည်းလမ်းများစွာကို ကျွန်ုပ်တို့အသုံးပြုလျက်ရှိသည့်အပြင် ပင်ကိုယ်အလိုအလျောက်သိစိတ်ကို အသုံးပြု၍ သတိလည်း ကြီးစွာထားလျက်ရှိပါသည်။

အချက်အလက်အမှန် ဖွင့်ချသည့်လုပ်ငန်းစဉ်တစ်လျှောက်လုံး ကျွန်ုပ်တို့အသုံးပြုသည့်အဆင့်ဆင့်ကို ပွင့်လင်းမြင်သာမှုရှိစွာ ချပြသွားရန်လည်း ကျွန်ုပ်တို့ ရည်ရွယ်ပါသည်။

ကျွန်ုပ်တို့ အချက်အလက်စိစစ်ရာတွင် မေးခွန်းတစ်ခုနှင့်အတူစတင်၍ သံသယရှိသောအကြောင်းအရာများ၊ ပြောဆိုမှုများကို စုံစမ်းဖော်ထုတ်ရေးသားရန် ကျွန်ုပ်တို့ ကြိုးပမ်းပါသည်။

ကျွန်ုပ်တို့၏ အယ်ဒီတာများအနေဖြင့် ပျံ့နှံ့နေသည့်သတင်း၏ မူလဇစ်မြစ်ကို အတည်ပြုရန်ကြိုးပမ်းခြင်းနှင့် ကျွန်ုပ်တို့ကိုယ်ပိုင် အချက်အလက်စုဆောင်းထားသည့် မှတ်တမ်းတိုက်များ၊ သတင်းသမားများထံမှတစ်ဆင့် စုံစမ်းစစ်ဆေးပါသည်။

ကျွန်ုပ်တို့အနေဖြင့် စုံစမ်းစိစစ်မှုများပြုလုပ်ရာတွင် ဘက်လိုက်မှုကင်း၍ လူတိုင်းရရှိနိုင်သည့်သတင်းအချက်အလက်များကို အသုံးပြုသည့်အပြင် အဆိုပါအချက်အလက်များကိုလည်း အွန်လိုင်းတွင် လင့်ခ်ချိတ်၍ တင်ပေးလေ့ ရှိပါသည်။

သတင်းရင်းမြစ် ခြေရာခံခြင်း

သတင်းအချက်အလက်အမှားများကို စိစစ်ရာတွင် အကြောင်းအရာပါ ပုံရိပ်ဟောင်းများကို ထုတ်ယူရခြင်းမျိုးလည်းပါဝင်ပါသည်။

ကျွန်ုပ်တို့ စိစစ်မည့်အကြောင်းအရာပါဓာတ်ပုံကို ယခင်က အွန်လိုင်းတွင် ဖော်ပြဖူးခြင်းရှိ၊ မရှိ သိရှိနိုင်ရန် ဓာတ်ပုံရာဇဝင်ရှာဖွေခြင်းနည်း (reverse image search) ဖြင့် စတင်ပါသည်။ ဓာတ်ပုံရာဇဝင်ရှာဖွေခြင်းဆိုသည်မှာ အွန်လိုင်းပေါ်ရှိ ဝက်ဘ်ဆိုဒ်တစ်ချို့ပါ ရှာဖွေရေးအင်ဂျင် (search engine) များကိုအသုံးပြုခြင်းဖြစ်သည်။

Google Chrome ဝက်ဘ်ဆိုဒ်စာမျက်နှာ (browser) ပေါ်ရှိ ဓာတ်ပုံတစ်ပုံပေါ်တွင် မောက်စ်၏ ညာဘက်ကလစ် (right click) ကို နှိပ်ပါက “search Google for image” (ဓာတ်ပုံကို google တွင်ရှာပါ) ဆိုသည့် စာသား ပေါ်လာပါမည်။ ယင်းကိုနှိပ်ပါက search engine အနေဖြင့် ၎င်းသိုမှီးထားသည့် ဒေတာဘဏ်တွင် အလားတူဓာတ်ပုံများ ရှိ၊ မရှိဆိုသည်ကို ပိုက်စိတ်တိုက်ရှာဖွေပေးမည်ဖြစ်သည်။

