ရွှေတိဂုံဘုရားပေါ်ကဆန္ဒပြပွဲလို့ ပြောဆိုထားတဲ့ လုပ်ကြံပြင်ဆင်ထားတဲ့ဓာတ်ပုံ အွန်လိုင်းပေါ် ပျံ့နှံ့

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 27 အောက်တိုဘာ 2021 အချိန် 06h27
  • ဖတ်ရန် ကြာချိန် 1 မိနစ်
  • AFP ထိုင်း
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှာကျရောက်တဲ့ သီတင်းကျွတ်ပွဲတော်ရက်မှာ လူအများအပြားက တပ်မတော်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ရွှေတိဂုံဘုရားပေါ်မှာ ပြုလုပ်ခဲ့တယ်လို့ ပြောဆိုထားတဲ့ ဓာတ်ပုံတစ်ပုံကို Facebook ပို့စ်တစ်ခုက မျှဝေထားပြီး အကြိမ်ရေ ရာနဲ့ချီပြန်လည်မျှဝေမှုရှိနေပါတယ်။ ဒါပေမဲ့ ဒီဓာတ်ပုံဟာ ဖေဖော်ဝါရီလက မြန်မာ့မီးရထားဝန်ထမ်းတွေရဲ့ တပ်မတော်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြပွဲပြုလုပ်ခဲ့တုန်းကပုံကို လုပ်ကြံပြုပြင်ထားတဲ့ ဓာတ်ပုံသာဖြစ်ပါတယ်။

ဒီဓာတ်ပုံကို ၂၀၂၁ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့မှာ Facebook ဒီလင့်ခ်က မျှဝေထားပြီး အကြိမ်ပေါင်း ၁,၉၀၀ ကျော် ပြန်လည်မျှဝေမှုရှိနေပါတယ်။

ဝါတွင်းသုံးလအပြီး မြန်မာနိုင်ငံမှာ ကျင်းပတဲ့ ပွဲတော်တစ်ခုဖြစ်တဲ့ သီတင်းကျွတ်ပွဲတော်ရက်က ရွှေတိဂုံဘုရားပေါ်မှာ အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲ ပြုလုပ်ခဲ့တာကိုပြတဲ့ဓာတ်ပုံဆိုပြီး ဒီပို့စ်ကဆိုထားပါတယ်။

“ရွှေတိဂုံစေတီတော်ပေါ်တွင် စစ်အာဏာရှင်အလိုမရှိကြောင်း သီတင်းကျွတ်လပြည့်နေ့၌ အင်အားအလုံးအရင်းဖြင့် ဆန္ဒပြ” ဆိုတဲ့ စာသားကိုလည်း ဓာတ်ပုံနဲ့အတူတွေ့ရပါတယ်။

Image
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့မှာ ရယူထားတဲ့ နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ Screenshot

ဖေဖော်ဝါရီလထဲမှာ တပ်မတော်က ပြည့်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အစိုးရကို ပယ်ဖျက်အာဏာသိမ်းယူပြီး အတိုက်အခံများကို ပြင်းပြင်းထန်ထန်ဖြိုခွင်းခဲ့တဲ့နောက်မှာ သိန်းနဲ့ချီတဲ့ပြည်သူတွေက တပ်မတော်ကို လမ်းပေါ်ထွက် ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။

တူညီတဲ့ပြောဆိုမှုနဲ့ ဒီဓာတ်ပုံကို Facebook ဒီလင့်ခ်ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေမှာ ပြန်လည်မျှဝေထားပါတယ်။

ဒါပေမဲ့ ဒီဓာတ်ပုံဟာ လုပ်ကြံဖန်တီးထားတဲ့ ဓာတ်ပုံဖြစ်ပါတယ်။

Google ဓာတ်ပုံရာဇဝင် ရှာကြည့်တဲ့အခါမှာ မူရင်းဓာတ်ပုံကို AFP က ဖေဖော်ဝါရီလ မီးရထားဝန်ထမ်းတွေရဲ့ တပ်မတော်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲက ရယူခဲ့တာတွေ့ရပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ အဖမ်းဆီးခံ မြန်မာ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်ရေးနှင့် အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြပွဲတွင် မီးရထားဝန်ထမ်းများ ပါဝင်ခဲ့” ဆိုပြီး ဓာတ်ပုံနဲ့အတူစာသားကိုလည်း ဖော်ပြထားပါတယ်။ 

အောက်မှာနားလည်မှုလွဲစေတဲ့ပို့စ်က ဓာတ်ပုံ (ဘယ်) နဲ့ မူရင်းဓာတ်ပုံ (ညာ) ကို နှိုင်းယှဥ်ထားတဲ့ Screenshot ကို တွေ့နိုင်ပါတယ်။

Image
နားလည်မှုလွဲစေတဲ့ပို့စ်က ဓာတ်ပုံ (ဘယ်) နဲ့ မူရင်းဓာတ်ပုံ (ညာ) ကို နှိုင်းယှဥ်ထားတဲ့ Screenshot

ဒီမူရင်းဓာတ်ပုံကို South China Morning Post ကလည်း ၂၀၂၁ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့မှာ မီးရထားဝန်ထမ်းတွေက ပြုလုပ်တဲ့ အာဏာသိမ်းဆန့်ကျင် ဆန္ဒပြပွဲအကြောင်းကို ရေးသားထားတဲ့ ဆောင်းပါးတစ်ခုမှာ ဖော်ပြထားပါတယ်။

ဆန္ဒပြပွဲဖြစ်ပွားခဲ့တဲ့ ရန်ကုန်မြို့လယ်ကနေရာကို ဒီ Google Street View ဓာတ်ပုံထဲမှာ တွေ့နိုင်ပါတယ်။

အောက်တိုဘာလ ၂၀ ရက်နေ့က ရွှေတိဂုံဘုရားပေါ်မှာ ဆန္ဒပြပွဲတွေပြုလုပ်ခဲ့တယ်ဆိုတဲ့ ခိုင်လုံတဲ့သတင်းတွေ မရှိခဲ့ပါဘူး။ 

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်