AFP ၏ အကြောင်း
သတင်းအချက်စိစစ်မှု (AFP Fact Check) သည် ပြင်သစ်သတင်းအေဂျင်စီ (AFP) ၏ ဌာနခွဲ တစ်ခုဖြစ်ပါသည်။ AFP သည် ကမ္ဘာ့နေရာအနှံ့ရှိ မည်သည့်နေရာ မည်သည်အချိန်တွင်မဆို ဖြစ်ပျက်နေသော သတင်းများကို မှန်ကန်တိကျ၊ ဘက်မျှစွာ၊ သမာသမတ်ကျစွာ စဉ်ဆက်မပြတ်တင်ဆက်သည့် မတူညီသောဘာသာစကားများနှင့် ယဉ်ကျေးမှုများစွာရှိသည့် သတင်းအဖွဲ့အစည်းတစ်ရပ် ဖြစ်ပါသည်။
စတင်ဖွဲ့စည်းစဉ်က အာမခံထားသည့် တရားဝင်ပြဌာန်းချက်စည်းမျဉ်းစည်းကမ်းများအရ AFP သည် နိုင်ငံရေး၊ စီးပွားရေးအတွေးအခေါ်လွှမ်းမိုးမှု ကင်းလွတ်သည့် လွတ်လပ်သောအသံဖြင့် သတင်းများ တင်ဆက်ပါသည်။ ဖော်ပြပါခံဝန်ချက်များသည် AFP က ချမှတ်ထားသည့် ကတိကဝတ်များ (Charter)၊ အယ်ဒီတာအာဘော်နှင့် ကျင့်ဝတ်စံနှုန်းများကို ထင်ဟပ်ပါသည်။
စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး
AFP သည် ပြင်သစ်ဥပဒေအောက်တွင် ထူးခြားရှိစွာရပ်တည်လျက်ရှိသည်။ ထိုဥပဒေတွင် အေဂျင်စီသည် အချက်အလက်များထုတ်ပြန်ရေးသားရာတွင် တိကျမှန်ကန်စွာနှင့် ဓမ္မဓိဌာန်ကျစွာ တင်ဆက်ရန် မည်သည့်အတွေးအခေါ်အယူဝါဒ၊ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာစုဖွဲ့အများ၏ လွှမ်းမိုးမှုအောက်မှ ကင်းလွတ်စွာ ရပ်တည်ရန်ပါရှိပါသည်။ AFP ၏ တရားဝင်ပြဌာန်းချက်စည်းမျဉ်းစည်းကမ်းများ (founding statute) တွင် အသေးစိတ်ဖော်ပြထားသကဲ့သို့ အေဂျင်စီ၏လုပ်ငန်းများ စဉ်ဆက်မပြတ်လည်ပတ်ရန်နှင့် အခြေခံဝတ္တရားများအား လိုက်နာခြင်းရှိမရှိ အကဲဖြတ်ရန် အထက်ကောင်စီ (Upper Council) ဟုခေါ်သော ကောင်စီတစ်ရပ်ကို တာဝန်ပေးအပ်ထားသည်။
AFP သည် ညွှန်ကြားရေးမှူးများဘုတ်အဖွဲ့ (Board of Directors) ကို ဖွဲ့စည်းထားပြီး အမှုဆောင်အရာရှိချုပ် (CEO) ကို ၎င်းအဖွဲ့က တင်မြှောက်ပါသည်။ ဘုတ်အဖွဲ့တွင် ဥက္ကဌနှင့် CEO ဖြစ်သူ Fabrice Fries အပြင် ပြင်သစ်စာနယ်ဇင်းအဖွဲ့ ကိုယ်စားပြုသူ (၅) ဦး၊ ပြင်သစ်ယဉ်ကျေးမှု၊ နိုင်ငံခြားရေးနှင့် စီးပွားရေးဝန်ကြီးဌာနများမှ ကိုယ်စားလှယ် (၃) ဦး၊ ပြင်သစ် ရုပ်မြင်သံကြားကဏ္ဍ (audio-visual) မှ အဖွဲ့ဝင် (၂) ဦး၊ AFP ဝန်ထမ်းများက တင်မြှောက်သည့် အဖွဲ့ဝင် (၃) ဦးနှင့် အထက်ကောင်စီက ရွေးချယ်သည့် ပြင်ပကျွမ်းကျင်သူ (၅) ဦးတို့ ပါဝင်ကြသည်။