ကျွန်ုပ်တို့ ပုံမှန်အားဖြင့် အသုံးပြုပြီး အသုံးပြုရန်လည်း တိုက်တွန်းသည်မှာ InVID/WeVerify extension ဖြစ်ပါသည်။ ၎င်းတွင် Google ၊ Bing (Microsoft) ၊ Yandex (ရုရှား) ၊ TinEye (ဓာတ်ပုံသီးသန့်ရှာရန်၊ စကားလုံးဖြင့်ရှာ၍မရ) စသည်တို့အပါအဝင် ဓာတ်ပုံရာဇဝင်ရှာသည့်ရှာဖွေရေးအင်ဂျင်များကို ရွေးချယ်နိုင်ပြီး extension ကို install ပြီးသည်နှင့် ဓာတ်ပုံပေါ်တွင် right click နှိပ်ရုံသာဖြစ်သည်။

ဓာတ်ပုံရာဇဝင်ရှာဖွေရာတွင် ရှာတိုင်း အမြဲတမ်းတွေ့နေမည်မဟုတ်ပါ။ အကြောင်းမှာ မိမိရှာဖွေသည့်ဓာတ်ပုံမှာ အင်တာနက်တွင် တစ်ခါမှ မတင်ဖူးသောကြောင့်လည်း ဖြစ်နိုင်သလို အင်တာနက်မှတ်တမ်းမဝင်သေးခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။ တစ်ခါတစ်ရံတွင် ဓာတ်ပုံရာဇဝင်ရှာဖွေသည့် အင်ဂျင်များအနေဖြင့် ဘယ်ညာလှည့်ထားသည့်ဓာတ်ပုံတစ်ပုံကို ရှာဖွေရာတွင်မူ ရှုပ်ထွေးမှုရှိနိုင်ပါသည်။ ဥပမာအားဖြင့် ယခုလင့်ခ်ပါ ကနေဒါဝန်ကြီးချုပ် Justin Trudeau အကြောင်း သတင်းမှ ဓာတ်ပုံမျိုးကဲ့သို့ဖြစ်သည်။

ထို့ကြောင့် ကျွန်ုပ်တို့အနေဖြင့် မြင်သာသော သဲလွန်စများ (ဥပမာ ဆိုင်ဆိုင်းဘုတ်များ၊ လမ်းဆိုင်းဘုတ်များ၊ ဗိသုကာလက်ရာ၊ ဟင်းသီးဟင်းရွက်၊ ကားလိုင်စင်နံပါတ်ပြားများစသည်ဖြင့်) ကိုသုံး၍လည်း ဓာတ်ပုံ၏ တည်နေရာ သို့မဟုတ် ဓာတ်ပုံရိုက်သည့်နေ့စွဲကို ရှာဖွေပါသည်။

ဂရိနိုင်ငံ၏ ကျွန်းတစ်ကျွန်းဖြစ်သော Crete တွင်ရိုက်ကူးခဲ့သည့်ဗီဒီယို တစ်ခုကို စုံစမ်းစိစစ်စဉ်က ကျွန်ုပ်တို့အနေဖြင့် တည်နေရာကို Google Maps မှတစ်ဆင့် ကမ်းခြေ၏ ပုံသဏ္ဍာန်ကိုကြည့်ကာ ရှာဖွေခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံများ သို့မဟုတ် ဗီဒီယိုများသည် ထွက်ပေါ်လာသည့် သတင်းတစ်ပုဒ်၏ တစ်ခုတည်းသော သက်သေများမဟုတ်ပါ။ ဓာတ်ပုံနှင့်အတူ ယှဉ်တွဲပါသည့် ဓာတ်ပုံတင်သည့်နေ့စွဲ၊ ရာသီဥတုအခြေအနေ စသည့် အသေးစိတ်အချက်အလက်များကိုလည်း စစ်ဆေးဖို့ လိုအပ်ပါသည်။

သံသယရှိသည့်ဓာတ်ပုံများကို စိစစ်သည့်အခါ ပြန်လည်ပြုပြင်ထားခြင်းရှိ၊ မရှိ ဆုံးဖြတ်နိုင်ရန် မူလဖိုင်များကို ကျွန်ုပ်တို့ အတတ်နိုင်ဆုံး ရှာဖွေပါသည်။

ကြေညာချက် သို့မဟုတ် ပြောစကားများ၏ မူလအရင်းအမြစ်ကို ရှာဖွေခြင်း

တစ်ခါတစ်ရံတွင် မိမိတို့ရှာဖွေလိုသည့် စာပိုဒ်တစ်ခုလုံးကို copy ယူ၍ search engine တွင် paste လုပ်ပါက အဆိုပါစာပိုဒ်အနေဖြင့် အွန်လိုင်းတွင် တင်ထားပြီးဖြစ်လျှင် မူလတင်ထားသည့်ဖိုင်ကို မကြာခဏ တွေ့ရလေ့ရှိပါသည်။

