ဗီယက်နမ်မြွေခြံကဓာတ်ပုံတွေကို မှော်ဘီမြို့ကစိုက်ခင်းတစ်ခုမှာတွေ့တယ်ဆိုတဲ့သတင်းမှား

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 24 ဒီဇင်ဘာ 2020 အချိန် 07h35
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP မြန်မာ
မြန်မာနိုင်ငံက စိုက်ခင်းတစ်ခုမှာတွေ့တဲ့မြွေတွေဆိုပြီး ပြောဆိုမှုနဲ့အတူ ဓာတ်ပုံသုံးပုံကို Facebook ပေါ်မှာ အကြိမ်ရေထောင်နဲ့ချီ ပြန်လည်မျှဝေနေကြတာဖြစ်ပါတယ်။ အဲဒီပို့စ်တွေမှာတင်ထားတဲ့ဓာတ်ပုံတွေကို ပြန်လည်မျှဝေကြဖို့လည်း တိုက်တွန်းထားပါသေးတယ်။ မြွေတွေကို တွေ့ခဲ့တဲ့ဇနီးမောင်နှံလည်း သိပ်မကြာခင်မှာ ထီပေါက်ခဲ့တယ်လို့ အဲဒီပို့စ်တွေမှာ ဆိုပါတယ်။ ဒါပေမယ့် ဒီအဆိုဟာ မှားယွင်းနေတာပါ။ ဒီဓာတ်ပုံတွေဟာ ၂၀၁၄ ခုနှစ်ကတည်းက ဗီယက်နမ်နိုင်ငံ၊ Dong Tam မြွေခြံအကြာင်း သတင်းတွေမှာ ပျံ့နှံ့နေခဲ့တာဖြစ်ပါတယ်။ AFP ရဲ့ စိစစ်ရှာဖွေမှုအရ နားလည်မှုလွဲစေတဲ့ပို့စ်တွေမှာပါဝင်တဲ့ကျေးရွာနာမည်ဟာ မြန်မာနိုင်ငံမှာ မရှိပါဘူး။

အဲဒီပို့စ်ကို ၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့တုန်းက Facebook ရဲ့ ဒီလင့်ခ်မှာ တင်ထားတာဖြစ်ပြီး ပြန်လည်မျှဝေသူ ၂၅,၀၀၀ ကျော် ရှိခဲ့ပါတယ်။

Image
၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့တုန်းက ရယူထားတဲ့ နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ screenshot

ပို့စ်ပါစာသားတွေက အခုလိုဖြစ်ပါတယ်။ “ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့၊ ပကရောက်ကျေးရွားအုပ်စု၊ မရှာဘိကျေးရွာရှိ ဟင်းသီးဟင်းရွက်စိုက်တောင်သူ ဦးကွယ်လွယ်ထူး၏ စိုက်ခင်းအတွင်းရှိ သပြေပင်တွင် ပုံတွင်မြင်တွေ့ရသည့်အတိုင်း အစိမ်းရောင်မြွေများအုပ်စုလိုက် လာရောက်နေထိုင်ကြကြောင်းတွေ့ရှိရစဉ်။ တောင်သူ ဦးကွယ်လွယ်ထူးမှ " မြွေတွေဘယ်က ဘယ်လိုရောက်လာတယ်ဆိုတာတော့မသိပါဘူး ဒါပေမယ့် ခြံထဲကိုရောက်လာချိန်ကတည်းက ကျနော်ဇနီးက နွားနို့နေ့စဉ်တိုက်ပေးပါတယ်။ ဟုတ်ကဲ့ ဘာတွေထူးခြားလဲဆိုတော့ မြွေတွေရောက်လာပြီး ၁လကြာတဲ့အခါ သိန်း တစ်သောင်းထီပေါက်ပါတယ်။ ပြီးတော့ မြွေတွေကို အစာလာကြွေးတဲ့လူတွေဆိုရင်လည်း ထီပေါက်၊ ချဲပေါက်ကြ၊ ကံစမ်းမဲတွေပေါက်ကြပါတယ်။ အခုနောက်ပိုင်း ဖေ့ဘုတ်ခေတ်ဆိုတော့ ဖေ့ဘုတ်ပေါ်မှာလဲ ရှယ်ကြပြုကြလုပ်ကြပါတယ်။ ထူးခြားတာက ရှယ်တဲ့လူတွေ မြွေလို့ ကော်မက်ရေးတဲ့လူတွေပါ ထီတွေ၊ ချဲတွေ ပေါက်ကြတာပါပဲ။

