တောင်ကိုရီးယားနိုင်ငံမှာ လတ်တလော ရာသီတုပ်ကွေး ကူးစက်ခံရမှုနှုန်းမြင့်မား (AFP / PHILIP FONG)

ခိုင်လုံမှုမရှိတဲ့ 'Omicron မျိုးကွဲ ပျံ့ပွားမှု' သတိပေးချက်ကို ကျန်းမာရေးပညာရှင်တွေငြင်းဆို

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 05 မတ် 2025 အချိန် 06h33
  • ဖတ်ရန် ကြာချိန် 3 မိနစ်
  • Hailey JO, AFP တောင်ကိုရီးယား
  • ဘာသာပြန်ခြင်းနှင့် ဆီလျော်အောင်ပြန်လည်ရေးသားခြင်း - AFP Thailand
အာရှနိုင်ငံတွေမှာ ရာသီတုပ်ကွေးကူးစက်ခံရမှုတွေ မြင့်တက်လာတဲ့နောက် ယခင်ကိုရိုနာဗိုင်းရပ်စ် Delta မျိုးကွဲထက် "ငါးဆပိုမိုပြင်းထန်"ပြီး "သေဆုံးနိုင်ချေပိုများ" တဲ့ Omicron XBB မျိုးကွဲသစ်ပျံ့နှံ့နေတယ်ဆိုတဲ့ မှားယွင်းတဲ့ပြောဆိုမှုတွေ လူမှုကွန်ရက်မှာ ထွက်ပေါ်လာပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့ ရောဂါထိန်းချုပ်ရေးအေဂျင်စီက လတ်တလောမှာ မျိုးကွဲသစ်ကူးစက်ခံရတဲ့ တင်ပြချက်မျိုး မရှိသေးဘူးလို့ပြောကြားခဲ့ပြီး  ကျန်းမာရေးပညာရှင်တွေက အဲဒီမျိုးကွဲက အခြားမျိုးကွဲတွေထက် ပိုပြီး အန္တရာယ်ရှိတယ်ဆိုတဲ့ အထောက်အထားမျိုး တွေ့ရခြင်းမရှိဘူးလို့ ဆိုပါတယ်။    

"ကိုဗစ်ရဲ့နောက်ဆုံးမျိုးဆက်သစ် Omicron XBB ပေါ်လာပါပြီ။ အားလုံး Mask ပြန်တပ်ရမယ်။ဆေးရုံကျန်းမာရေးဌာနမှာ အလုပ်လုပ်နေတဲ့ အသိမိတ်ဆွေ ဒီမနက် စာပို့တယ်။" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်က မျှဝေထားတဲ့ ဒီ Facebook ပိုစ့်မှာ ရေးသားထားပါတယ်။  

"ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားအသစ် COVID-Omicron XBB သည် ယခင်ကနှင့် မတူပါ။ သေစေနိုင်ပြီး ရှာဖွေရခက်သောကြောင့် လူတိုင်း Mask တပ်ရန် အကြံပြုအပ်ပါသည်။" (မူရင်းအတိုင်း) ဆိုပြီးလည်း ထပ်မံရေးသားထားပါတယ်။   

"ရောဂါလက္ခဏာအများစုမှာ အောက်ပါအတိုင်းဖြစ်သည်။ 3. အဆစ်နာခြင်း။ 4. ခေါင်းကိုက်ခြင်း။ 5. လည်ချောင်းနာခြင်း။ 6. နောက်ကျောနိမ့်ဒဏ်ရာ 7. နမိုးနီးယား 8. အစားအသောက်ပျက်ခြင်း။" (မူရင်းအတိုင်း) လို့ ဆက်လက်ရေးသားထားတဲ့အပြင် "COVID-OmicronXBB သည် မြစ်ဝကျွန်းပေါ်မျိုးကွဲများထက် ငါးဆပိုမိုပြင်းထန်ပြီး သေဆုံးနှုန်းပိုမိုမြင့်မားသည်။" (မူရင်းအတိုင်း) ဆိုပြီးလည်း ဖော်ပြထားပါတယ်။  

Image
မှားယွင်းတဲ့ Facebook ပိုစ့်ကို ၂၀၂၅ ခုနှစ်၊ မတ်လ ၄ ရက်က ရယူထားတဲ့ Screenshot

တူညီတဲ့မှားယွင်းပြောဆိုမှုတွေဟာ မြန်မာဘာသာနဲ့ FacebookTikTok စာမျက်နှာတွေမှာ ပျံ့နှံ့နေကြတဲ့အပြင်  ကိုရီးယားဘာသာစကားနဲ့လည်း FacebookXInstagramNaver Blog Naver Cafe စတဲ့ လူမှုကွန်ရက်တွေမှာ ပျံ့နှံ့ခဲ့ပါတယ်။  

