ဒီပြုပြင်ထားတဲ့ပုံဟာ အမေရိကန်သမ္မတနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ Video conference ကတဆင့် တွေ့ဆုံတဲ့ ဓာတ်ပုံမဟုတ်ပါဘူး
ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 20/08/2021 အချိန် 10:37
အမေရိကန်ပြည်ထောင်စုသမ္မတ ဂျိုးဘိုင်ဒန်နဲ့ မကြာသေးခင်က ဖွဲ့စည်းလိုက်တဲ့ မြန်မာနိုင်ငံ အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ video conference က တဆင့် ၂၀၂၁၊ ခုနှစ် ဩဂုတ်လ ၅ ရက်မှာ တွေ့ဆုံခဲ့တယ်လို့ ဆိုထားတဲ့ ပုံတစ်ပုံကို Facebook ပေါ်မှာ ထပ်ခါတလဲလဲ မျှဝေခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီပုံဟာ နည်းပညာတွေအသုံးပြုပြီး ပြုပြင်ထားတဲ့ ဓာတ်ပုံတစ်ပုံသာ ဖြစ်ပါတယ်။ သမ္မတဘိုင်ဒန်ရဲ့ ဓာတ်ပုံမူရင်းဟာ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လတုန်းက အမေရိကန်သတင်းထောက်တစ်ဦးနဲ့ အင်တာဗျူးနေတဲ့ ဓာတ်ပုံဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ပုံတွေနဲ့ ဆင်တူတဲ့ ဓာတ်ပုံကိုတော့ ၂၀၂၁ ခုနှစ်၊ ဇွန်လက တာတာစတန်သမ္မတနိုင်ငံကို သွားရောက်ခဲ့တဲ့သတင်းတွေမှာ ဖော်ပြခဲ့တာ တွေ့ရပါတယ်။ သမ္မတဂျိုးဘိုင်ဒန်အနေနဲ့ မြန်မာတပ်မတော်ခေါင်းဆောင်ကို တွေ့ဆုံခဲ့တယ်ဆိုတဲ့ ယုံကြည်ရတဲ့ သတင်းပေးပို့ချက်တွေ၊ တရားဝင်ထုတ်ပြန်ချက်တွေကို ဩဂုတ်လ ၂၀ ရက်အထိ မတွေ့ရပါဘူး။