ယခုနှစ် ထိုင်ဝမ်မှာငလျင်လှုပ်ပြီးမြင်ရတဲ့ပုံရိပ်တွေလို့ဆိုထားတဲ့သတင်းမှား

မူပိုင် AFP ၂၀၁၇-၂၀၂၂ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလတုန်းက ထိုင်ဝမ်မှာငလျင်လှုပ်ခတ်ပြီးမြင်ရတဲ့ပုံရိပ်တွေဆိုတဲ့ပြောဆိုမှုနဲ့အတူ ဓာတ်ပုံလေးပုံကို Facebook ပေါ်မှာ အကြိမ်ရေရာနဲ့ချီ ပြန်လည်မျှဝေခဲ့ကြပါတယ်။ ဒါပေမယ့် ဒီအဆိုဟာ မှားယွင်းပါတယ်။ တကယ်တော့ ဓာတ်ပုံတွေမှာမြင်ရတာဟာ ထိုင်ဝမ်မှာ ၂၀၁၆ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်ကြား ငလျင်လှုပ်ခတ်မှုဖြစ်စဉ်သုံးခုကြောင့် ပေါ်ပေါက်လာတဲ့ အပျက်အစီးတွေဖြစ်ပါတယ်။

ဓာတ်ပုံလေးပုံကို Facebook ရဲ့ ဒီလင့်ခ်မှာ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့က တင်ထားတာဖြစ်ပြီး ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၂၀၀ ကျော် ရှိခဲ့ပါတယ်။

နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ screenshot

ပို့စ်ပါစာသားတွေက အခုလိုဖြစ်ပါတယ်။ “(၁၀-၁၂-၂၀၂၀) ည(၉:၁၉)မိနစ်က
ထိုင်ဝမ်တွင်ပြင်းအား(၆.၇)ရှိ
မြေငလျင်တစ်ခု (၁၅)စက္ကန့်ကြာမျှ
လှုပ်ခတ်သွားသည်ဟု သိရှိရပါသည်။
(ပျက်ဆီးဆုံရှုံးမှုစာရင်းမသိရှိရသေးပါ)
[#MyatTunAung]”

ထိုင်ဝမ်မှာ ပြင်းအား ၆ ဒသမ ၂ မဂ္ဂနီကျူ့ရှိတဲ့ငလျင်တစ်ခု ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၀ ရက်၊ ဒေသစံတော်ချိန် ၉ နာရီ ၁၉ မိနစ်က လှုပ်ခတ်သွားခဲ့ပြီး အဲဒီအကြောင်း AFP သတင်းကို ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။

တူညီတဲ့ပြောဆိုမှုတွေနဲ့ အလားတူဓာတ်ပုံတွေကို ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း တင်ထားပြီး ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၃၂၀ ကျော်ရှိခဲ့ပါတယ်။

ဒါပေမယ့် ဒီအဆိုဟာ မှားယွင်းနေတာပါ။

ပထမဓာတ်ပုံ

အဓိကကျတဲ့စကားလုံးတွေနဲ့အတူ Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့တုန်းက ထိုင်ဝမ်နိုင်ငံ၊ ဟွာလျန်းခရိုင်မှာ ငလျင်လှုပ်တဲ့အကြောင်းရေးထားတဲ့ ထိုင်ဝမ်သတင်းတစ်ပုဒ်မှာ ဒီဓာတ်ပုံကို တွေ့ရပါတယ်။ 

ဓာတ်ပုံမူရင်းဟာ ထိုင်ဝမ်နိုင်ငံတော်ပိုင် ဗဟိုသတင်းအေဂျင်စီ (CNA) ကဖြစ်ပြီး ဓာတ်ပုံနဲ့အတူတွဲတင်ထားတဲ့စာက အခုလိုပါ။ “Yuntsui အဆောက်အအုံရဲ့ အပေါ်စီးမြင်ကွင်း”