AFP ၏ နှစ်စဉ် ဝင်ငွေနှင့်အသုံးစရိတ်ခန့်မှန်းချက်စာတမ်းကို ဘဏ္ဍာရေးကော်မရှင် (Financial Commission) က ပြန်လည်သုံးသပ်ပြီး ခန့်မှန်းထားသောလုပ်ငန်းရလဒ်များကို သတ်မှတ်ထားသောဘတ်ဂျက်နှင့် ဆောင်ရွက်နိုင်စွမ်းရှိမရှိ ယင်းကော်မရှင်က စိစစ်ပါသည်။
အထက်ကောင်စီ၊ ညွှန်ကြားရေးမှူးများဘုတ်အဖွဲ့နှင့် ဘဏ္ဍာရေးကော်မရှင်တို့၏ အဖွဲ့ဝင်များ စာရင်းကို ဤနေရာ၌ အသေးစိတ် ဖတ်ရှုနိုင်ပါသည်။
နေ့စဉ်လုပ်ငန်းဆောင်တာများကို စီမံခန့်ခွဲသော AFP ၏ အလုပ်အမှုဆောင်ကော်မတီကို ဥက္ကဌနှင့် CEO ဖြစ်သူ (ယခု Fabrice Fries)၊ ကမ္ဘာ့သတင်းဆိုင်ရာညွှန်ကြားရေးမှူး (ယခု Phil Chetwynd) နှင့် စီမံခန့်ခွဲမှုညွှန်ကြားရေးမှူး (ယခု Philippe Onillon) တို့က ဦးဆောင်ပါသည်။ အလုပ်အမှုဆောင်ကော်မတီ၏ ဖွဲ့စည်းပုံအသေးစိတ်ကို ဤနေရာ၌ ဖတ်ရှုနိုင်ပါသည်။
သတင်းတည်းဖြတ်ထုတ်လုပ်မှုဆိုင်ရာ ဦးဆောင်မှု
AFP ၏ သတင်းတည်ဖြတ်တင်ဆက်မှုများကို ကမ္ဘာလုံးဆိုင်ရာသတင်းဒါရိုက်တာ Phil Chetwynd၊ ကမ္ဘာလုံးဆိုင်ရာအယ်ဒီတာချုပ် Mehdi Lebouachera နှင့် လက်ထောက်ကမ္ဘာလုံးဆိုင်ရာအယ်ဒီတာချုပ် Jennie Matthew တို့က ဦးဆောင်သည်။
AFP ၏ သတင်းအချက်အလက်စိစစ်မှု (Fact-checking)ကို ပါရီမြို့ AFP ရုံးချုပ်မှ ဒီဂျစ်တယ်စုံစမ်းဖော်ထုတ်မှုအယ်ဒီတာချုပ်များ၊ ဘေရွတ်၊ ဟောင်ကောင်၊ ဂျိုဟန်နက်စ်ဘာ့ဂ် (Johannesburg) ၊ မွန်တီဗဒယို (Montevideo) နှင့် ဝါရှင်တန်ဒီစီမြို့များရှိ ဒေသတွင်းအယ်ဒီတာများက ကြီးကြပ်တည်းဖြတ်ပါသည်။
ကမ္ဘာလုံးဆိုင်ရာ ဒီဂျစ်တယ်စုံစမ်းဖော်ထုတ်မှုဆိုင်ရာ အယ်ဒီတာချုပ်မှာ Julie Charpentrat
ဖြစ်ပြီး လက်ထောက်အယ်ဒီတာချုပ်များမှာ Nina Lamparski နှင့် Cédric Simon
တို့ ဖြစ်ကြသည်။ ဒေသဆိုင်ရာဦးဆောင်သူများမှာ Daniel Funke (အာရှပစိဖိတ်ဒေသ)၊ Anella Reta (လက်တင်အမေရိက)၊ Brett Horner (အာဖရိက)၊ Juliette Montesse (ဥရောပ), Khaled Soubeih (အရှေ့အလယ်ပိုင်းနှင့်မြောက်အမေရိက) and Marisha Goldhamer (အမေရိကန်ပြည်ထောင်စုနှင့်ကနေဒါ)တို့ ဖြစ်ကြသည်။
အထက်ဖော်ပြပါအယ်ဒီတာများနှင့် AFP ၏ သတင်းအချက်အလက်စိစစ်သူများအကြောင်း အသေးစိတ်ကို ဤနေရာ၌ ဖတ်ရှုနိုင်ပါသည်။
မိတ်ဖက်များနှင့် ရံပုံငွေ
AFP သည် ဝယ်ယူသူမီဒီယာအဖွဲ့အစည်းများ၊ အွန်လိုင်းပလက်ဖောင်းများနှင့် ပြင်သစ်အစိုးရထံမှ ရရှိသော ဝင်ငွေများဖြင့် လည်ပတ်ပါသည်။
