ပြင်သစ်ပန်းပုပညာရှင်ရဲ့အနုပညာလက်ရာတွေကို မြန်မာနိုင်ငံက “ငေါင်း” သတ္တဝါလို့ဆိုထားတဲ့သတင်းမှား

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 31 ဒီဇင်ဘာ 2020 အချိန် 08h16
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP မြန်မာ
မြန်မာနိုင်ငံက “ငေါင်း” သတ္တဝါလို့ဆိုတဲ့ပြောဆိုမှုနဲ့အတူ ဓာတ်ပုံ ငါးပုံကို Facebook၊ YouTube နဲ့ blog ပို့စ်တွေမှာ အကြိမ်ပေါင်းများစွာ ပြန်လည်မျှဝေနေကြပါတယ်။ ငေါင်းသတ္တဝါဟာ မြန်မာနိုင်ငံမှာရှိတဲ့သက်ရှိသတ္တဝါလို့ မြန်မာတော်တော်များများက ယူဆထားကြတဲ့ ဒဏ္ဍာရီဆန်ဆန်သတ္တဝါတစ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် ဒီအဆိုဟာ မှားယွင်းနေတာပါ။ ပုံမှာမြင်ရတာဟာ တကယ်တော့ ၂၀၁၆ ခုနှစ်တုန်းက ပြင်သစ်နိုင်ငံ၊ သဘာဝဘေးမဲ့ဥယျာဉ်တစ်ခုမှာ ပြင်သစ်အနုပညာရှင်တစ်ဦး ဖန်တီးထားတဲ့အနုပညာလက်ရာတွေဖြစ်ပါတယ်။

ဒီဓာတ်ပုံတွေကို blog တစ်ခုမှာဖော်ပြထားတာဖြစ်ပြီး အဲဒီ blog ပို့စ်ကို Facebook ရဲ့ ဒီလင့်ခ်မှာ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ တင်ထားတာဖြစ်ပါတယ်။ အဲဒီပို့စ်ကို ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၂၀၈ ကြိမ် ရှိခဲ့ပါတယ်။

Image
(နားလည်မှုလွဲစေတဲ့ပို့စ်ကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့က ရယူထားတဲ့ screenshot)

ပို့စ်ရဲ့ခေါင်းစဉ်က အခုလိုဖြစ်ပါတယ်။ “မြန်မာနိုင်ငံမှာ မျိုးတုန်းပျောက်ကွယ်သွားပြီဖြစ်တဲ့ ငေါင်း(လူချိတ်ကောက်) အကြောင်း”

ပို့စ်ပါစာသားတချို့ကတော့ အခုလိုပါ။ “ငေါင်း၏ပုံစံသည် အလွန် ထူးဆန်းသည်။ငေါင်းကို ရုတ်တရက် တွေ့လိုက်လျှင်လူပုံစံနှင့်များစွာဆင်တူသည်။

ငေါင်းသည် ခြေတစ်ချောင်းသာပါရှိပြီး ထိုခြေထောက်ကိုထောက်လျှက် ခုန်ဆွခုန်ဆွသွားသည်။ငေါင်းခေါင်း၏နောက်စေ့၌ပေါက်ချွန်းကဲ့သို့သော အချွန် အမောက်တစ်ခုပါဝင်သည်။ထို အချွန် အတက်ဖြင့် သစ်ပင်ကြီးများ၌ချိတ်၍ နေတက်သည်။

ခါးတစ်ဆစ် ခြေမျက်စိ တစ်ဆစ် နှစ်ဆစ်သာပါ၏၊ ခြေတဆစ်လက်တဆစ်သာရှိသောကြောင့် လူကဲ့သို့ ကွေး၍မရချေ။ သို့သော်အလွန်အပြေးသန်သည်။ ကမ္ဘာပေါ်တွင် အပြေးအသန်ဆုံးဖြစ်သည်ဟုသိရသည် ။

(ပုံထဲကအကောင်ကတော့ခြေနှစ်ချောင်းပါဝင်ပြီးဒူးကွေးလို့ရတာကိုတွေ့ရပါတယ်။ဒါကြောင့်ငေါင်း(သို့)မျိုးနွယ်ကွဲသာဖြစ်ပါလိမ့်မယ်)” (မူရင်းရေးသားချက်အတိုင်း)