နိုင်ငံရေးသမားပြောသည့် ပြောစကားများကို တစ်ခါတစ်ရံတွင် အပြောင်အပြက်များသာ တင်လေ့ရှိသည့် ဝက်ဘ်ဆိုဒ်များမှ ရယူပါသည်။ search engine တွင် copy and paste လုပ်ပါက မူလတင်ထားသည့် ရင်းမြစ်ကို စက္ကန့်ပိုင်းအတွင်း

ခြေရာခံနိုင်မည်ဖြစ်သည်။ အကယ်၍ မှတ်ချက်တစ်ခုအနေဖြင့် လူတစ်ဦးတစ်ယောက်ကို ရည်ညွှန်းပါက ကျွန်ုပ်တို့အနေဖြင့် ယုံကြည်လောက်သည့် အရင်းအမြစ် (အသံဖိုင်၊ ဗီဒီယိုမှတ်တမ်း၊ တရားဝင်မှတ်တမ်း) တစ်ခုခုကို ရှာဖွေခြင်း၊ ထပ်မံအတည်ပြုရန် အဆိုပါပုဂ္ဂိုလ်၏ အွန်လိုင်းအကောင့်များကို ရှာဖွေကြည့်ရှုခြင်းများ ပြုလုပ်သည်။ ၎င်းတို့၏ ထုတ်ပြန်ချက်များနှင့်ပတ်သက်၍ အတည်ပြုနိုင်ရန်အတွက် သက်ဆိုင်သည့်ပုဂ္ဂိုလ်ကို တိုက်ရိုက်ဆက်သွယ်ခြင်းမျိုးလည်း ရှိပါသည်။

ဗီဒီယိုများကို စုံစမ်းစိစစ်ခြင်းကျွန်ုပ်တို့အနေဖြင့် AFP က ပူးတွဲဖန်တီးထားသည့် InVID/WeVerify Chrome extension ကိုလည်း အသုံးပြုပါသည်။ အဆိုပါ ကိရိယာအနေဖြင့် (“ပင်မပုံရိပ် (Keyframes)” မှတစ်ဆင့်) ဗီဒီယိုတစ်ခုကို ပုံရိပ်များ (thumbnails) အဖြစ်သို့ ပြောင်းလဲပေးနိုင်သည်။ ထို့နောက် ရရှိလာသော ပုံရိပ်များကို အသုံးပြုကာ ဓာတ်ပုံရာဇဝင်ရှာခြင်းဖြစ်သည်။

အကယ်၍ ဓာတ်ပုံတစ်ပုံကို ဘယ်ညာလှည့်ထားသည်ဟု သံသယရှိပါက မူလပုံသို့ ပြန်လှည့်နိုင်ရန် အဆိုပါ extension က အထောက်အကူပြုသည်။ (Go to "Magnifier" --> Insert your image --> "More filters" --> "Flip" --> "Apply")

အချက်အလက်ကို အတည်ပြုခြင်း

အကယ်၍ အင်တာနက်ပေါ်တွင် ပျံ့နှံ့နေသည့် ဓာတ်ပုံတစ်ပုံ သို့မဟုတ် သတင်းအချက်အလက်အနေဖြင့် သံသယဖြစ်ဖွယ်ရှိနေပြီး ကိုးကားထားသည့်အရင်းအမြစ်တစ်စုံတစ်ရာ မပါရှိပါက ကျွန်ုပ်တို့ ပုံမှန်လုပ်လေ့လုပ်ထရှိသည်မှာ မှတ်ချက် (comment) များကို လိုက်ဖတ်ခြင်းဖြစ်သည်။ အချို့ မှတ်ချက်များတွင် ရှေ့နောက်မညီသော အချက်အလက်များကို ထောက်ပြထားခြင်း သို့မဟုတ် တင်ထားသည့်ပို့စ် မှန်ကန်ခြင်းရှိ၊ မရှိ မေးမြန်းထားခြင်းများ ပါရှိသည်။

အကယ်၍ လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းတစ်ခုကို ထည့်သွင်းဖော်ပြထားပါက ကျွန်ုပ်တို့အနေဖြင့် ပို့စ်ပါ ဖြစ်စဉ်နှင့်ပတ်သက်၍ အဆိုပါပုဂ္ဂိုလ်များကို ဆက်သွယ်မေးမြန်းပါသည်။

