အမေရိကန်ပြတိုက်တစ်ခုက မြန်မာမမ်မီရုပ်အလောင်းဆိုတဲ့သတင်းမှား

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 11 ဇန်နဝါရီ 2021 အချိန် 10h14
  • အပ်ဒိတ်ရက်စွဲ 11 ဇန်နဝါရီ 2021 အချိန် 10h29
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP မြန်မာ
လွန်ခဲ့တဲ့နှစ် ၇၀၀ ကျော်က ရှေးခေတ်မင်းသားတစ်ပါးရဲ့ မမ်မီရုပ်အလောင်းလို့ဆိုထားတဲ့ ဗီဒီယိုတစ်ခုကို Facebook ပေါ်မှာ အကြိမ်ရေသိန်းနဲ့ချီ ကြည့်ရှုခဲ့ကြပါတယ်။ ဒါပေမယ့် ဒီအဆိုဟာ မှားယွင်းနေတာပါ။ ဗီဒီယိုမှာပါဝင်တဲ့ပုံရိပ်ဟာ သြစတြီးယားနိုင်ငံအနောက်ပိုင်း Tyrol ပြည်နယ်မှာရှိတဲ့ဘုရားကျောင်းတစ်ခုက ခရစ်ယာန်သူတော်စင်တစ်ပါးရဲ့ မှန်ခေါင်းတလားတစ်ခုပဲဖြစ်ပါတယ်။

အဲဒီဗီဒီယိုကို Facebook ရဲ့ ဒီလင့်ခ်မှာ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တုန်းက တင်ထားပြီး ကြည့်ရှုတဲ့အကြိမ်ရေ ၄၃၀,၀၀၀ ကျော်နဲ့ ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၄,၃၀၀ ကျော် ရှိခဲ့ပါတယ်။

Image
နားလည်မှုလွဲစေတဲ့ပို့စ်ကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့က ရယူထားတဲ့ screenshot

ဗီဒီယိုနဲ့အတူ တွဲတင်ထားတဲ့စာသားကတော့အခုလိုဖြစ်ပါတယ်။ “အမေရိကန်ရောက်နေတဲ့ မြန်မာမင်းသားတစ်ပါးရဲ့ မံမီ ရုပ်အလောင်း”

ဗီဒီယိုရဲ့အစမှာတော့ အီဂျစ်နဲ့တခြားနိုင်ငံတွေမှာ မမ်မီရုပ်အလောင်းတွေ ဘယ်လိုဘယ်ပုံစီရင်ခဲ့ကြတယ်ဆိုတဲ့အကြောင်း နောက်ခံစကားပြောနဲ့ တင်ဆက်ထားပါတယ်။ “မြန်မာနိုင်ငံမှာတော့ ဘာသာရေးဓလေ့ထုံးတမ်းတွေအရ မမ်မီရုပ်အလောင်းပြုလုပ်ခြင်းကိုအားမပေးတဲ့အတွက် မမ်မီရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့ခြင်းမရှိပါဘူး။ ဒါပေမယ့်လည်း အမေရိကန်က ပြတိုက်တစ်ခုမှာတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ ကျော်က မြန်မာမင်းသားတစ်ပါးရဲ့ မမ်မီရုပ်အလောင်းရှိနေတယ်လို့ ယူဆကြသူတွေ ရှိနေပါတယ်။ အဲဒီမြန်မာမင်းသားရဲ့ရုပ်အလောင်းနဲ့ပတ်သက်လို့ ဒီဓာတ်ပုံတစ်ခုကိုသာ အထောက်အထားအနေနဲ့ ရှာဖွေတွေ့ရှိရပါတယ်” လို့ နောက်ခံစကားပြောသူက ဆိုပါတယ်။

ဗီဒီယိုမှာဓာတ်ပုံတစ်ပုံကို ဖော်ပြထားပြီး အဲဒီဓာတ်ပုံထဲက ရုပ်အလောင်းဟာ မြန်မာမင်းသား သီဟသူဖြစ်တယ်လို့လည်း ဆိုထားပါတယ်။ 

ဒီရုပ်အလောင်းကို ရန်ကုန်တိုင်း ဒလမြို့နယ်မှာ အမေရိကန်ရှေးဟောင်းသုတေသနပညာရှင်တစ်ဦးက ၁၉၅၀ ပြည့်နှစ်တုန်းက တွေ့ခဲ့တာလို့ ဗီဒီယိုမှာဆိုပါတယ်။

ဆေးစိမ်ထားတဲ့အလောင်းကို ရာဝင်အိုးကြီးထဲထည့်ပြီး အမေရိကန်ကိုသယ်ဆောင်သွားတယ်လို့ နောက်ခံစကားပြောသူက ဆိုပါတယ်။

အဲဒီဗီဒီယိုကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေအပြင် YouTube ရဲ့ ဒီလင့်ခ်မှာလည်း တင်ထားပါသေးတယ်။

ဒါပေမယ့် ဒီအဆိုဟာ မှားယွင်းနေတာပါ။ 

Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ အမေရိကန်ဓာတ်ပုံဝဘ်ဆိုဒ်တစ်ခုရဲ့ ဒီလင့်ခ်မှာ အဲဒီဓာတ်ပုံကိုတွေ့ရပြီး သြစတြီးယားနိုင်ငံအနောက်ပိုင်း၊ Tyrol ပြည်နယ်က ဘုရားကျောင်းတစ်ခုမှာပြသထားတဲ့ ခရစ်ယာန်သူတော်စင်တစ်ပါးလို့ ဖော်ပြထားပါတယ်။

Image
Shutterstock ဓာတ်ပုံကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့က ရယူထားတဲ့ screenshot

Stock ဓာတ်ပုံနဲ့အတူ ပါဝင်တဲ့စာသားတွေက အခုလိုဖြစ်ပါတယ်။ “ဂူသင်္ချိုင်းထဲက သူတော်စင်၊ ခရစ်ယာန်သူရဲကောင်းကို သြစတြီးယားနိုင်ငံ၊ Tyrolပြည်နယ်၊ Brixental တောင်ကြား၊ Hopfgarten im Thale မြို့၊ သူတော်စင်ယာကုတ်နှင့်သူတော်စင်လီယိုနာ့ဒ်တို့၏ ၁၇ ရာစုဘုရားကျောင်းအတွင်း မှန်ခေါင်းတစ်လားတစ်ခု၌ တွေ့ရစဉ်” 

“ဂူသင်္ချိုင်းထဲက သူတော်စင်တွေ”ရဲ့ ရုပ်အလောင်းတွေဟာ အစောပိုင်းကာလ ခရစ်ယာန်အာဇာနည်တွေလို့ ယူဆထားကြပါတယ်။ ဒီရုပ်အလောင်းတွေကို ၁၆ ရာစုမှာ ရောမဂူသင်္ချိုင်းတွေကနေ ပြန်လည်တူးဖော်ပြီး ဥရောပမြောက်ပိုင်းက ဘုရားကျောင်းတွေဆီ သယ်ဆောင်လာခဲ့ကြတာပါ။

အရိုးစုတွေဟာ ကက်သလစ်ဘုရားကျောင်းတွေရဲ့ “ပုံကြီးချဲ့မှု” တစ်ခုလို့ ယူဆကြပါတယ်။ အကြောင်းကတော့ သူတော်စင်တွေရဲ့ ရုပ်ကြွင်းတွေဟာ ပရိုတက်စတင့်ဂိုဏ်းပြန်လည်ပြုပြင်ရေးလုပ်တုန်းက ဆုံးရှုံးခဲ့ သို့မဟုတ် ဖျက်ဆီးခံခဲ့ရတယ်လို့ သမိုင်းပညာရှင်နဲ့ စာရေးဆရာ Paul Koudounaris က ၂၀၁၃ ခုနှစ်မှာ Smithsonian မဂ္ဂဇင်းနဲ့အင်တာဗျူးတစ်ခုမှာ ပြောပါတယ်။ 

အောက်မှာ နားလည်မှုလွဲစေတဲ့ဗီဒီယိုပါဓာတ်ပုံ (ဘယ်) နဲ့ Shutterstock ဝဘ်ဆိုဒ်ပါဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ဖော်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

Image

အဲဒီမှန်ခေါင်းတလားရှိနေတဲ့ဘုရားကျောင်းက ဘုန်းတော်ကြီး Sebastian Kitzbichler ကတော့ ဓာတ်ပုံပါ ခရစ်ယာန်သူတော်စင်ဟာ မိမိတို့ဘုရားကျောင်းကဖြစ်တဲ့အကြောင်း ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့မှာ AFP ကို အတည်ပြုပြောကြားပါတယ်။ ဓာတ်ပုံပါမှန်ခေါင်းတလားဟာ ဘုရားကျောင်းတော်ရဲ့ ဘယ်ဘက်အခြမ်းပင်မဆောင်မှာတည်ရှိတယ်လို့ ဘုန်းတော်ကြီးက ဆိုပါတယ်။ ဓာတ်ပုံမှာမြင်ရတဲ့ခါင်းတလားထဲက ရုပ်အလောင်းဟာ “ခရစ်ယာန်သူရဲကောင်း” ဖြစ်တယ်လို့လည်း ဘုန်းတော်ကြီးက ထပ်လောင်းပြောဆိုခဲ့ပါတယ်။

Google မြေပုံမှာလည်း ခရစ်ယာန်သူတော်စင်ကိုထည့်သွင်းထားတဲ့မှန်ခေါင်းတလားပုံရိပ်နဲ့ ထပ်တူထပ်မျှတူတဲ့ပုံရိပ်ကို ဒီလင့်ခ်မှာ AFP က ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အောက်မှာ နားလည်မှုလွဲစေတဲ့ဓာတ်ပုံပါဗီဒီယို (ဘယ်) နဲ့ Google မြေပုံမှာဖော်ပြထားတဲ့ဓာတ်ပုံ (ညာ) တို့ကိုနှိုင်းယှဉ်ဖော်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

Image

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်