
ဒါဟာ ဘင်္ဂလားဒေ့ရ်ှက ရိုဟင်ဂျာဒုက္ခသည်စခန်း မီးလောင်ကျွမ်းမှုက ဗီဒီယိုသာဖြစ်
- ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 22 အောက်တိုဘာ 2021 အချိန် 07h37
- ဖတ်ရန် ကြာချိန် 1 မိနစ်
- AFP Thailand
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
ဒီဗီဒီယိုကို ၂၀၂၁ခုနှစ်၊ မတ်လ ၃၁ ရက်နေ့က Facebook ဒီလင့်ခ်မှာ မျှဝေထားပြီး ကြည့်ရှု့မှုအကြိမ်ပေါင်း ၆,၀၀၀ ကျော်ရှိနေပါတယ်။
“ဒါသဘာဝဘေးမီးမဟုတ်ဘူးနော်
လက်ညှိုးထိုးမလွဲတဲ့အဖွဲ့စီးကြောင့်ပဲဆိုတာ
ဒါကို ကမ္ဘာကြီးကသိပါစေ
မင်းအောင်လှိုင် မင်းလဲ လူလိုသေမှာမဟုတ်ပါဘူး ဘယ်ခွေးက ကိုက်သေမှာလဲ စောင့်ကြည့်နေတယ်” (မူလသတ်ပုံအတိုင်း) ဆိုပြီး ဒီပိုစ့်မှာ ပြောထားပါတယ်။
မင်းအောင်လှိုင်ဟာ မြန်မာ့တပ်မတော်ရဲ့ ဦးစီးချုပ်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပြည်သူ့အစိုးရကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဖယ်ရှားအာဏာသိမ်းပြီးနောက် ဝန်ကြီးချူပ်အဖြစ် ကိုယ်တိုင်ခန့်အပ်တာဝန်ယူခဲ့သူလည်းဖြစ်ပါတယ်။

“ဒါက မြန်မာ့တပ်မတော်က သူတို့ရဲ့ပြည်သူတွေကို ဘယ်လိုဆက်ဆံလဲဆိုတာပြတာပဲ” ဆိုပြီး ဒီပို့စ်ကို Facebook ဒီလင့်ခ်မှာ ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။
တူညီတဲ့ ပြောဆိုမှုနဲ့ ဒီဗီဒီယိုကို Facebook ဒီလင့်ခ် နဲ့ အကြိမ်ရေ ၂၄,၀၀၀ ကျော်ပြန်လည်မျှဝေမှု ရှိနေတဲ့ ဒီလင့်ခ်တွေကလည်း မျှဝေထားပါတယ်။
ဒါပေမဲ့ ဒီအဆိုဟာ အထင်အမြင်လွဲစေပါတယ်။
အဓိကကျတဲ့ စကားလုံးတွေနဲ့ Google မှာ ရှာဖွေကြည့်တဲ့အခါ ဒီဗီဒီယိုကို ၂၀၂၁ခုနှစ်၊ မတ်လထဲမှာ ဘင်္ဂလားဒေ့ရ်ှ အရှေ့တောင်ပိုင်းမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းအတွင်း မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တဲ့ အကြောင်းပြောထားတဲ့ သတင်းတွေမှာ တင်ပြထားတာ တွေ့ရပါတယ်။
ဒီဗီဒီယိုကို ဘင်္ဂလားဒေ့ရ်ှအခြေစိုက် အကောင့်ခ်တစ်ခုက ဒီလင့်ခ်မှာ ၂၀၂၁ခုနှစ်၊ မတ်လ ၂၆ ရက်နေ့က မျှဝေထားတာ တွေ့ရပါတယ်။
ဒီပိုစ့်နဲ့အတူ “ရိုဟင်ဂျာတွေရဲ့ နေအိမ်တွေကို ဘယ်သူက မီးလောင်တိုက်သွင်းခဲ့တာလဲ” ဆိုတဲ့စာသားကိုလည်း တွေ့ရပါတယ်။
အောက်မှာ နားလည်မှုလွဲစေတဲ့ပိုစ့်က ဗီဒီယို (ဘယ်) ကို ဘင်္ဂလားဒေ့ရ်ှ ဗီဒီယို(ညာ) နဲ့ နှိုင်းယှဥ်ထားတဲ့ Screenshot ကိုတွေ့နိုင်ပါတယ်။

၂၀၂၁ ခုနှစ်၊ မတ်လက ကော့ဘဇားမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်း မီးလောင်ခဲ့တဲ့အကြောင်းကို AFP က ဒီလင့်ခ်မှာ တင်ပြထားပါတယ်။
ဒီသတင်းရဲ့ ခေါင်းစဥ်ကိုတော့ “ဘင်္ဂလားဒေ့ရ်ှက ရိုဟင်ဂျာဒုက္ခသည်စခန်း မီးလောင်ကျွမ်းမှုကြောင့် ထောင်နဲ့ချီထွက်ပြေးတိမ်းရှောင်” ဆိုပြီး တွေ့ရပါတယ်။
“ဧကပေါင်း ၈၀၀၀ ခန့်အကျယ်အဝန်းရှိသည့် ရိုဟင်ဂျာဒုက္ခသည် စခန်းပေါင်း ၃၄ ခုထဲမှ စခန်းတစ်ခုတွင် တနင်္လာနေ့က မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး အနီးအနားရှိ ဒုက္ခသည်စခန်း သုံးခုသို့ပျံ့နှံ့ခဲ့ကြောင်းနှင့် ဒုက္ခသည် အများအပြားဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရကြောင်း တာဝန်ရှိသူများကဆိုသည်” ဆိုပြီး ဒီဆောင်းပါးမှာ ရေးသားထားပါတယ်။
“ဒါက မတော်တဆမှုတစ်ခုပါ။ ဒီမီးဟာ ဒုက္ခသည်စခန်းတစ်ခုက မီးဖိုတစ်ခုက စတင်ခဲ့တာဖြစ်ပြီး အနီးအနားက ဂတ်စ်အိုးတွေကြောင့် ပျံ့နှံ့မှု မြန်ဆန်ခဲ့တာဖြစ်ပါတယ်။” လို့ Ukhia မီးသတ်စခန်းက တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Mohammad Imdadul Hoque က AFP ကို အောက်တိုဘာလ ၉ ရက်နေ့မှာ ပြောပါတယ်။
ဒီဗီဒီယိုထဲက ပုံရိပ်တွေဟာ Ukhia က ဒုက္ခသည်စခန်းမီးလောင်ကျွမ်းမှုနောက်ပိုင်းမှာ ရိုက်ကူးထားတဲ့ AFP ရဲ့ ဓာတ်ပုံတွေဖြစ်တဲ့ ဒီလင့်ခ်၊ ဒီလင့်ခ်တွေနဲ့ ကိုက်ညီမှုရှိနေပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်