အကယ်၍ မေးခွန်းထုတ်ဖွယ် ရေးသားဖော်ပြမှုများသည် ဓာတ်ပုံတစ်ပုံ သို့မဟုတ် ဗီဒိယိုတစ်ခုအပေါ်တွင် အခြေခံသည်ဆိုပါက ၎င်းတို့ဖော်ပြထားချက်များနှင့်နှိုင်းယှဉ်ရန် အလားတူဖြစ်စဉ်မှ အခြားသောဓာတ်ပုံများကို ကျွန်ုပ်တို့ ရှာဖွေပါသည်။ ကျွန်ုပ်တို့အနေဖြင့် ဓာတ်ပုံမူလတင်သူကို ဆက်သွယ်၍ ဖြစ်နိုင်ပါက ဓာတ်ပုံ၏ တည်နေရာကို သိရှိရန်နှင့် ၎င်းတို့၏ ပြောကြားချက်များကို ကိုးကားဖော်ပြနိုင်ရန် ကြိုးပမ်းလေ့ရှိသည်။

မှန်ကန်သော သတင်းရင်းမြစ်ကို ဆက်သွယ်ခြင်း

ပုံမှန်အားဖြင့် ယခင်က ကျွန်ုပ်တို့ အကြမ်းဖျင်းသာသိထားသော အကြောင်းအရာများနှင့် ကြုံရလေ့ရှိသည်။ ယင်းအခြေအနေတွင် ကျွန်ုပ်တို့အနေဖြင့် အချို့သော အကြောင်းအရာများနှင့်ပတ်သက်၍ ကျွမ်းကျင်သော၊ နယ်မြေကျွမ်းသော သို့မဟုတ် သက်ဆိုင်ရာဘာသာစကားတတ်ကျွမ်းသော AFP ဂျာနယ်လစ်များနှင့် ပူးပေါင်းဆောင်ရွက်လေ့ရှိသည်။ ထို့ပြင် ကျွန်ု်ပ်တို့အနေဖြင့် AFP ကမ္ဘာလုံးဆိုင်ရာ သတင်းအချက်အလက်စိစစ်ရေးအဖွဲ့နှင့် အနီးကပ်ဆက်သွယ်ဆောင်ရွက်ပါသည်။

အင်တာနက်သာလျှင်မဟုတ်ပါ

အချို့အသောအချက်အလက်စိစစ်မှုများအတွက် အင်တာနက်၊ တယ်လီဖုန်းတို့ဖြင့် လုံလောက်မှုမရှိပါ။ တစ်ခါတစ်ရံတွင် အခြားစာနယ်ဇင်းသမားကဲ့သို့ပင် ကွင်းဆင်းသွားလာရသည်များလည်း ရှိပါသည်။

၂၀၁၈ ခုနှစ်၊ ဇူလိုင်လက ပျံ့နှံ့နေသည့် ဗီဒီယိုတစ်ခုကို စစ်ဆေးရန် ကူဝိတ်ရှိ AFP ဂျာနယ်လစ်တစ်ဦးကို ကျွန်ုပ်တို့ အကူအညီတောင်းခဲ့သည်။ ပျံ့နှံ့နေသည့် သတင်းများစွာတွင် လန်ဒန်ရှိ ဆေးရုံတစ်ရုံမှ ကောင်တာဝန်ထမ်းတစ်ဦး (receptionist) ကို ဆော်ဒီအမျိုးသားတစ်ဦးက ကိုယ်ထိလက်ရောက်စော်ကားနေသည်ဟု ဆိုထားသည်။ သို့သော် အွန်လိုင်းတွင် ရှာကြည့်ရာ ကူဝိတ်မြို့ရှိ တိရစ္ဆာန်ဆေးခန်းတစ်ခုတွင်ဖြစ်ပွားခဲ့ကြောင်း တွေ့ရသည်။

ကျွန်ုပ်တို့၏ ဂျာနယ်လစ်က ကျွန်ုပ်တို့အင်တာနက်ပေါ်မှတစ်ဆင့် ရှာတွေ့ထားသည့် ဆေးခန်းသို့သွားရောက်ပြီးနောက် ဗီဒီယိုပါနေရာဖြစ်ကြောင်း အတည်ပြုခဲ့ပြီး ကိုယ်ထိလက်ရောက် ကျူးလွန်ခံရသည့် တိရစ္ဆာန်ဆေးကုဆရာဝန်၏ ထွက်ဆိုချက်ကိုလည်း ရယူနိုင်ခဲ့သည်။ ကျွန်ုပ်တို့ စိစစ်အတည်ပြုထားသည့်အဆိုပါသတင်းကို ဤလင့်ခ်တွင် ကြည့်နိုင်ပါသည်။

