မိဘစော်ကားလို့ လူစင်စစ်က ခွေးဘဝ ပြောင်းသွားတဲ့ မခင်လှဆိုပြီး ဩစတြေးလျ အနုပညာရှင်လက်ရာကို သတင်းမှားဖြန့်
- ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 18 ဒီဇင်ဘာ 2020 အချိန် 10h54
- ဖတ်ရန် ကြာချိန် 2 မိနစ်
- AFP မြန်မာ
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
အဲဒီဗီဒီယိုကို YouTube ရဲ့ ဒီလင့်ခ်မှာ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့က တင်ထားတာဖြစ်ပြီး ကြည့်ရှုတဲ့အကြိမ်ရေ ၁၃၈,၈၃၃ ကြိမ် ရှိခဲ့ပါတယ်။
အလားတူဗီဒီယိုကိုပဲ Facebook ရဲ့ ဒီလင့်ခ်မှာ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့က တင်ထားပြီး ကြည့်ရှုတဲ့အကြိမ်ရေ ၁ ဒသမ ၁ သန်းကျော်နဲ့ ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၉၈,၀၀၀ ရှိခဲ့ပါတယ်။
ပို့စ်ရဲ့ခေါင်းစဉ်ကတော့ အခုလိုပါ။ “လပွတ္တာ မြို့မှာဖြစ်သွားတာပါ လူစင်စစ်ကနေ ခွေးဖြစ်သွားတဲ့ အမျိုးသမီး ဖြစ်ရပ်မှန် ဗီဒီယိုဖိုင်”
ဗီဒီယိုမှာတော့ လပွတ္တာမြို့ဆိုင်းဘုတ်နဲ့ လူသားပုံစံတူသတ္တဝါတစ်ကောင်ပုံကို ပေါင်းစပ်ထားတဲ့ပုံရိပ်တစ်ခု ပါရှိပါတယ်။ ၈ မိနစ်ကြာမြင့်တဲ့ဗီဒီယိုမှာ လူစင်စစ်ကနေ ခွေးဖြစ်သွားတဲ့ဇာတ်လမ်းကို ပြောပြနေတဲ့ နောက်ခံအသံတစ်ခု ပါဝင်ပါတယ်။
နောက်ခံစကားပြောသူ ပြောထားတာတွေထဲက တချို့ကတော့ အခုလိုပါ။
“မိဘကို ခွေးနဲ့ နှိုင်းမိလို့ ကိုယ်ကိုယ်တိုင် ခွေးဖြစ်သွားတဲ့ လပွတ္တာက မခင်လှ။
သူ့နာမည်က မခင်လှ၊ အသက်က ၁၆-၁၇ အရွယ်ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင် အပျိုအရွယ်မိန်းကလေး ဖြစ်ပေမယ့် စရိုက်ကကြမ်းတမ်းလွန်းပါတယ်။ ယဉ်ကျေးသိမ်မွေ့မှု မရှိ၊ တစ်ဦးတည်းသောသမီးဖြစ်တဲ့အပြင် မိခင်ဖခင်တို့ကို ရိုသေကိုင်းရှိုင်းမှုမရှိ၊ အမြဲတစေ အော်ငေါက်ဆက်ဆံလေ့ ရှိပါတယ်။
ဒါကြောင့် မခင်လှဟာ လက်ရှိဘဝကတည်းက တစ်မြို့လုံး တစ်နယ်လုံး အံ့အောစရာ၊ သနားစရာ၊ သံဝေဂရစရာ ဖြစ်ရလောက်အောင် အဖြစ်ဆိုးနဲ့ ရင်ဆိုင်တွေ့ခဲ့ရပါတော့တယ်။ အဲဒီနေ့က မိခင်၊ ဖခင်ဖြစ်သူတို့ ဥပုသ်သီလဆောက်တည်ရန်အတွက် ဘုန်းကြီးကျောင်းသို့မသွားမီ သမီးဖြစ်သူကို ဥပုသ်စောင့်ရန် ခေါ်ပါတယ်။ တစ်ဦးတည်းသောသမီး၊ အလိုလိုက်လို့အမိုက်စော်ကားတဲ့သမီးမို့ မိခင်၊ ဖခင်တို့ကို ထုံးစံအတိုင်း မချေမငံပြန်ပြောတာပေါ့။ မိခင်ဖခင်တွေကလည်း သမီးဖြစ်သူအတွက် စိတ်မကောင်းဖြစ်ပြီး ဥပုသ်စောင့်ရန်သာ ထွက်သွားကြပါတော့တယ်။ ညနေစောင်းပြီး ဘုန်းကြီးကျောင်းက ပြန်ရောက်ချိန်မှာ မိခင်ဖြစ်သူက “သမီးရေ၊ အမေတို့တော့ ဥပုသ်ရတယ်။ ဟင်းတွေလည်းရှိသားပဲ၊ သမီးအတွက်ပဲ ထမင်းအိုးလေးတစ်လုံးတည်ပြီးစားလိုက်တော့နော် သမီး”။ အဲဒီလိုလည်းပြောလိုက်ရော မခင်လှက သောင်းကျန်းပါတော့တယ်။ မိခင်ဖြစ်သူကို လက်ညှိုးငေါက်ငေါက်ထိုးပြီး ခွေးမကြီးလို့ ပြောရင်း တက်သွားပါတော့တယ်။ မခင်လှသတိပြန်ရလာချိန်မှာ လူစင်စစ်ကနေ ခွေးလိုနေ၊ ခွေးလိုစားပါတော့တယ်။ လူပင်ဖြစ်သော်လည်း ခွေးလို လေးဘက်ထောက်သွားပါတယ်” (မူရင်းအတိုင်း)
ဒီဖြစ်စဉ်ဟာ ၂၀၀၂ ခုနှစ်တုန်းက ဖြစ်ခဲ့တာလို့လည်း ဗီဒီယိုထဲမှာ ဆိုထားပါသေးတယ်။
တူညီတဲ့ပြောဆိုမှုနဲ့ အလားတူဗီဒီယိုတစ်ခုကို Facebook ရဲ့ ဒီလင့်ခ်မှာလည်း တင်ထားပါသေးတယ်။
ဒါပေမယ့် ဒီအဆိုဟာ မှားယွင်းပါတယ်။
Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ဒီဓာတ်ပုံဟာ သြစတြေးလျအနုပညာရှင် Patricia Piccinini ဖန်တီးထားတဲ့ art installation တစ်ခုဖြစ်ကြောင်း ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့တုန်းက CBC News ရဲ့သတင်းတစ်ပုဒ်မှာ တွေ့ရပါတယ်။
သတင်းရဲ့ခေါင်းစဉ်က အခုလိုဖြစ်ပါတယ်။ “လူသားနှင့်တိရစ္ဆာန်ကြား ရှုပ်ထွေး၍ စိတ်ဝင်စားဖွယ်ကောင်းသော ဆက်ဆံရေးကို ရှာဖွေသည့် art installation”
သတင်းပါ စာသားအချို့က အခုလိုဖြစ်ပါတယ်။ “ပကတိအစစ်နဲ့မခြား ဖန်တီးထားတဲ့ စိတ်ကူးယဉ်လက်ရာတွေကို Vancouver မြို့၊ Strathcona မြို့နယ်မှာရှိတဲ့ နှစ်သက်တမ်း ၁၀၅ နှစ်ရှိ Patricia ဟိုတယ်မှာ ပြသထားပါတယ်။ သြစတြေးလျအနုပညာရှင် Patricia Piccinini ရဲ့ ရင်သပ်တုန်လှုပ်စရာကောင်းပြီး စိတ်ဝင်စားစရာကောင်းတဲ့ သတ္တဝါတွေထဲမှာ လူနဲ့ဆင်တူတဲ့ဖျံကြီးမျိုးတစ်ကောင်၊ လူတစ်ပိုင်းမျောက်ဝံတစ်ပိုင်းမိခင်နဲ့ လူတူဝက်မိသားစုတစ်စုပါဝင်ပါတယ်”
အောက်မှာ နားလည်မှုလွဲစေတဲ့ဗီဒီယိုပါဓာတ်ပုံ (ဘယ်) နဲ့ CBC သတင်းပါဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။
ဒီပုံဟာ Patricia ရဲ့ “The Young Family” လို့ နာမည်ပေးထားတဲ့ အနုပညာလက်ရာကိုရိုက်ကူးထားတဲ့ဓာတ်ပုံ”ဖြစ်ပါတယ်လို့ Patricia Paccinini ရဲ့ စတူဒီယိုမန်နေဂျာ Roger Moll က AFP ကို email ကနေတစ်ဆင့် ပြန်လည်ဖြေကြားခဲ့ပါတယ်။
“Patricia က သူ့အနုပညာလက်ရာပုံရိပ်တွေကို ခွင့်ပြုချက်မရှိဘဲယူသုံးခွင့်မပြုပါဘူး။ အထူးသဖြင့် ဒီလိုမျိုး ရယ်စရာကောင်းတဲ့ တစ်ရာဖိုးသုံးပုဒ်တွေမှာဆို လုံးဝသုံးခွင့်မပြုပါဘူး” လို့ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ Roger Moll က AFP ကို email ကနေ ပြောပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်