This handout from Myanmar's Ministry of Information taken and released on April 13, 2020 shows Myanmar's State Counsellor Aung San Suu Kyi talking to government officials from the Yangon region via a video conference from the presidential house in Naypyidaw during a television programme aimed at combating the spread of the COVID-19 novel coronavirus. (Photo by Handout / Myanmar's Ministry of Information (MOI) / AFP) / -----EDITORS NOTE --- RESTRICTED TO EDITORIAL USE - MANDATORY CREDIT AFP PHOTO / MYANMAR'S MINISTRY OF INFORMATION - NO MARKETING - NO ADVERTISING CAMPAIGNS - DISTRIBUTED AS A SERVICE TO CLIENTS (AFP / Handout)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖေ့စ်ဘွတ်ပို့စ်တွေမှာ ဝေဖန်ရေးသားသူတွေရဲ့အကောင့်တွေကို အလိုအလျောက်ဖျက်သိမ်းမယ်ဆိုတဲ့ သတင်းမှားပျံ့နှံ့

မူပိုင် AFP ၂၀၁၇-၂၀၂၃ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖေ့စ်ဘွတ်ပို့စ်တွေအောက်မှာ ဝေဖန်ရေးသားတဲ့အကောင့်တွေကို ဖေ့စ်ဘွတ်အနေနဲ့ အလိုအလျောက်ဖျက်သိမ်းသွားမယ့်အစီအစဉ် ဖေ့စ်ဘွတ်စီအီးအို မာ့ခ်ဇူကာဘတ်က ကြေညာလိုက်တယ်ဆိုတဲ့ သတင်းတစ်ရပ် အွန်လိုင်းမှာ ပျံ့နှံ့နေပြီး အဲဒီသတင်းကို ပြန်လည်မျှဝေသူ ထောင်နဲ့ချီ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီသတင်းက မှားယွင်းနေပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖေ့စ်ဘွတ်ပို့စ်တွေအောက်မှာ ဝေဖန်ရေးသားမှုတွေအတွက် ဘယ်အကောင့်ကိုမှ ဖျက်သိမ်းသွားမှာ မဟုတ်ဘူးလို့ ဖေ့စ်ဘွတ်က ဇွန်လ ၂၅ ရက်နေ့တုန်းက ပြောပါတယ်။ ဇွန်လ ၂၉ ရက်နေ့အထိလည်း အခုလိုပျံ့နှံ့နေတဲ့သတင်းမှာပါသလိုမျိုး ဖေ့စ်ဘွတ်က တရားဝင်ကြေညာထားတာမျိုး မရှိပါဘူး။

အဲဒီသတင်းကို ၂၀၂၀ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့တုန်းက သတင်းဝက်ဘ်ဆိုဒ်တစ်ခုရဲ့ ဒီလင့်ခ်မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။ ဒီသတင်းကိုပဲ ဖေ့စ်ဘွတ်ရဲ့ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ အကြိမ်ရေ ထောင်နဲ့ချီ ပြန်လည် မျှဝေခဲ့ကြတာပါ။

thutanews.com ရှိ အထင်မြင်လွဲမှားစေသောပို့စ်ကို ၂၀၂၀၊ ဇွန်လ ၁၆ က ရယူထားသည့် screenshot

သတင်းခေါင်းစဉ်မှာ “ဒေါ်အောင်ဆန်းစုကြည့်အကောင့်နဲ့ပတ်သက်လို့ ရိုင်းစိုင်းစော်ကားမ့ှုတွေ ရှိလာပါက Auto ပျက်ကြစနစ်ထည့်ပေးသွားမယ့်မာ့ခ်ဇူကာဘက်” ဆိုပြီး ရေးထားပါတယ်။

သတင်းမှာရေးထားတဲ့ စာသားတချို့မှာလည်း “အမေ ဒေါ်အောင်ဆန်းစုကြည်အကောင့်နဲ့ ပတ်သတ်လို့ ရိုင်းစိုင်းစော်ကားမှုတွေ ရှိလာပါက Auto ပျက်ကြစနစ်ထည့်ပေးထားသွားမယ်လို့ Product team Facebook CEO မာ့ခ်ဇူကာဘက်မှ ယ‌မန်နေ့ US စံတော်ချိန် ည ၈:၀၀ တွင် ထုပ်ပြန်ခဲ့သည်” ဆိုပြီး ပါရှိပါတယ်။