ရွှေမြန်မာတို့ရေ.. ယုံကြည်မှုအပြည့်နဲ့ မြွေလို့ ကော်မက်ရေးပြီး လိုရာစုတောင်းခဲ့ကြနော်။ နောက်လူတွေများများသိရအောင်လည်း ရှယ်ပေးကြပါနော်။ မြွေအစွမ်းဖြင့် ရွှေမြန်မာတွေချမ်းသာရမည်” (မူရင်းအတိုင်း)

တူညီတဲ့ပြောဆိုမှုတွေနဲ့ အလားတူပို့စ်တွေကို ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ တင်ထားပါသေးတယ်။

ဒါပေမယ့် ဒီအဆိုဟာ မှားယွင်းပါတယ်။ 

အဓိကကျတဲ့စကားလုံးတွေအသုံးပြုပြီးရှာဖွေကြည့်တဲ့အခါ “မရှာဘိကျေးရွာ” နဲ့ “ပကရောက်ကျေးရွာအုပ်စု” ဟာ ရန်ကုန်တိုင်း၊ မှော်ဘီမြို့တင်မဟုတ်ဘဲ မြန်မာနိုင်ငံက ဘယ်နေရာမှာမှ ရှိမနေပါဘူး။

အမှန်တော့ စကားလိမ်နဲ့ပြောထားတာဖြစ်ပြီး “မရှာဘိ” ဆိုတာ “မရှိပါ”၊ “ပကရောက်” ဆိုတာဟာ “ပေါက်ကရ” လို့ ဆိုလိုတာပဲဖြစ်ပါတယ်။ 

ဒီဓာတ်ပုံတွေဟာ ၂၀၁၄ ခုနှစ်ကတည်းက ဗီယက်နမ်၊ Dong Tam မြွေခြံ အကြောင်း ခရီးသွား review တွေမှာ ပျံ့နှံ့နေခဲ့တာဖြစ်ပါတယ်။

ပထမဓာတ်ပုံ

Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ပထမဓာတ်ပုံကို ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်နေ့တုန်းက ရုရှားဘာသာစကားဝဘ်ဆိုဒ် Вьетнам ရဲ့ ဒီလင့်ခ်မှာ တင်ထားတာတွေ့ရပါတယ်။

ရုရှားဘာသာစကားနဲ့ရေးထားတဲ့စာစုပါစာသားတွေကတော့ အခုလိုဖြစ်ပါတယ်။ “Dong Tam မြွေခြံဟာ Tian Jiang ပြည်နယ်၊ Chau Thanh ခရိုင်မှာတည်ရှိပါတယ်။ Moy Tho မြို့လယ်ကနေဆို ၁၂ ကီလိုမီတာအကွာမှာရှိနေတာပါ။ ဒီမြွေခြံဟာ ကမ္ဘာ့အကြီးဆုံးမြွေခြံတစ်ခုအနေနဲ့ သတ်မှတ်ခံထားရပြီး ပြည်တွင်းသုံးဖို့နဲ့ ပြည်ပကို တင်ပို့ဖို့ မြွေဆိပ်တွေ ထုတ်လုပ်လျက်ရှိပါတယ်။ ဒီခြံမှာ မြွေမျိုးစိတ်ပေါင်း ၅၀ ကျော်ရှိတယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာတော့ ဒီမြွေခြံကို စစ်တပ်က တာဝန်ယူဆောင်ရွက်နေပြီး မြွေတွေအပြင် မိကျောင်း၊ ဝက်ဝံ၊ လိပ်၊ သိုးနဲ့ ငှက်ကုလားအုပ်မျိုးစိတ်တွေလည်း ရှိပါတယ်။ အမေရိကန်နဲ့စစ်ဖြစ်တုန်းက မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသမှာ Agent Orange လို့ခေါ်တဲ့ဓာတုဓာတ်ပေါင်းတွေ ဖြန်းခဲ့တဲ့အကျိုးဆက်ကြောင့် သန္ဓေပြောင်းလဲဖြစ်ပေါ်နေတဲ့တိရစ္ဆာန်တွေလည်း ရှိနေပါတယ်”  

