Silver nitro oxide ကြောင့် ဖြစ်ပွားတဲ့ ကင်ဆာသစ် အမေရိကန်ဆရာဝန်တွေ့ရှိ ဆိုတဲ့ သတင်းမှား အွန်လိုင်းပေါ် ပြန့်နှံ့
Silver nitro oxide ဆိုတဲ့ ဓာတုဒြပ်ပေါင်းကြောင့် ဖြစ်ပွားတဲ့ ကင်ဆာရောဂါအသစ်တစ်မျိုး အမေရိကန် ဆရာဝန်တစ်ဦး ရှာဖွေတွေ့ရှိတယ်ဆိုတဲ့ ပို့စ်တစ်ခုကို ဖေ့ဘွတ်ခ်ပေါ်မှာ အကြိမ်ရေနှစ်သိန်းကျော် မျှဝေထားကြပါတယ်။ အဲဒါဟာ သတင်းမှားပါ။ ကျွမ်းကျင်သူတွေကတော့ အဲဒီဒြပ်ပေါင်းဆိုတာ တကယ် မရှိဘူးလို့ ဆိုကြပါတယ်။
အဲဒီပို့စ်ကို ၂၀၂၀ ခုနှစ် ဇွန်လ (၉) ရက်က ဒီမှာ ဖော်ပြခဲ့ပြီး၊ မျှဝေသူ ၂,၇၀၀ ကျော် ရှိခဲ့ပါတယ်။

မြန်မာလို ပုံစာရေးထားတဲ့ ပို့စ်မှာတော့ “ကင်ဆာအသစ်တစ်ခု တွေ့ရှိ။ အမေရိကားက Dr Getry ဆိုသူဟာ လူသားတွေမှာ ဖြစ်နိုင်တဲ့ ကင်ဆာအသစ် တွေ့ရှိထားတယ်လို့ဆိုပါတယ်။ အဲဒီ ရောဂါဟာ ငွေရောင် နိုင်ထရိုအောက်ဆီဂျင်ကနေ ဖြစ်နေကြောင်း ပြောပြထားပါတယ်။ သတိပေးထားတာက ဖုန်းငွေဖြည့်ကဒ်တွေက ခဲသားတွေကို လက်သည်းနဲ့ မခြစ်ပါနဲ့ ။ အဲဒီမှာ အသားရေကင်ဆာကို ဖြစ်စေနိုင်တဲ့ ဓါတ်တွေပါနေလို့ပါ။ တစ်ခုခုနဲ့ခြစ်ပါ။ ဒါတွေကို သင်ချစ်ခင်တဲ့သူတွေဆီကိုလည်း ဖြန့်ပေးဖို့ သူမှာထားပါသေးတယ်” ဆိုပြီး ရေးထားပါတယ်။
အဲဒီပို့စ်မှာ “အရေးကြီးတဲ့ ကျန်းမာရေး အကြံပြုချက်…” ဆိုပြီး ဖုန်းကို ဘယ်ဘက်နားနဲ့ပဲ ဖြေဖို့၊ ဆေးသောက်တဲ့အခါ ရေခဲရေနဲ့ မသောက်ဖို့၊ ညနေငါးနာရီနောက်ပိုင်း အစာများများ မစားဖို့ စတဲ့ အချက်တွေကိုလည်း ဖော်ပြထားတာ တွေ့ရပါတယ်။
ဒီနဲ့ဆင်တူတဲ့ အဓိပ္ပာယ်လွဲမှားစေတဲ့ ပို့စ်တွေဟာ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလလောက်ကတည်းက အွန်လိုင်းပေါ်မှာ Dr. Brian Berry ဆိုတဲ့ အခြားဆရာဝန်နာမည်တစ်ခုနဲ့ ပျံ့နှံခဲ့ပါတယ်။ ဉပမာအားဖြင့် - ဒီပို့စ်ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်က ဖေ့ဘွတ်ခ်ပေါ်တင်ခဲ့ပြီး၊ ၂၂၂,၀၀၀ ကြိမ်ထက်မနည်း မျှဝေခဲ့ကြပါတယ်။
ဒါပေမဲ့ ဒါတွေဟာ သတင်းမှားတွေသာ ဖြစ်ပါတယ်။ ကျွမ်းကျင်သူတွေက အဲဒီကင်ဆာဖြစ်စေတယ်ဆိုတဲ့ ဓာတ်ပစ္စည်းဟာ တကယ် မရှိသလို ကင်ဆာဖြစ်စေတယ်ဆိုတဲ့ အထောက်အထားလည်း မရှိဘူးလို့ ပြောကြပါတယ်။
United States Environmental Protection Agency(EPA) ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ယောက်က ၂၀၂၀ ခုနှစ်၊ ဇွန်လ ၁၃ ရက်က AFP ကို အီးမေးလ်ကနေ ဖြေကြားရာမှာ “‘silver nitro oxide’လို့ ခေါ်တဲ့ ဓာတုပစ္စည်းဆိုတာ မရှိဘူး”လို့ ပြောပါတယ်။
American Cancer Society က Chief Medical and Scientific Officer William G. Cance ကလည်း “IARC နဲ့ EAP အချက်အလက်ဘဏ်တွေမှာ ရှာဖွေချက်တွေအရ ‘silver nitro oxide’ က ကင်ဆာဖြစ်စေတယ်ဆိုတဲ့ အထောက်အထား မရှိဘူး” လို့ ဖြေကြားပါတယ်။
IARC ဆိုတာကတော့ The International Agency for Research on Cancer ရဲ့ နာမည်အတိုကောက်ဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က လုပ်ကိုင်ဆောင်ရွက်နေတဲ့ အစိုးရအချင်းချင်းပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်းဖြစ်ပြီး၊ ကင်ဆာရောဂါ ဖြစ်စေတဲ့ အကြောင်းအရင်းတွေကို သုတေသနဆောင်ရွက်တဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။
အဓိပ္ပာယ်လွဲမှားစေတဲ့ အခုအကြောင်းအရာကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလက ဒီနေရာမှာ New Indian Express က အချက်အလက်စစ်ဆေး ဖော်ပြခဲ့တာလည်း တွေ့ရပါတယ်။