COVID-19 ဟာ ဘတ်တီးရီးယားကြောင့် ဖြစ်ပွားပြီး ပါရာစီတမောနဲ့ ကုသနိုင်တယ်ဆိုတဲ့ သတင်းမှား

မူပိုင် AFP ၂၀၁၇-၂၀၂၁ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

COVID-19 ရောဂါဟာ ဗိုင်းရပ်စ်ကြောင့် ဖြစ်တာ မဟုတ်ဘဲ ဘတ်တီးရီးယားတစ်မျိုးကြောင့် ဖြစ်ပွားတာ ဆိုပြီး ပြောဆိုထားတဲ့ ပို့စ်တစ်ခုကို Facebook ပေါ်မှာ အကြိမ်ရေထောင်ချီ မျှဝေခဲ့ကြပါတယ်။ အဲဒီ COVID-19 ရောဂါဟာ 5G နည်းပညာကြောင့် ပိုမို ဆိုးရွားစေပြီး၊ ပဋိဇီဝဆေးတွေ၊ အကိုက်အခဲပျောက်ဆေးတွေနဲ့ ကုသနိုင်တယ်လို့လည်း ရေးသားထားပါတယ်။ အဲဒီအဆိုတွေဟာ မှားယွင်းပါတယ်။ အဲဒီရေးသားချက်တွေဟာ သတင်းမှားတွေ ဖြစ်တယ်လို့ အီတလီကျန်းမာရေးဝန်ကြီးဌာနက ပြောဆိုလိုက်ပြီး COVID-19 ဟာ နိုဘယ်ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားတယ် ဆိုတာကို လေ့လာတွေ့ရှိခဲ့တဲ့ နိုင်ငံတကာကျန်းမာရေးကျွမ်းကျင်သူတွေကလည်း အဲဒီအဆိုတွေကို အခိုင်အမာ ငြင်းဆိုထားပါတယ်။

အဲဒီပို့စ်ကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာ ၃ ရက်က Facebook ရဲ့ ဒီလင့်ခ်မှာ တင်ထားတာ ဖြစ်ပြီး ပြန်လည်မျှဝေတဲ့ အကြိမ်ရေ ၁,၄၀၀ ကျော် ရှိခဲ့ပါတယ်။

နားလည်မှုလွဲစေတဲ့ပို့စ်ကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာ ၇ ရက်က ရယူထားတဲ့ screenshot

ပို့စ်ရဲ့ထိပ်ဆုံးမှာ “အီတလီနိုင်ငံ၏ ဝူဟန် Covid သေဆုံးလူနာခွဲစိတ်သတင်း” လို့ ခေါင်းစဉ်တပ်ထားပါတယ်။

“အီတလီသည် Covid-19ဖြင့် သေဆုံးသော လူသေအလောင်းကို ပထမဆုံးခွဲစိတ်စစ်ဆေးခြင်း (postmortem) ကိုပြုလုပ်သောနိုင်ငံဖြစ်သည်။ ကျယ်ပြန့်သော စုံစမ်းစစ်ဆေးမူ့များအရ Covid-19 သည် ဗိုင်းရပ်စ်အဖြစ်မတည်ရှိပဲ ၎င်းသည်လွန်ကဲမူ့ဖြစ်သည်။ ကြီးမားတဲ့ကမ္ဘာလုံးဆိုင်ရာလိမ်လည်မှုရှိပါတယ်။ လူများသည် Amplified Global 5G Electromagnetic Radiation (အဆိပ်)" ကြောင့်သေနေရသည်။” (မူရင်းသတ်ပုံ) လို့ ရေးသားထားပါတယ်။

သိပ္ပံနည်းကျ စစ်ဆေးမှုများအရ “COVID-19 ဟာ ဗိုင်းရပ်စ်ကြောင့် မဟုတ်ဘဲ 5G ဓာတ်ရောင်ခြည်ရှိသော သေစေနိုင်သည့် ဘတ်တီးရီးယားတစ်မျိုး ဖြစ်ကြောင်း” လည်း အဲဒီပို့စ်မှာ ရေးသားထားပါတယ်။

ကိုယ်ခံအား နည်းသူတွေအနေနဲ့ ထိခိုက် သေဆုံးနိုင်ခြေပိုများတဲ့အတွက် “Asprin-100mg* နှင့် * Apronicus သို့မဟုတ် Paracetamol 650mg * ကိုသောက်သင့်ပါတယ်” လို့လည်း အဲဒီပို့စ်မှာ ရေးသားထားတာ တွေ့ရပါတယ်။