သတင်းတိုင်းကို အွန်လိုင်းပေါ်တွင် မတင်မီ အကြီးတန်းအယ်ဒီတာတစ်ဦးက

ပြန်လည် ဖတ်ရှုသုံးသပ်လေ့ ရှိပါသည်။ ကျွန်ုပ်တို့အနေဖြင့် Wayback Machine နှင့် Perma CC တို့ကဲ့သို့ အွန်လိုင်းမှတ်တမ်းဝက်ဘ်ဆိုဒ်များကို အသုံးပြုပါသည်။ သတင်းမှားအပေါ်တွင် click အရေအတွက် တိုးလာခြင်းကို ရှောင်ရှားနိုင်ရန်နှင့် နောက်ပိုင်းတွင် ပို့စ်ကို ပြန်ပြင်လိုက်ခြင်း သို့မဟုတ် ဖျက်သွားခြင်းမျိုးရှိပါက မှတ်တမ်းအနေဖြင့် ကျန်ရှိရန် ယင်းသို့ အသုံးပြုခြင်းဖြစ်ပါသည်။ 

အမှားပြင်ဆင်သည့် မူဝါဒ

အကယ်၍ ကျွန်ုပ်တို့အနေဖြင့် အချက်အလက်တစ်ခု မှားယွင်းပါက ပြန်လည်ပြင်ဆင်ပြီး မူလရေးသားသည့် သတင်းတွင် မှတ်ချက်တစ်ခု ထည့်သွင်းသွားပါမည်။ သတင်း၏ အောက်ခြေတွင် ပြန်လည်ပြင်ဆင်သည့်နေ့စွဲ၊ ရှင်းလင်းချက်တစ်ခုနှင့်အတူ “အမှားပြင်ဆင်ခြင်း” ဟု ရှင်းလင်းပီသစွာ ဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ရှင်းလင်းချက်ထုတ်ခြင်း သို့မဟုတ် ဖြည့်စွက်မွမ်းမံခြင်းများအတွက် သတင်း၏အောက်ခြေတွင် “တည်းဖြတ်ခြင်း (edit)” ဟူ၍ အသုံးပြုသွားမည်ဖြစ်ပါသည်။

Claim Review tool

AFP အနေဖြင့် မိမိတို့ အချက်အလက်စိစစ်ထားသည့်သတင်းများတွင် Claim Review ကို အသုံးပြုပါသည်။ ယင်းတွင် မူရင်းတင်သည့်ပို့စ်ပိုင်ရှင်နှင့် သတင်းအမှန်က မည်သို့ဖြစ်ကြောင်း အချက်အလက်များပါဝင်ပါသည်။ ယင်းက Google နှင့် Bing တို့ကဲ့သို့ search engine များတွင် specific claims များ ရှာဖွေရာတွင် အချက်အလက်စိစစ်ထားသည်များ အလွယ်တကူပေါ်လာစေမည်ဖြစ်သည်။

Facebook ပရိုဂရမ်

AFP သည် Facebook သတင်းအချက်အလက်စိစစ်အတည်ပြုခြင်းပရိုဂရမ်၏ တတိယအဖွဲ့အစည်းဖြစ်သည်။ Facebook ပေါ်တွင် flag (သတိပြုမိစေရန် အမှတ်အသားပြုထားသည့်) ပို့စ်များကို ကျွန်ုပ်တို့ စုံစမ်းစစ်ဆေးသည့် ကိရိယာ၏ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် ထည့်သွင်းစဉ်းစားလေ့ရှိသည်။

AFP ၏ အချက်အလက်စိစစ်မှုလုပ်ငန်းစဉ်အနေဖြင့် Facebook ပရိုဂရမ်မှ တိုက်ရိုက်ပံ့ပိုးမှုရရှိထားပါသည်။

အချက်အလက်စိစစ်သူများက “သတင်းမှား” ဟု အဆင့်သတ်မှတ် (rate) ထားသည့်အကြောင်းအရာအနေဖြင့် Facebook ၏ news feeds တွင် အဆင့်လျော့ကျသွားမည်ဖြစ်ပြီး မဆိုစလောက် လူအနည်းအကျဉ်းသာ အဆိုပါပို့စ်ကို တွေ့မြင်ရတော့မည်ဖြစ်သည်။

သို့သော် အဆင့်သတ်မှတ်မှုထားသည့် ပို့စ်ကို ဖယ်ရှားဖျက်သိမ်းသွားမည်မဟုတ်ပါ။