အောက်မှာထိုင်ဝမ်သတင်းပါဓာတ်ပုံရဲ့ screenshot ဖြစ်ပါတယ်။

ထိုင်ဝမ်သတင်းပါဓာတ်ပုံရဲ့ screenshot

ထိုင်ဝမ်နိုင်ငံမှာ ခရီးသွားတွေကြားထင်ရှားတဲ့ ဟွာလျန်းခရိုင်ကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့က ပြင်းအား ၆ ဒသမ ၄ မဂ္ဂနီကျူ့ရှိတဲ့ငလျင်တစ်ခုလှုပ်ခတ်ခဲ့တဲ့အတွက် အနည်းဆုံး လူ ခုနစ်ဦးသေဆုံးပြီး လူ ၂၅၀ ကျော်ဒဏ်ရာရရှိခဲ့တဲ့အပြင် ပျောက်ဆုံးသူအများအပြားလည်းရှိခဲ့တဲ့အကြောင်း AFP သတင်းတစ်ပုဒ်ကို ဒီလင့်ခ်မှာဖတ်နိုင်ပါတယ်။ အဲဒီသတင်းနဲ့အတူ တွဲတင်ထားတဲ့ပုံမှာ အလားတူအဆောက်အအုံကို တွေ့မြင်ရပါတယ်။ 

အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်ပါဓာတ်ပုံ (ဘယ်) နဲ့ CNA ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတာဖြစ်ပါတယ်။

နားလည်မှုလွဲစေတဲ့ပို့စ်ပါဓာတ်ပုံ (ဘယ်) နဲ့ CNA ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot

ဒုတိယဓာတ်ပုံ

နောက်ထပ်အဓိကကျတဲ့စကားလုံးတွေသုံးပြီး ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့တုန်းက ရိုက်တာသတင်းဌာနရဲ့ “ထိုင်ဝမ်တွင်ငလျင်လှုပ်ခတ်” ဆိုတဲ့ခေါင်းစဉ်နဲ့သတင်းမှာ ဒုတိယဓာတ်ပုံကို တွေ့မြင်ရတာဖြစ်ပါတယ်။ 

ပုံစာမှာတော့ အခုလိုပါဝင်ပါတယ်။ “၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်မှာ Tainan ကို အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် ပျက်စီးသွားသည့်အဆောက်အအုံတစ်ခုအောက်တွင် ပိပြားနေသောကားများကို တွေ့ရစဉ်” 

၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့တုန်းက ထိုင်ဝမ်နိုင်ငံတောင်ပိုင်း၊ Tainan မြို့မှာ ၆ ဒသမ ၄ မဂ္ဂနီကျူ့ရှိတဲ့ငလျင်တစ်ခုလှုပ်ခတ်ပြီးနောက်ပိုင်း လူ ၄၀ ဝန်းကျင်သေဆုံးပြီး လူ ၁၀၀ ကျော်ပျောက်ဆုံးနေတဲ့အကြောင်း AFP သတင်းတစ်ပုဒ်ကို ဒီလင့်ခ်မှာဖတ်နိုင်ပါတယ်။ 

အောက်မှာရိုက်တာသတင်းဌာနရဲ့ဝက်ဘ်ဆိုဒ်မှာတင်ထားတဲ့ဓာတ်ပုံရဲ့ screenshot ဖြစ်ပါတယ်။

ရိုက်တာသတင်းဌာနရဲ့ဝက်ဘ်ဆိုဒ်မှာတင်ထားတဲ့ဓာတ်ပုံရဲ့ screenshot

အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်ပါဓာတ်ပုံ (ဘယ်) နဲ့ ရိုက်တာဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

နားလည်မှုလွဲစေတဲ့ပို့စ်ပါဓာတ်ပုံ (ဘယ်) နဲ့ ရိုက်တာဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot

တတိယဓာတ်ပုံ

တတိယဓာတ်ပုံကို Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တုန်းက AFP ရဲ့ ဒီလင့်ခ်မှာတင်ထားတဲ့ဓာတ်ပုံနဲ့တူညီနေတာ တွေ့ရပါတယ်။ 