အဓိကကျတဲ့စကားလုံးတွေသုံးပြီး Google မှာ ရှာဖွေကြည့်တဲ့အခါ ပထမဓာတ်ပုံကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာလည်း ဖော်ပြခဲ့ဖူးတာ တွေ့ရပါတယ်။

အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်ပါဓာတ်ပုံ (ဘယ်) နဲ့ Вьетнам ဝဘ်ဆိုဒ်မှာတင်ထားတဲ့ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

Image
နားလည်မှုလွဲစေတဲ့ပို့စ်ပါဓာတ်ပုံ (ဘယ်) နဲ့ Вьетнам ဝဘ်ဆိုဒ်မှာတင်ထားတဲ့ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot

ဒုတိယဓာတ်ပုံ

Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ဒုတိယဓာတ်ပုံကို ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့တုန်းက VisaVietnam ဝဘ်ဆိုဒ်ရဲ့ ဒီလင့်ခ်မှာတင်ထားတာ တွေ့ရပါတယ်။

ဆောင်းပါးပါ စာသားတချို့က အခုလိုဖြစ်ပါတယ်။ “Dong Tam မြွေခြံဟာ ဗီယက်နမ်ရဲ့ အကြီးဆုံးမြွေမွေးမြူရေးခြံတစ်ခြံဖြစ်ပြီး ပြည်တွင်းနဲ့ပြည်ပကို တင်ပို့ဖို့ မြွေဆိပ်တွေကို ထုတ်လုပ်လျက်ရှိပါတယ်။ ဒီမြွေခြံမှာ မြွေမျိုးစိတ်ပေါင်း ၅၀ ကျော်ရှိနေပါတယ်။ အကျယ် ၁၂ ဟက်တာရှိတဲ့ခြံကို မြွေနဲ့ပတ်သက်လို့ကျွမ်းကျင်တဲ့ ဗီယက်နမ်စစ်သားဟောင်း Tran Van Duoc က တည်ထောင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ မြွေခြံကို ဗီယက်နမ်စစ်တပ်က ထိန်းသိမ်းပေးထားပြီး မြွေတွေအပြင် မိကျောင်း၊ ဝက်ဝံ၊ လိပ်၊ သိုးနဲ့ ငှက်ကုလားအုပ်တွေလည်း ထားရှိပါတယ်” 

အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်ပါ ဓာတ်ပုံ (ဘယ်) နဲ့ VisaVietnam ဝဘ်ဆိုဒ်ပါဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။ 

Image
နားလည်မှုလွဲစေတဲ့ပို့စ်ပါ ဓာတ်ပုံ (ဘယ်) နဲ့ VisaVietnam ဝဘ်ဆိုဒ်ပါဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot

တတိယဓာတ်ပုံ

နားလည်မှုလွဲစေတဲ့ပို့စ်ပါတတိယဓာတ်ပုံကတော့ ပြန်လည်ပြုပြင်ထားတဲ့ပုံဖြစ်ဖွယ်ရှိပါတယ်။ ဓာတ်ပုံရဲ့ဘယ်ဖက်ပါအမျိုးသမီးပုံဟာ နားလည်မှုလွဲစေတဲ့ပို့စ်ပါဒုတိယဓာတ်ပုံပေါ်ကို ဒီဂျစ်တယ်နည်းပညာနဲ့ထပ်အုပ်ပြီး ပြုပြင်ထားတာ တွေ့ရပါတယ်။

Image
နားလည်မှုလွဲစေတဲ့ပို့စ်ပါဓာတ်ပုံ (ဘယ်) နဲ့ ဒုတိယဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot

 

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်