This picture taken on May 31, 2013 shows a woman browsing the internet at an internet cafe in Yangon. (AFP / Soe Than Win)

အသစ်လွှင့်တင့်မယ့်ဂြိုဟ်တုက မြန်မာနိုင်ငံသားအားလုံးကို အင်တာနက် အခမဲ့သုံးစွဲခွင့်ပေးမယ် ဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 18 ဇွန် 2020 အချိန် 20h00
  • အပ်ဒိတ်ရက်စွဲ 22 ဇွန် 2020 အချိန် 06h21
  • ဖတ်ရန် ကြာချိန် 1 မိနစ်
  • AFP မြန်မာ
မြန်မာနိုင်ငံသားအားလုံးကို အခမဲ့ အင်တာနက်ပေးမယ့် ဂြိုဟ်တုတစ်လုံး လွှင့်တင်ဖို့ မြန်မာက ကြေညာတယ် ဆိုတဲ့ သတင်းတော်တော်များများ အင်တာနက်ပေါ်မှာ ပျံ့နှံ့နေပြီး အဲဒီသတင်းဆောင်းပါးတွေကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ အကြိမ်ရေရာနဲ့ချီ မျှဝေခဲ့ကြပါတယ်။ အဲဒီအဆိုဟာမှားပါတယ်။ ကျွမ်းကျင်သူတွေကတော့ အခုတည်ဆောက်မယ့် ဂြိုဟ်တုဟာ ဓာတ်ပုံတွေ ရိုက်ကူး ထုတ်လွှင့်ပေးမယ့် ကမ္ဘာမြေလေ့လာရေး ဂြိုဟ်တုဖြစ်တဲ့အတွက် အခမဲ့အင်တာနက်ပေးမယ့် ဂြိုဟ်တုမဟုတ်ဘူးလို့ AFP ကို ပြောပါတယ်။

အဲဒီအဆိုကို ဝက်ဘ်ဆိုက်တစ်ခုရဲ့ ဒီနေရာမှာ မြန်မာဘာသာနဲ့ ဖော်ပြခဲ့ပါတယ်။

Image
khitalinmedia.com ရဲ့ နားလည်မှုလွဲစေနိုင်တဲ့ပို့စ်ကို ၂၀၂၀ ဇွန်လ (၁၆)ရက်က ရိုက်ယူခဲ့တဲ့ Screenshot

အဲဒီအဓိပ္ပာယ်ကောက်လွဲစေနိုင်တဲ့ ပို့စ်ရဲ့ခေါင်းစဉ်မှာ “မြန်မာနိုင်ငံသားတွေအားလုံး အင်တာနက် အခမဲ့ သုံးရမယ့်အစီအစဉ်ကြီး ရောက်လာတော့မည်” ဆိုပြီး ဖော်ပြထားပါတယ်။

ခေါင်းစဉ်ရဲ့နောက်မှာတော့ “ဂျပန်နိုင်ငံ နည်းပညာကို အသုံးပြု၍ မြန်မာနိုင်ငံသည် ကိုယ်ပိုင်ဂြိုဟ်တုကို ၂၀၂၁ ခုနှစ်တွင် လွှတ်တင်မည်ဖြစ်သည်။ မြန်မာအင်ဂျင်နီယာများမှတီထွင်မည့်ဂြိုဟ်တုကို Hokkaido နှင့် Tohoku တက္ကသိုလ်များ၏အကူအညီဖြင့်ပတ်လမ်းသို့လွှတ်တင်မှာဖြစ်သည်။ ultrasmall အမည်ရှိ ဂြိုဟ်တုသည် စိုက်ပျိုးထုတ်လုပ်မှုနှင့် ပတ်ဝန်းကျင်ဆိုင်ရာစောင့်ကြည့်မှုအတွက် မြင့်တင်ရန်အသုံးပြုသည့် ဂြိုဟ်တုဖြစ်ပါသည်။ ဂြိုလ်တုသည် မြေကြီးလေ့လာရေးဂြိုဟ်တုတစ်ခုဖြစ်ပြီး စိုက်ပျိုးရေးတွင် ကုန်န်ထုတ်စွမ်းအားတိုးမြှင့်ခြင်း၊ သဘာဝဘေးအန္တရာယ်များမှကာကွယ်ခြင်းနှင့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုကို စောင့်ကြည့်ခြင်းတို့တွင်အသုံးပြုလိမ့်မည်” လို့ ဖော်ပြထားပါတယ်။