အလားတူ ရေးသားချက်တွေကို Facebook ရဲ့ ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း တင်ထားပါတယ်။

အခုလို ပြောဆိုချက် ဆင်တူတဲ့ သတင်းမှားတွေဟာ ၂၀၂၀ ခုနှစ်၊ မေလကတည်းက လူမှုကွန်ရက်တွေပေါ်မှာ ပျံ့နှံ့ခဲ့တာ တွေ့ရပါတယ်။

ဒါပေမဲ့ အဲဒီအဆိုတွေဟာ မှားယွင်းပါတယ်။

“ဒါဟာ လုပ်ကြံရေးသားချက် တစ်ခုပါ” လို့ အီတလီနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူက ၂၀၂၀ ခုနှစ်၊ ဇွန်လမှာ AFP ကို ပြောပါတယ်။

နိုင်ငံတကာကျန်းမာရေးပညာရှင်တွေကလည်း ဒီပြောဆိုရေးသားချက်တွေနဲ့ ပတ်သက်ပြီး အတိအလင်း ငြင်းဆိုထားကြပါတယ်။

ဘတ်တီးရီးယားကြောင့် ဖြစ်တာလား

COVID-19 ဟာ ဘတ်တီးရီးယားကြောင့် ဖြစ်ပွားတာ မဟုတ်ဘဲ၊ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားတာ ဖြစ်တဲ့အကြောင်း သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ကြပြီး ဖြစ်ပါတယ်။ ဒီရောဂါဟာ ၂၀၁၉ ခုနှစ် နှောင်းပိုင်းက တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာ စတင်ဖြစ်ပွားခဲ့ပြီး ကမ္ဘာအနှံ့ ပျံ့နှံ့ကူးစက်ခဲ့ပါတယ်။

“၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၇ ရက်မှာ တရုတ်သိပ္ပံပညာရှင်တွေဟာ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် (CoV) ကို တရုတ်နိုင်ငံ၊ ဝူဟန်မြို့က လူနာတွေဆီကနေ တွေ့ရှိခဲ့ပါတယ်” လို့ ကမ္ဘာ့ထိပ်တန်း သိပ္ပံနည်းကျအကဲဖြတ်ဂျာနယ်တစ်ခုဖြစ်တဲ့ The Lancet က ဖော်ပြခဲ့တဲ့ ဒီလေ့လာမှုမှာ ရေးသားထားပါတယ်။

၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်မှာ ဒီဗိုင်းရပ်စ်သစ်ကို “severe acute respiratory syndrome coronavirus 2 (အသက်ရှူလမ်းကြောင်းဆိုင်ရာ ဆိုးရွားသည့်ရောဂါလက္ခဏာ ကိုရိုနာဗိုင်းရပ်စ် ၂)” ဒါမှမဟုတ် “SARS-CoV-2” လို့ ဗိုင်းရပ်စ်အမျိုးအမည်ခွဲခြားသတ်မှတ်ရေးဆိုင်ရာ နိုင်ငံတကာကော်မတီ (International Committee on Taxonomy of Viruses -ICTV) က အမည်ပေးခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်က ဆားစ်(SARS)ရောဂါကို ဖြစ်စေခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးရိုးဗီဇကို လိုက်ပြီး အမည်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီရောဂါဟာ ကမ္ဘာ့အနှံ့ အလျင်အမြန် ပျံ့နှံ့ခဲ့တာ ဖြစ်တဲ့အတွက် ကမ္ဘာအနှံ့က သိပ္ပံပညာရှင်တွေဟာလည်း ဒီဗိုင်းရပ်စ်ကို သီးခြားစီ လေ့လာခဲ့ကြပါတယ်။ အမေရိကန်ယူကေနဲ့ ဖိလစ်ပိုင် နိုင်ငံတွေက ကျန်းမာရေးအဖွဲ့အစည်းတွေကလည်း ဒီရောဂါဟာ ဗိုင်းရပ်စ်ကြောင့် ဖြစ်တယ် ဆိုတာ အတည်ပြုခဲ့ကြပါတယ်။

COVID-19 လူနာတွေကို လေ့လာခဲ့ကြတဲ့ သြစတြေးလျအီတလီမလေးရှားနီပေါကိုရီးယားနဲ့ ပြင်သစ်နိုင်ငံတွေကလည်း ဒီရောဂါဟာ ဘတ်တီးရီးယားကြောင့် မဟုတ်ဘူးလို့ ပြောဆိုထားကြပါတယ်။