ဧပြီလ ၁ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားဝင်ဖေ့စ်ဘွတ်အကောင့် ဖွင့်လိုက်တာဖြစ်ပြီး အဲဒီကနေ ရက်ပိုင်းအကြာမှာ ဒီလိုသတင်း ပျံ့နှံ့လာခဲ့တာဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကာလမှာ အများပြည်သူနဲ့ ဆက်ဆံရေး ပိုပြီး တိုးမြှင့်ဖို့ ရည်ရွယ်ပြီး ဖေ့စ်ဘွတ်အကောင့်ဖွင့်လိုက်တာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုထားပါတယ်။

ဒါပေမယ့် ဒီပို့စ်ပါဖော်ပြချက်တွေက မှားယွင်းပါတယ်။ 

“မြန်မာနိုင်ငံရဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ပုတ်ခတ်ဝေဖန်တဲ့အကောင့်တွေ အော်တိုပျက်ကျမယ့်စနစ် ထည့်မယ်ဆိုတာ မဟုတ်ပါဘူး” ဆိုပြီး ဖေ့စ်ဘွတ်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ၂၀၂၀ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့မှာ AFP ကို အီးမေးလ်ကနေ ပြောခဲ့ပါတယ်။

ဖေ့စ်ဘွတ်ကနေ ချမှတ်ထားတဲ့ စည်းကမ်းတွေကို ချိုးဖောက်တဲ့ ပို့စ်တွေကိုပဲ ဖေ့စ်ဘွတ်ကနေ ဖယ်ရှားတာဖြစ်တယ်လို့လည်း ပြောခွင့်ရပုဂ္ဂိုလ်က ထပ်လောင်း ဖြေကြားခဲ့ပါတယ်။  

“ကျွန်တော်တို့ချမှတ်ထားတဲ့ လူမှုအသိုင်းအဝန်းစံနှုန်းတွေ (Community Standards) အရ အမုန်းစကားတွေနဲ့ အနိုင်ကျင့်စော်ကားပြောဆိုတာတွေလိုမျိုး ဖြစ်စဉ်တွေနဲ့ပတ်သက်ရင် ကျွန်တော်တို့ရဲ့ ရပ်တည်ချက်က ရှင်းပါတယ်။ ဒီလိုအကြောင်းအရာမျိုးတွေကို ဖေ့စ်ဘွတ်ပေါ်မှာ လက်မခံပါဘူး။ ကျွန်တော်တို့ ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို ချိုးဖောက်တဲ့ကိစ္စတွေမှာ မိမိဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို မှားယွင်းစွာဖော်ပြထားတာမျိုး ဒါမှမဟုတ် တခြားလူတစ်ဦးတစ်ယောက်အယောင်ဆောင်တာမျိုး စတဲ့ကိစ္စမျိုးတွေလည်း ပါပါတယ်။ ဒီလိုချိုးဖောက်တဲ့အခါ အကျိုးသက်ရောက်မှု ဘယ်လောက်အထိ ဆိုးရွားလဲ၊ ဖေ့စ်ဘွတ်ပေါ်မှာ ဒီပုဂ္ဂိုလ်ရဲ့ မှတ်တမ်းဘယ်လိုရှိလဲဆိုတာအပေါ်မူတည်ပြီး အရေးယူတဲ့အပိုင်းမှာလည်း ကွဲပြားမှု ရှိနိုင်ပါတယ်” ဆိုပြီး ပြောခွင့်ရပုဂ္ဂိုလ်က ဆိုထားပါတယ်။ 

ဖေ့စ်ဘွတ်ရဲ့ အွန်လိုင်းသတင်းခန်းမ (Facebook’s online newsroom) မှာလည်း အခုပျံ့နှံ့နေတဲ့သတင်းမှာပါသလို ကြေညာချက် ထုတ်ပြန်ထားတာမျိုး ဇွန်လ ၂၉ ရက်နေ့အထိ မတွေ့ရှိရပါဘူး။