၂၀၂၄ ခုနှစ်တွင် AFP ၏ လည်ပတ်ငွေ ယူရို ၃၂၆ ဒသမ ၄ သန်းရှိကြောင်း အစီရင်ခံခဲ့သည်။ အသေးစိတ်ကို ဤတွင် ဖတ်ရှုနိုင်ပါသည်။
AFP ၏ အဓိက ငွေကြေးရရှိသည့် နေရာများကို အောက်တွင် ဖော်ပြထားပါသည်။ AFP သည် ချုပ်ဆိုထားသည့် စာချုပ်များနှင့်အညီ ဖြည့်ဆည်းနိုင်အောင် ဆောင်ရွက်သကဲ့သို့ တစ်ဖက်တွင်လည်း သတင်းတည်းဖြတ်မှုအပိုင်းကို အမှီအခိုကင်းလွတ်စွာဖြင့် တင်းတင်းကြပ်ကြပ် ဆောင်ရွက်လျက်ရှိပါသည်။
ပြင်သစ်အစိုးရ၏အထောက်အပံ့
AFP သည် ပြင်သစ်အစိုးရနှင့် ဘဏ္ဍာရေးဆိုင်ရာစာချုပ်တစ်ခုကို ချုပ်ဆိုထားပါသည်။ ထိုစာချုပ်တွင် ပြင်သစ်အစိုးရ၏ဌာနများနှင့် နိုင်ငံရပ်ခြားတာဝန်များအတွက် AFP ၏ ဝန်ဆောင်မှုများပေးသည့် စီးပွားရေးဆိုင်ရာ သဘောတူစာချုပ်နှင့် အများပြည်သူအကျိုးစီးပွားဆိုင်ရာ AFP ၏ တာဝန်များအတွက် ပေးအပ်သည့်ငွေကြေးအထောက်အပံ့ဟူ၍ နှစ်ပိုင်းခွဲထားပါသည်။ AFP အနေဖြင့် အစိုးရနှင့်အခြားသောလွှမ်းမိုးမှုများအောက်မှ လွတ်လပ်စွာရပ်တည်နိုင်ရန် အာမခံထားသည့် ၁၉၅၇ ခုနှစ် ဥပဒေ တွင် အသေးစိတ်ဖော်ပြထားပါသည်။
မီဒီယာဖောက်သည်များ
AFP သည် ကမ္ဘာတစ်ဝန်းရှိ ထောင်နှင့်ချီသော မီဒီယာဖောက်သည်များထံမှ ဝင်ငွေများကို ရရှိပါသည်။ ထိုမီဒီယာများသည် AFP ထံမှ သတင်းစာသား၊ မာလ်တီမီဒီယာ၊ ဓာတ်ပုံ၊ ဗီဒီယိုနှင့် ပုံ(graphic) သတင်းများကို စာရင်းသွင်းဝယ်ယူထားကြပါသည်။
ထိုသို့ဝယ်ယူကြသော ဥရောပရှိမီဒီယာများတွင် ဘီဘီစီ၊ Brut၊ Deutsche Welle၊ France Télévisions၊ Funke Mediengruppe၊ Le Monde၊ Rai၊ Tamedia၊ The Times နှင့် Unidad Editorial တို့ ပါဝင်ကြသည်။ AFP ၏ အမေရိကားရှိ မီဒီယာဖောက်သည်များတွင် Caracol TV၊ Infobae၊ El Comercio၊ The New York Times၊ Radio-Canada နှင့် အခြားမီဒီယာများပါဝင်ပါသည်။ Al Jazeera၊ Al Arabiya၊ Al-Nahar နှင့် Sky News Arabia သတင်းဌာနများသည် အရှေ့အလယ်ပိုင်းဒေသရှိ AFP ၏ ဝယ်ယူသူများထဲတွင် ပါဝင်သည်။ Radiodiffusion Télévision Ivoirienne၊ Nation Media Group နှင့် Arise News ဌာနများသည် အာဖရိကဒေသရှိ ဖောက်သည်များဖြစ်ကြပြီး အာရှ-ပစိဖိတ်ဒေသရှိ South China Morning Post၊ SPH Media၊ Mediacorp၊ The Times of India၊ NHK နှင့် News Corp ကဲ့သို့သော သတင်းဌာနများသည် AFP ထံမှ သတင်း၊ ဓာတ်ပုံ၊ ဗီဒီယိုစသည့်အကြောင်းအရာများကို ဝယ်ယူဖော်ပြလျက်ရှိသည်။