5G ဓာတ်ရောင်ခြည် သတင်းမှား

COVID-19 ရောဂါဟာ 5G မိုဘိုင်းဆက်သွယ်ရေးနည်းပညာနဲ့ ဆက်စပ်မှုရှိတယ် ဆိုတဲ့ အဆိုဟာလည်း  သိပ္ပံနည်းကျ သက်သေအထောက်အထားမရှိသလို အများပြည်သူယုံမှားသံသယဖြစ်အောင် လုပ်ကြံဖန်တီးထားတဲ့ဇာတ်လမ်း (conspiracy theory) သာဖြစ်တယ်လို့လည်း ဖော်ထုတ်ထားခဲ့ပြီး ဖြစ်ပါတယ်။

“ဗိုင်းရပ်စ်တွေဟာ ရေဒီယိုလှိုင်းတွေ၊ မိုဘိုင်းကွန်ရက်တွေကနေ ကူးစက်တာမျိုး မဟုတ်ပါဘူး” လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကပ်ရောဂါဆိုင်ရာ သတင်းမှားတွေနဲ့ ပတ်သက်ပြီး ဒီစာမျက်နှာမှာ ဖော်ပြထားပါတယ်။ “COVID-19 ဟာ ရောဂါကူးစက်ခံထားရသူက နှာချေ၊ ချောင်းဆိုး၊ စကားပြောတဲ့အခါ အသက်ရှူလမ်းကြောင်း ဆိုင်ရာ အမှုန်အမွှားတွေက တဆင့် ကူးစက်တယ်” လို့ WHO က ဖော်ပြပါတယ်။

COVID-19 ဟာ 5G ကွန်ရက်နဲ့ ဆက်နွယ်နေတဲ့ ဆိုတဲ့ သတင်းမှားတွေကို AFP က စိစစ်ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ ဉပမာအနေနဲ့ ဒီလင့်ခ်ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေမှာ ဖတ်ရှုနိုင်ပါတယ်။

ဗိုင်းရပ်စ်ကုသဆေးဆိုတဲ့ ဆေးမြီးတိုတွေ

COVID-19 ရောဂါကို ပါရာစီတမောနဲ့ အခြားဆေးဝါးတွေသောက်ပြီး ကုသနိုင်တယ်ဆိုတဲ့ ပြောဆိုချက်ဟာလည်း မှားယွင်းပါတယ်။

“ပါရာစီတမောက အကိုက်အခဲကို သက်သာစေတယ်။ အပြင်းအထန် ဖျားရင် အလွန်အသုံးဝင်တယ် ဆိုပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကို ကုသနိုင်ခြင်း မရှိပါဘူး” လို့ အီတလီ ကျန်းမာရေးဝန်ကြီးဌာနရဲ့ COVID-19 သတင်းမှားတွေ ဖြေရှင်းတဲ့ ဒီစာမျက်နှာမှာ ဖော်ပြထားပါတယ်။

“ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် ဖြစ်ပွားတဲ့ ဒီရောဂါကို ကုသနိုင်တဲ့ သီးသန့်ဆေးဝါးမျိုး မရှိသေးပါဘူး။ ကူးစက်ခံရတဲ့လူနာတွေကို ကုသတဲ့နေရာမှာ အဓိကအားဖြင့် ရောဂါလက္ခဏာအပေါ်မူတည်ပြီး ရောဂါသက်သာဖို့အထောက်အကူပြုမယ့် ကုထုံးတွေသုံးပြီး ကုသနေရတုန်းပဲ ရှိပါသေးတယ်။ (ဥပမာအားဖြင့် အောက်စီဂျင်ပေးတာ၊ လူနာကို ပိုက်နဲ့အစားအစာ၊ ရေ၊ ဆေး သွင်းတာမျိုးပါ) ထိရောက်မှုအပြည့်အဝမရှိပေမယ့် လောလောဆယ် ဒီနည်းကိုပဲ သုံးနေရတုန်းပါပဲ” ဆိုပြီး ၂၀၂၀ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့ အီတလီကျန်းမာရေးဝန်ကြီးဌာနရဲ့ ဖြေရှင်းချက်မှာ တွေ့ရပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း “လက်ရှိမှာ COVID-19 ကို ကာကွယ်၊ ကုသနိုင်တယ်လို့ ခွင့်ပြုထားတဲ့ ဆေးဝါးမရှိသေးဘူး” လို့ ဒီနေရာမှာ ထုတ်ပြန်ထားပါတယ်။

COVID-19