၂၀၁၅ ရွေးကောက်ပွဲတုန်းက မဲစာရွက်တွေကို ၂၀၂၀ ရွေးကောက်ပွဲမဲစာရွက်တွေမီးရှို့ဖျက်ဆီးတယ်ဆိုတဲ့သတင်းမှား

မူပိုင် AFP ၂၀၁၇-၂၀၂၁ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

၂၀၂၀ ရွေးကောက်ပွဲမဲမသမာမှုသက်သေအထောက်အထားတွေဆိုတဲ့ပြောဆိုမှုနဲ့အတူ မီးလောင်ထားတဲ့မဲစာရွက်ပုံတွေကို Facebook မှာ အကြိမ်ပေါင်းများစွာ ပြန်လည်မျှဝေနေကြပါတယ်။ ဒါပေမယ့် ဒီအဆိုဟာမှားယွင်းနေတာပါ။ ပုံမှာမြင်ရတာဟာ ၂၀၁၅ ရွေးကောက်ပွဲတုန်းက မဲစာရွက်တွေကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူတွေက ရွေးကောက်ပွဲဥပဒေပါပြဋ္ဌာန်းချက်အတိုင်း ဖျက်ဆီးခဲ့တဲ့ပုံရိပ်တွေဖြစ်ပါတယ်။

Facebook မှာ ဒီဓာတ်ပုံတွေကို ကျယ်ကျယ်ပြန့်ပြန့် မျှဝေနေကြပြီး ဓာတ်ပုံထဲမှာ မီးလောင်ထားတဲ့ မဲစာရွက်အဝါရောင်တွေကို တွေ့ရပါတယ်။ ဥပမာအားဖြင့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့ကတင်ထားတဲ့ ဒီပို့စ်မျိုးဖြစ်ပါတယ်။

ပုံနဲ့အတူ တွဲတင်ထားတဲ့စာသားတွေက အခုလိုပါ။ 
“ဘယ်မြို့နယ်တော့မသိ....မဲသူခိုးတွေ
အစဖျောက်နေပြီလေ....
အဲ့ဒါ  ရာဇာဝတ်မှုဘဲ....
ခိုးတုန်းကခိုးပြီး၊ဘာအခုမှကြောက်နေရ
သလဲမဲသူခိုးတွေရေ....
Pa DaungThar.” (မူရင်းအတိုင်း)

နားလည်မှုလွဲစေတဲ့ Facebook ပို့စ်ကို ၂၀၂၁ ခုနှစ်၊ ဇန်ဝါရီလ ၅ ရက်နေ့က ရယူထားတဲ့ screenshot

တူညီတဲ့ပြောဆိုမှုတွေနဲ့ အလားတူဓာတ်ပုံတွေကို Faceook ရဲ့ ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း တင်ထားပါသေးတယ်။

ဒါပေမယ့် ဒီအဆိုတွေဟာ မှားယွင်းနေတာပါ။

-- မဲပြားအရောင် --

နားလည်မှုလွဲစေတဲ့ပုံတွေမှာမြင်ရတဲ့မဲစာရွက်တွေက အဝါရောင်တွေဖြစ်ပါတယ်။ အဝါရောင်မဲစာရွက်တွေကို ၂၀၁၅ ခုနှစ် သမိုင်းဝင်မြန်မာ့ရွေးကောက်ပွဲတုန်းက အသုံးပြုခဲ့တာပါ။

အောက်မှာ ၂၀၂၀ ရွေးကောက်ပွဲတုန်းကရိုက်ကူးထားတဲ့ AFP ဓာတ်ပုံ (ဘယ်) နဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ရိုက်ကူးထားတဲ့ AFP ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲတုန်းကရိုက်ကူးထားတဲ့ AFP ဓာတ်ပုံ (ဘယ်) နဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ရိုက်ကူးထားတဲ့ AFP ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတာဖြစ်ပါတယ်

မဲစာရွက်အရောင်ကို တခြားမီဒီယာတွေမှာ ၂၀၁၅ ခုနှစ်တုန်းက ရေးသားထားတဲ့သတင်းတွေရဲ့ ဒီလင့်ခ်ဒီလင့်ခ်နဲ့ ၂၀၂၀ ခုနှစ်တုန်းက ရေးသားထားတဲ့သတင်းတွေရဲ့ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ တွေ့နိုင်ပါတယ်။

အောက်မှာ ၂၀၂၀ ရွေးကောက်ပွဲတုန်းက ဓာတ်ပုံတွေ (ဘယ်) နဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းကဓာတ်ပုံတွေ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲတုန်းက ဓာတ်ပုံတွေ (ဘယ်) နဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းကဓာတ်ပုံတွေ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot

-- မဲပြားတွေကို တရားဝင်မီးရှို့ဖျက်ဆီး --

နားလည်မှုလွဲစေတဲ့ပို့စ်တွေမှာမြင်ရတဲ့ မဲစာရွက်တွေကို ဒေသန္တရတာဝန်ရှိသူတွေက တရားဝင်မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ မဲစာရွက်ဟောင်းတွေနဲ့ စာရွက်စာတမ်းတွေကို ဆက်လက်ထိန်းသိမ်းထားဖို့နေရာအခက်အခဲရှိတာကြောင့် အခုလိုဖျက်ဆီးရတာဖြစ်တဲ့အကြောင်း ရွေးကောက်ပွဲကော်မရှင် (UEC) အဖွဲ့ဝင်တစ်ဦးက သူ့ Facebook ရဲ့ ဒီလင့်ခ်မှာ တင်ထားပါတယ်။

တောင်ကုတ်မြို့နယ်က ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဟာ ၂၀၁၅ ရွေးကောက်ပွဲတုန်းက မဲစာရွက်တွေနဲ့ စာရွက်စာတမ်းတွေကို ဆက်လက်ထိန်းသိမ်းထားဖို့ နေရာမလုံလောက်တာကြောင့် မြန်မာ့ရွေးကောက်ပွဲဥပဒေနဲ့အညီ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

ပို့စ်ပါ စာသားတွေက အခုလိုဖြစ်ပါတယ်။ 

“တောင်ကုတ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသည် ၂၀၂၀ပြည့်နှစ်အထွေထွေရွေးကောက်ပွဲဆိုင်ရာမှတ်တမ်းများ၊စာရွက်စာတမ်းများ ထိန်းသိမ်းထားသိုရန် နေရာလိုအပ်နေပါသဖြင့်
လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၈၂(က) နှင့် နည်းဥပဒေ ၈၆(ခ) ပါ ပြဌာန်းချက်တိူ့အရ ၂၀၂၀ပြည့်နှစ်ရွေးကောက်ပွဲကျင်းပပြီးစီးသည်အထိ ထိန်းသိမ်းထားရှိပြီးဖြစ်သော ၂၀၁၅ခုနှစ်အထွေထွေရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများ၊ဆန္ဒမဲလက်မှတ်များ၊ ရွေးကောက်ပွဲဆိုင်ရာစာရွက်စာတမ်းများကို ညွှနိကြားချက်များနှင့်အညီ ဘုတ် အဖွဲ့ဖွဲ့စည်း၍ ၃၀.၁၂.၂၀၂၀ ရက်နေ့ (၁၅:၀၀) နာရီအချိန်တွင်စနစ်တကျ မီးရှို့ဖျက်စီးခဲ့ပါကြောင်း နှင့်
ယခုမီးရှို့ဖျက်ဆီးခဲ့သော ရွေးကောက်ပွဲဆိုင်ရာမှတ်တမ်းများ၊ ဆန္ဒမဲလက်မှတ်များသည် ၂၀၁၅ခုနှစ်အထွေထွေရွေးကောက်ပွဲတွင်အသုဲးပြုခဲ့သော
ဆန္ဒမဲလက်မှတ်များ၊ ရွေးကောက်ပွဲမှတ်တမ်းများနှင့်စာရွက်စာတမ်းများသာ ဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်။ (မှတ်ချက်။ video file မပါ)” (မူရင်းအတိုင်း)

တောင်ကုတ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးမြင့်လွင်က ၎င်းတို့အနေနဲ့ မဲစာရွက်တွေနဲ့ စာရွက်စာတမ်းတွေကို ရွေးကောက်ပွဲဥပဒေနဲ့အညီ ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့မှာ AFP ကို ပြောပါတယ်။ 

မီးရှို့ဖျက်ဆီးတဲ့နေရာမှာလည်း ၂၀၁၅ ရွေးကောက်ပွဲတုန်းက မဲစာရွက်တွေနဲ့စာရွက်စာတမ်းတွေဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲနဲ့သက်ဆိုင်တာတွေ တစ်ခုမှ မပါဘူးလို့ ဦးမြင့်လွင်က ထပ်လောင်းပြောဆိုထားပါတယ်။ 

“ကျွန်တော်တို့က UEC ညွှန်ကြားချက်အတိုင်း ၂၀၁၅ အထွေထွေရွေးကောက်ပွဲတုန်းက မဲစာရွက်တွေနဲ့ စာရွက်စာတမ်းတွေကို ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ မဲစာရွက်၊ စာရွက်စာတမ်းနဲ့ ဘယ်အရာကိုမှ မီးရှို့ဖျက်ဆီးတာမျိုးမရှိပါဘူး” လို့ ဦးမြင့်လွင်က ဆိုပါတယ်။