AFP သည် Google နည်းပညာကုမ္ပဏီနှင့် Neighbouring rights သဘောတူစာချုပ်ကို ၂၀၂၁ ခုနှစ် နှစ်ကုန်မှစ၍ ငါးနှစ်တာ လက်မှတ်ရေးထိုးထားပါသည်။ ယင်းအပြင် အခြားသော သဘောတူညီချက်နှစ်ခုကိုလည်း ငါးနှစ်တာ Google နှင့် လက်မှတ်ရေးထိုးထားပါသည်။ တစ်ခုမှာ စမတ်ဖုန်းများတွင် ဒေါင်လိုက်မြင်ကွင်းဖြင့် ပြသသည့် ‘မိုဘိုင်းလ်သတင်း’ များ တင်ဆက်ရန် ဖြစ်ပြီး၊ အခြားတစ်ခုမှာ ကမ္ဘာတဝန်းမှ သတင်းထောက်များနှင့် သတင်းစာပညာကျောင်းသားများကို ဒီဂျစ်တယ်နည်းပညာသုံးစုံစမ်းဖော်ထုတ်ရေးနည်းနာများကို လေ့ကျင့်သင်ကြားပေးရန် သဘောတူထားသည့် စာချုပ်ဖြစ်ပါသည်။
AFP သည် သတင်းထောက်များအတွက် ဒီဂျစ်တယ်နည်းပညာသုံးစုံစမ်းဖော်ထုတ်ရေးဆိုင်ရာ အွန်လိုင်းသင်ခန်းစာများကို ဖန်တီးထားပြီး သင်ကြားရေးဗီဒီယိုအတိုများကို တင်ပြထားပါသည်။ Google News Initiative အစီအစဉ်၏ တစိတ်တပိုင်းအဖြစ် AFP သည် သတင်းအမှားတိုက်ဖျက်နိုင်ရေးရည်ရွယ်သော သတင်းအချက်အလက်စိစစ်မှုများနှင့် သတင်းများကို ၂၀၂၂ ခုနှစ် ပြင်သစ်ရွေးကောက်ပွဲကာလများတွင် တင်ဆက်ခဲ့ပါသည်။
၂၀၂၃ ခုနှစ်တွင် AFP ၏ Medialab အား အခြားသော ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ ဝဘ်ဆိုဒ်စာမျက်နှာများ သိမ်းဆည်းခြင်းဆိုင်ရာ ဖြေရှင်းချက်များ လုပ်ဆောင်ရန်အတွက် Google နှင့် YouTube တို့မှ ရန်ပုံငွေပံ့ပိုးထားသော IFCN ၏ Global Fact Check Fund မှတဆင့် ENGAGE ရန်ပုံငွေကို ချီးမြှင့်ခဲ့ပါသည်။
ကုမ္ပဏီ
AFP သည် Meta ကုမ္ပဏီ၏ Third Party Fact-Checking programme အရ စီးပွားရေးဆိုင်ရာစာချုပ်တစ်ခုကို ချုပ်ဆိုထားပါသည်။ ထိုစီမံချက်အရ Meta သည် AFP ၏ သတင်းအချက်အလက်စိစစ်ချက်များကို ၎င်း၏ အွန်လိုင်းပလက်ဖောင်းများပေါ်တွင် ဖော်ပြနိုင်ရန် ရန်ပုံငွေထောက်ပံ့ပါသည်။ မိတ်ဖက်ဖြစ်သည့်အလျောက် AFP ၏ သတင်းအချက်အလက်စိစစ်သူများသည် Facebook နှင့် Instragram ပေါ်ရှိ မှားယွင်းသည့်အချက်အလက်များ သို့မဟုတ် နားလည်မှုလွဲစေနိုင်သော အကြောင်းအရာများကို စုံစမ်းဖော်ထုတ်ပါသည်။