အောက်မှာ AFP ဓာတ်ပုံရဲ့ screenshot ဖြစ်ပါတယ်။

AFP ဓာတ်ပုံရဲ့ screenshot

ဓာတ်ပုံနဲ့အတူ ပူးတွဲပါဝင်တဲ့စာသားတွေက အခုလိုဖြစ်ပါတယ်။ “၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့က ထိုင်ဝမ်နိုင်ငံ၊ ဟွာလျန်းမြို့တွင် ငလျင်လှုပ်ခတ်ပြီးနောက် ဘေးတစ်ခြမ်းစောင်းသွားသည့် Yun Tsui အဆောက်အအုံ (back C) ကို တွေ့မြင်ရခြင်းဖြစ်သည်။ ညလုံးပေါက်လှုပ်ခတ်သွားသည့်ငလျင်ကြောင့် အနည်းဆုံးလူခြောက်ဦးသေဆုံးပြီး လူ ၂၀၀ ကျော်ဒဏ်ရာရရှိကာ လူပေါင်းများစွာပျောက်ဆုံးပြီးနောက် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ဟွာလျန်းမြို့ရှိ ပြိုလဲကျလုနီးဖြစ်နေသည့်အဆောက်အအုံမှ အသက်ရှင်ကျန်ရစ်သူများနှင့် သေဆုံးသူများကို ကယ်ဆယ်ရေးဝန်ထမ်းများက သယ်ထုတ်ခဲ့ကြသည်။ အင်္ဂါနေ့ညပိုင်းက ထင်ရှားသည့်ခရီးသွားမြို့ကို ၆ ဒသမ ၄ မဂ္ဂနီကျူ့ရှိ ငလျင်လှုပ်ခတ်သွားပြီးနောက်တွင် အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်များသည် ၁၂ ထပ်အဆောက်အအုံနှင့်အနီးရှိ ဟိုတယ်တစ်ခုကို အဓိကထား ဆောင်ရွက်ခဲ့ကြသည်။ အဆောက်အအုံနှစ်ခုလုံးသည် အချိန်မရွေးပြိုကျသွားနိုင်သည့်အနေအထားမျိုးဖြင့် ဘေးသို့ တိမ်းစောင်းနေခြင်းဖြစ်သည်”

အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်ပါဓာတ်ပုံ (ဘယ်) နဲ့ AFP ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

နားလည်မှုလွဲစေတဲ့ပို့စ်ပါဓာတ်ပုံ (ဘယ်) နဲ့ AFP ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot

စတုတ္ထမြောက်ဓာတ်ပုံ

Google မှာဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ စတုတ္ထမြောက်ဓာတ်ပုံကို ရိုက်တာရဲ့ ဒီလင့်ခ်မှာ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့တုန်းက တင်ထားတာ တွေ့ရပါတယ်။

ဓာတ်ပုံပါ ပုံစာက အခုလိုဖြစ်ပါတယ်။ “၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့တွင် ထိုင်ဝမ်နိုင်ငံ၊ တိုင်ပေမြို့၌ ငလျင်လှုပ်ခတ်ပြီးနောက် လဲကျနေသောသစ်ပင်များကြားမှ မော်တော်ယာဉ်တစ်စီးကို တွေ့မြင်ရစဉ်” 

၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့က တိုင်ပေမှာ ပြင်းအား ၆ ဒသမ ၁ မဂ္ဂနီကျူ့ရှိတဲ့ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီး လူ ၁၇ ဦး ဒဏ်ရာရရှိခဲ့တဲ့အကြောင်း AFP သတင်းတစ်ပုဒ်ကို ဒီလင့်ခ်မှာ ဖတ်နိုင်ပါတယ်။ 

အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်ပါဓာတ်ပုံ (ဘယ်) နဲ့ ရိုက်တာဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

နားလည်မှုလွဲစေတဲ့ပို့စ်ပါဓာတ်ပုံ (ဘယ်) နဲ့ ရိုက်တာဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot