ဘောလိဝုဒ်သရုပ်ဆောင်ရှာရွတ်ခန်းသေဆုံးပြီဆိုတဲ့ ဓာတ်ပုံဟောင်းတွေနဲ့အချက်အလက်မှားပျံ့နှံ့
- ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 14 အောက်တိုဘာ 2021 အချိန် 05h11
- ဖတ်ရန် ကြာချိန် 2 မိနစ်
- AFP ထိုင်း
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
အဲဒီဓာတ်ပုံတွေကို ဒီလင့်ခ်အပါအဝင် ဝဘ်ဆိုဒ်အများအပြားမှာ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်တုန်းက တင်ထားတာဖြစ်ပါတယ်။
နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ခေါင်းစဉ်က အခုလိုဖြစ်ပါတယ်။ “ကမ္ဘာကျော် ဘောလိဝုဒ်နာမည်ကြီးသရုပ်ဆောင် ရှာရွတ်ခန် Accident ဖြင့်သေဆုံးသွားပါပြီ” (မူရင်းသတ်ပုံအတိုင်း)
အထဲမှာရေးထားတဲ့စာသားအချို့ကတော့ အခုလိုပါ။ “ကမ္ဘာကျော်ဘောလိဝုဒ်ဝါရင့်သရုပ်ဆောင် ရှာရွတ်ခန်းလေယာဉ်Accidentဖြင့်သေဆုံး” (မူရင်းသတ်ပုံအတိုင်း)
ဘောလိဝုဒ်စူပါစတားရဲ့သားဖြစ်သူ မူးယစ်ဆေးဝါးမှုနဲ့ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့က ဖမ်းဆီးခံရပြီးနောက်ပိုင်းမှာ နားလည်မှုလွဲစေတဲ့ပို့စ်တွေ ပျံ့နှံ့လာတာဖြစ်ပါတယ်။ အဲဒီအကြောင်း ရိုက်တာသတင်းက ဒီလင့်ခ်မှာ ဖော်ပြထားပါတယ်။
အဲဒီနားလည်မှုလွဲစေတဲ့အကြောင်းအရာကို Facebook ပို့စ်ပေါင်းများစွာမှာလည်း တင်ခဲ့ကြပြီး ပြန်လည်မျှဝေတဲ့အကြိမ်ရေ ရာနဲ့ချီရှိခဲ့ပါတယ်။ ဥပမာအားဖြင့် ဒီ Facebook ပို့စ်မျိုး ဖြစ်ပါတယ်။
တူညီတဲ့ဓာတ်ပုံတွေကိုပဲ အလားတူပြောဆိုမှုတွေနဲ့ ဝဘ်ဆိုဒ်တွေရဲ့ ဒီလင့်ခ်၊ ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း ပြန်လည်မျှဝေထားကြပါသေးတယ်။
ဒါပေမဲ့ ဒီအဆိုဟာ မှားယွင်းနေပြီး ဓာတ်ပုံတွေအားလုံးဟာလည်း တခြားဖြစ်စဉ်က ပုံဟောင်းတွေသာဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့အထိ ရှာရွတ်ခန်း သေဆုံးကြောင်း ယုံကြည်ရလောက်တဲ့သတင်းတွေ ထွက်ပေါ်လာတာမျိုး မရှိသေးပါဘူး။
အလားတူ အပြောင်အပျက်သတင်းမျိုးလည်း ၂၀၁၇ ခုနှစ်လောက်က ပျံ့နှံ့ခဲ့ဖူးပြီး The Indian Express က ဒီလင့်ခ်မှာ ရေးသားဖော်ပြခဲ့ဖူးပါတယ်။
ရှာရွတ်ခန်းရဲ့ဓာတ်ပုံတွေ
ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ နားလည်မှုလွဲစေတဲ့ပို့စ်တွေမှာပါတဲ့ဓာတ်ပုံတွေဟာ ရှာရွတ်ခန်းရဲ့အရင်က ပုံဟောင်းတွေဖြစ်နေတာ တွေ့ရပါတယ်။
ပထမဓာတ်ပုံကို Peakpx လို့ခေါ်တဲ့ ဓာတ်ပုံမျှဝေတဲ့ဝဘ်ဆိုဒ်ရဲ့ ဒီလင့်ခ်နဲ့ ၂၀၁၂ ခုနှစ်တုန်းက ဘလော့ဂ်တစ်ခုရဲ့ ဒီလင့်ခ်မှာ တင်ထားတာ တွေ့ရပါတယ်။
ဒုတိယဓာတ်ပုံကိုတော့ ၂၀၁၆ ခုနှစ်တုန်းက အိန္ဒိယဖျော်ဖြေရေးဝဘ်ဆိုဒ် FilmiBeat ရဲ့ ဒီဆောင်းပါးမှာ ပူးတွဲဖော်ပြထားတာ တွေ့ရပါတယ်။
လေယာဉ်ဓာတ်ပုံ
တတိယဓာတ်ပုံကို Aviation Accidents လို့ခေါ်တဲ့ဝဘ်ဆိုဒ်တစ်ခုရဲ့ ဒီဆောင်းပါးမှာ ၂၀၀၈ ခုနှစ်၊ ဇန်နဝါရီ ၁၇ ရက်တုန်းက ပူးတွဲဖော်ပြထားတာ တွေ့ရပါတယ်။
ဆောင်းပါးအကြောင်းအရာကတော့ ဗြိတိန်လေကြောင်းလိုင်းပိုင်လေယာဉ်တစ်စီး ၂၀၀၈ ခုနှစ်က ဟိသရိုးလေဆိပ်မှာ လေယာဉ်ဆင်းချိန်မတော်တဆဖြစ်ခဲ့တဲ့အကြောင်း ဖြစ်ပါတယ်။
ဆောင်းပါးခေါင်းစဉ်က အခုလိုဖြစ်ပါတယ်။ “ဗြိတိသျှလေကြောင်းလိုင်း၊ ဘိုးရင်း B777-236ER (G-YMMM) လေယာဉ် BA38”
အဲဒီမတော်တဆဖြစ်စဉ်အကြောင်းကို အဲဒီနေ့မှာပဲ BBC ရဲ့ဒီလင့်ခ်မှာ ဖော်ပြထားပါတယ်။
အောက်မှာ နားလည်မှုလွဲစေတဲ့ဆောင်းပါးပါ ဓာတ်ပုံ (ဘယ်) နဲ့ Aviation Accidents မှာ ဖော်ပြထားတဲ့ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။
အိန္ဒိယသရုပ်ဆောင်နှစ်ဦးရဲ့ဈာပန
Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ စတုတ္ထဓာတ်ပုံကို ၂၀၁၈ ခုနှစ်က အိန္ဒိယသရုပ်ဆောင် Sridevi ရဲ့ ဈာပနအကြောင်း သတင်းမှာ ဖော်ပြထားတာ တွေ့ရပါတယ်။
သတင်းခေါင်းစဉ်က အခုလိုဖြစ်ပါတယ်။ “Sridevi ကွယ်လွန်၊ ဈာပနပွဲကိုကူညီပေးသည့် မွမ်ဘိုင်းရဲများကို Anil Kapoor ကျေးဇူးတင်ကြောင်းဆို”
သတင်းပါစာသားအချို့က အခုလိုဖြစ်ပါတယ်။ “ကွယ်လွန်သူ Sridevi ၏ ခဲအိုဖြစ်သူ ဘောလိဝုဒ်သရုပ်ဆောင် Anil Kapoor က ယခုကဲ့သို့ ခက်ခဲသည့်အချိန်တွင် ကူညီပေးကြသည့် မွမ်ဘိုင်းရဲများ၊ မိသားစုဝင်များနှင့် မိတ်ဆွေသူငယ်ချင်းများအား ကျေးဇူးတင်ကြောင်း လူမှုမီဒီယာတွင် ပို့စ်တင်ခဲ့သည်”
အောက်မှာ နားလည်မှုလွဲစေတဲ့ဆောင်းပါးပါဓာတ်ပုံ (ဘယ်) နဲ့ the Hindustan Times မှာ ဖော်ပြထားတဲ့ဓာတ်ပုံ (ညာ) တို့ကိုနှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။
အဓိကကျတဲ့စကားလုံးပေါင်းများစွာအသုံးပြုပြီး ရှာဖွေကြည့်တဲ့အခါ ပဉ္စမမြောက်ဓာတ်ပုံကို ၂၀၁၃ ခုနှစ်က အိန္ဒိယသရုပ်ဆောင် Jiah Khan ရဲ့ဈာပနအကြောင်းသတင်းတွေမှာ ဖော်ပြထားတာ တွေ့ရပါတယ်။
သတင်းခေါင်းစဉ်က အခုလိုဖြစ်ပါတယ်။ “ဘောလိဝုဒ်စတား Jiah Khan ကို မွမ်ဘိုင်းရှိနေအိမ်တွင် သေဆုံးလျက်တွေ့ရှိ”
ဓာတ်ပုံရည်ညွှန်းစာက အခုလိုပါ။ “၂၀၁၃ ခုနှစ်၊ ဇွန်လ ၅ ရက်၊ ဗုဒ္ဓဟူးနေ့က မွမ်ဘိုင်းရှိ Santa Cruz သုဿာန်တွင် Jiah Khan ၏ မိခင် Rabiya နှင့်ညီမဖြစ်သူတို့ ဝမ်းနည်းငိုကျွေးနေကြစဉ် ”
အောက်မှာ နားလည်မှုလွဲစေတဲ့ဓာတ်ပုံ (ဘယ်) နဲ့ The Mirror ရဲ့ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်