ယင်းအပြင် အွန်လိုင်းပေါ်ရှိ သတင်းအမှားများတိုက်ဖျက်နိုင်ရန်အတွက် Meta က ပိုင်ဆိုင်သော Whatsapp ၏ tiplines အစီအစဉ်တွင်လည်း AFP က ပူးပေါင်းပါဝင်လျက် ရှိပြီး ဘရာဇီး၊ မက္ကဆီကို၊ အမေရိကန်ပြည်ထောင်စု (စပိန်ဘာသာစကားဖြင့်)၊ ပြင်သစ်၊ ဂျာမနီနှင့် အိန္ဒိယနိုင်ငံတို့တွင် သတင်းအချက်အလက်စိစစ်မှုများဆောင်ရွက်လျက်ရှိပါသည်။
TikTok
TikTok သည် အာရှ၊ Oceania၊ ဥရောပ၊ အရှေ့အလယ်ပိုင်း၊ စပိန်စကားပြောသော လက်တင်အမေရိကဒေသများတွင် အချက်အလက်အမှားများပါဝင်လေ့ရှိသော TikTok ဗီဒီယိုများကို ဒါဇင်ချီသောသတင်းအချက်အလက်စိစစ်သည့်အဖွဲ့များနှင့်အတူ စိစစ်အတည်ပြုလျက်ရှိသော AFP ကိုလည်း ဘဏ္ဍာရေးအထောက်အပံ့များ ပေးအပ်လျက် ရှိပါသည် ။
ဥရောပစီမံကိန်းများ
AFP သည် သတင်းအမှားများတိုက်ဖျက်ရန် ဥရောပကော်မရှင်နှင့် အခြားသော ဥရောပအဖွဲ့အစည်းများက ပူးတွဲငွေကြေးထောက်ပံ့ထားသည့် စီမံကိန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပါသည်။ ၄င်းတို့မှာ Vera.ai နှင့် EDMO ကွန်ရက်၊ DE FACTO၊ CEDMO၊ EDMO BELUX ၊ Lakmusz-HDMO၊ GADMO၊ BROD၊ ADMO နှင့် MedDMO တို့ဖြစ်ကြသည်။

နောက်ထပ်အချက်အလက်များအတွက် ဤနေရာကိုနှိပ်ပါ။
AFP သည် ဥရောပပရောဂျက်တစ်ခု၏ ဆက်စပ်မှုအဖြစ် EFCSN ကို ပူးတွဲတည်ထောင်ခဲ့သည်။ European Fact-Checking Standards Network (EFCSN) သည် ယခုအခါ European Code of Standards Independent Fact-Checking Organisations တွင် ဖော်ပြထားသည့် လွတ်လပ်မှု၊ ပွင့်လင်းမြင်သာမှုနှင့် စာနယ်ဇင်းဆိုင်ရာ အရည်အသွေးစံနှုန်းများကို လိုက်နာသည့် အချက်အလက်စိစစ် ရေးအဖွဲ့အစည်းများ၏ သီးခြားလွတ်လပ်သော အဖွဲ့တစ်ခုဖြစ်ပါသည်။
Factstory
Factstory သည် ကုမ္ပဏီများနှင့်အဖွဲ့အစည်းများသို့ အကြောင်းအရာများ သီးခြားပေးပို့သည့် AFP ၏ ဌာနငယ်တစ်ခု ဖြစ်သည်။ မိခင် AFP ဌာနမှ တသီးတခြားရပ်တည်ပြီး ထုတ်လုပ်သောအကြောင်းအရာများကို Factstory အမှတတံဆိပ်ဖြင့် ဖော်ပြပါသည်။
ဥပဒေရေးရာအချက်အလက်များ
ပြင်သစ်သတင်းဌာန Agence France-Presse သည် စီးပွားရေးဆိုင်ရာစည်းမျဉ်းစည်းကမ်းများနှင့်အညီ လည်ပတ်သော ကိုယ်ပိုင်စီမံခန့်ခွဲသည့် အများပြည်သူရေးရာကုမ္ပဏီတစ်ခုဖြစ်ပြီး ပါရီမြို့ကုန်သွယ်မှုနှင့်ကုမ္ပဏီများမှတ်ပုံတင်ဌာန (Paris Trade and Companies Register) အောက်တွင် မှတ်ပုံတင်အမှတ် ၇၇၅၆၅၈၃၅၄ ဖြင့် မှတ်ပုံတင်ထားရှိပါသည်။