အဲဒီအဆိုနဲ့ ဆင်တူတဲ့ ဆောင်းပါးတွေကို ဒီနေရာ နဲ့ ဒီနေရာတွေမှာလည်း ဖော်ပြခဲ့ကြပါတယ်။

အဲဒီဆောင်းပါးတွေကို ၂၀၂၀ ခုနှစ်၊ ဇွန်လ ၁၃ ရက်က ဒီနေရာဒီနေရာတွေမှာ ဖော်ပြခဲ့ကြပြီး၊ မျှဝေသူ ရာချီရှိပါတယ်။

ဒါပေမဲ့ အဲဒီအဆိုဟာ မှားပါတယ်။ မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ် (MAEU) ရဲ့ ပါမောက္ခချုပ် ဒေါက်တာ ကြည်သွင်က “အဲဒီဂြိုဟ်တုက လူတွေကို အင်တာနက်ပေးဖို့ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ဆောက်မယ့်ဟာက ကမ္ဘာမြေလေ့လာရေး မိုက်ခရိုဂြိုဟ်တုဖြစ်ပြီးတော့ ကျနော်တို့ကို ပုံရိပ်တွေပဲ ပေးမှာပါ။ ဆက်သွယ်ရေးဂြိုဟ်တု မဟုတ်ပါဘူး” လို့ AFP နဲ့ ဇွန်လ (၁၅)ရက် အင်တာဗျူးမှာ ဖြေဆိုပါတယ်။

အဲဒီဂြိုဟ်တုကို မြို့ပြတည်ဆောက်ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ မိုးလေဝသနဲ့ စိုက်ပျိုးရေးတွေအတွက် ကောင်းကင်ဓာတ်ပုံတွေ ရိုက်ယူဖို့ အသုံးပြုမှာဖြစ်တယ်လို့ ဒေါက်တာကြည်သွင်က ဆိုပါတယ်။ 

နားလည်မှုလွဲစေနိုင်တဲ့ ဆောင်းပါးတွေဟာ ဂျပန်သတင်းဌာန Nikkei Asian Review ရဲ့ ဒီဆောင်းပါး ကို ကိုးကားထားပေမယ့်၊ မူရင်းဆောင်းပါးပါ အချက်အလက်တွေကို တိတိမှန်ကန်စွာ ဖော်ပြထားခြင်း မရှိပါဘူး။

The Nikkei Asian Review ရဲ့ သတင်းမှာတော့ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး ဂြိုဟ်တုကို ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးတက္ကသိုလ်နဲ့ တိုဟိုကူတက္ကသိုလ်တို့ရဲ့ အကူအညီနဲ့ ၂၀၂၁ ခုနှစ်မှာ လွှင့်တင်သွားမယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့ အဲဒီဂြိုဟ်တုကနေ မြန်မာနိုင်ငံသားတွေကို အခမဲ့အင်တာနက် အသုံးပြုခွင့်ပေးမယ် ဆိုတာမျိုး ဖော်ပြထားတာ မရှိပါဘူး။

အဲဒီသတင်းမှာ “ဂြိုဟ်တုဟာ စိုက်ပျိုးရေးကုန်ထုတ်လုပ်မှု မြှင့်တင်ဖို့၊ ပြီးတော့ သဘာဝဘေးအန္တရာယ်လျှော့ချဖို့နဲ့ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုတွေကို စောင့်ကြည့်ဖို့ အသုံးပြုမယ့် ကမ္ဘာမြေလေ့လာရေးဂြိုဟ်တု ဖြစ်ပါတယ်လို့ ဟော်ကိုင်းဒိုးတက္ကသိုလ်ရဲ့ Space Mission Center ညွှန်ကြားရေးမှူး ပါမောက္ခ Yukihiro Takahashi က Nikkei သတင်းဌာနကို ပြောတယ်” လို့ ရေးသား ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ် (MAEU)က ဘွဲ့လွန်ကျောင်းသားတွေဟာ ဂျပန်နိုင်ငံကို သွားရောက်မှာဖြစ်ပြီး၊ ငါးနှစ်အတွင်း ဂြိုဟ်တုနှစ်လုံးတည်ဆောက်ဖို့နဲ့၊ ဂြိုဟ်တုရဲ့အချက်အလက်တွေကို သုံးသပ်လေ့လာဖို့ သင်ယူမှာဖြစ်တယ်လို့လည်း Nikkei Asia ရဲ့ သတင်းမှာ ဖော်ပြပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်