တူညီတဲ့ပြောဆိုမှုနဲ့ အလားတူပို့စ်တွေကို Facebook ရဲ့ ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်၊ ဝက်ဘ်ဆိုဒ်အမျိုးမျိုးရဲ့ ဒီလင့်ခ်နဲ့ ဒီလင့်ခ်အပြင် YouTube ရဲ့ ဒီလင့်ခ်နဲ့ ဒီလင့်ခ် တွေမှာလည်း ပြန်လည်မျှဝေခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့် ဒီအဆိုဟာ မှားယွင်းနေတာပါ။ 

Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ဒီဓာတ်ပုံမှာမြင်ရတဲ့အရာတွေဟာ ၂၀၁၆ ခုနှစ်တုန်းက ပြင်သစ်ပန်းပုပညာရှင် Sophie Prestigiacomo ဖန်တီးထားတဲ့ ပန်းပုလက်ရာတွေဖြစ်နေတာတွေ့ရပါတယ်။ အဲဒီဓာတ်ပုံတွေကို Prestigiacomo ရဲ့ဝက်ဘ်ဆိုဒ် ဒီလင့်ခ်နဲ့ သူ့ရဲ့ဓာတ်ပုံတွေကိုစုစည်းထားတဲ့ Facebook ပေ့ချ်တွေရဲ့ ဒီလင့်ခ်နဲ့ဒီလင့်ခ်မှာလည်း တွေ့နိုင်ပါတယ်။ 

အဲဒီပို့စ်တွေရဲ့ ညွှန်းဆိုချက်အရ ပုံပါရုပ်တုတွေကို ရေညှိရေမှော်နဲ့ရွှံ့တွေအသုံးပြုပြီး ဖန်တီးထားတဲ့အကြောင်းနဲ့ ပြင်သစ်နိုင်ငံ Morbihan ကမ်းရိုးတန်းပေါ်က Marshes Nature Reserve of Séné မှာ ပြသထားခဲ့တယ်ဆိုတဲ့အကြောင်း သိရပါတယ်။

အောက်မှာ နားလည်မှုလွဲစေတဲ့ Facebook ပို့စ်ပါဓာတ်ပုံတွေ (ဘယ်) နဲ့ Prestigiacomo ရဲ့ အနုပညာလက်ရာတွေကိုစုစည်းဖော်ပြထားတဲ့ Facebook ပို့စ်ပါဓာတ်ပုံတွေ (ညာ) တို့ကိုနှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

Image
နားလည်မှုလွဲစေတဲ့ Facebook ပို့စ်ပါဓာတ်ပုံတွေ (ဘယ်) နဲ့ Prestigiacomo ရဲ့ အနုပညာလက်ရာတွေကိုစုစည်းဖော်ပြထားတဲ့ Facebook ပို့စ်ပါဓာတ်ပုံတွေ (ညာ) တို့ကိုနှိုင်းယှဉ်ပြထားတဲ့ screenshot

အဓိကကျတဲ့စကားလုံးတွေသုံးပြီး ထပ်မံရှာဖွေကြည့်တဲ့အခါ ဒေသန္တရရေဒီယိုဌာနတစ်ခုဖြစ်တဲ့ France Info မှာ ဒီပန်းပုပြပွဲနဲ့ပတ်သက်လို့ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တုန်းက ရေးထားတဲ့သတင်းတစ်ပုဒ်ကို ဒီလင့်ခ်မှာ တွေ့ရပါတယ်။

ပြင်သစ်ဘာသာစကားနဲ့ရေးထားတဲ့ သတင်းခေါင်းစဉ်က အခုလိုဖြစ်ပါတယ်။ “Séné စိမ့်တောမှာတွေ့ရတဲ့ ထူးဆန်းတဲ့ Homo Algus ပြပွဲ” 

“အများပြည်သူရဲ့ ဝိုင်းဝန်းထည့်ဝင်မှုကြောင့် သူ(ပန်းပုပညာရှင်) ဟာ သူ့ရဲ့အနုပညာလက်ရာတွေကို သူ့ခင်ပွန်းရဲ့အကူအညီအနဲ့အတူ အသက်သွင်းနိုင်ခဲ့ပါတယ်။ သူ့ခင်ပွန်းကလည်း အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ ဖန်တီးထားတဲ့ ဒီအရာတွေဟာ ရွှံ့တွေ၊ ရေမှော်တွေကြားထဲက ပေါက်ဖွားလာတာလည်းဖြစ်ပါတယ်” 

Image
France Info သတင်းရဲ့ screenshot

၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှာလည်း France Info က Prestigiacomo နဲ့ သူ့ရဲ့ပန်းပုလက်ရာပြပွဲအကြောင်းသတင်းဗီဒီယိုကို YouTube ရဲ့ ဒီလင့်ခ်မှာ တင်ထားပါသေးတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်