ဇန်နဝါရီလအစောပိုင်းမှာ ကိုးရီးယားနိုင်ငံရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးအေဂျင်စီ (KADC) က ကိုင်တွယ်လည်ပတ်နေတဲ့ ဆေးခန်း ၃၀၀ က ရယူထားတဲ့ ကိန်းဂဏန်းတွေအရ ရာသီတုပ်ကွေးကူးစက်မှုနှုန်းဟာ ပြင်ပလူနာ ၁,၀၀၀ မှာ ၉၉ ဒဿမ ၈ ဦးနှုန်းရှိတယ်လို့ KADC က ဇန်နဝါရီလ ၁၀ ရက်မှာ ထုတ်ပြန်ခဲ့ပြီး ၂၀၁၆ ခုနှစ်နောက်ပိုင်း အမြင့်မားဆုံးကူးစက်မှုနှုန်းဖြစ်ပါတယ်။ (Archived link)  

ကိုဗစ်-၁၉ ရဲ့ နောက်ထပ်မျိုးကွဲတစ်ခုသာဖြစ်   

တောင်ကိုရီးယားနိုင်ငံအတွင်း လတ်တလောကာလတွေမှာ Omicron XBB မျိုးကွဲ ကူးစက်ခံရတဲ့ တင်ပြမှုမျိုး မရှိသေးပါဘူးလို့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်မှာ KDCA ရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုပါတယ်။  

မကြာသေးမီကာလအတွင်း ရာသီတုပ်ကွေးလိုမျိုး အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေ ဖြစ်ပွားမှု မြင့်တက်လာတာကြောင့်  မျိုးကွဲနဲ့ ပတ်သက်တဲ့ အချက်အလက်မှားတွေက ပိုမိုပျံ့နှံ့လာခဲ့ပါတယ်လို့ သူမက ပြောကြားခဲ့ပါတယ်။ 

"XBB မျိုးကွဲက အခြားမျိုးကွဲတွေထက်ပိုပြီး အန္တရာယ်ရှိပါတယ်ဆိုတဲ့ အထောက်အထားတွေ မတွေ့ရသေးဘူး"လို့ သူမက AFP ကိုပြောပါတယ်။  

အမေရိကန်ပြည်ထောင်စုက Johns Hopkins တက္ကသိုလ်ရဲ့ ကျန်းမာရေးလုံခြုံမှုဆိုင်ရာဌာနက တွဲဖက်လက်ထောက်ပါမောက္ခ တစ်ဦးဖြစ်တဲ့ Dr. Amesh Adalja က "XBB မျိုးကွဲရဲ့ ရောဂါပြင်းထန်မှု နဲ့ သက်ရောက်မှုတွေက အထူးတလည်ပြောပလောက်စရာမရှိတာကြောင့်" အဲဒီမျိုးကွဲအကြောင်းချဲ့ကားပြောဆိုနေကြတဲ့ အချက်အလက်မှားတွေကို သူ့အနေနဲ့ နားမလည်နိုင်ဘူးလို့ ဆိုပါတယ်။ (Archived link)

၂၀၂၄ ခုနှစ်၊ ဧပြီလမှာ XBB မျိုးကွဲရဲ့ ကူးစက်ပျံ့ပွားမှုတွေကျဆင်းလာတာကြောင့်  ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က စောင့်ကြည့်ရမယ့်မျိုးကွဲအဆင့်ကန လျှော့ချခဲ့ပါတယ်။ (Archived link 

"အဲဒါက  Omicron ရဲ့ နောက်ထပ်မျိုးကွဲတစ်ခုသာဖြစ်ပါတယ်။" ဆိုပြီး Dr.Adalja က ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်မှာ AFP ကိုပြောကြားခဲ့ပါတယ်။

 AFP အနေနဲ့  XBB မျိုးကွဲက Delta မျိုးကွဲထက် "ငါးဆပိုမိုပြင်းထန်" ပြီး "သေဆုံးနိုင်ချေပိုမိုမြင့်မား" တယ်ဆိုတဲ့ ခိုင်လုံမှုမရှိတဲ့ ပြောဆိုမှုတွေကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလက အချက်အလက်စိစစ်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက XBB က ကူးစက်မှုနှုန်း အမြင့်မားဆုံးပဲ ဖြစ်ပါတယ်။ (Archived link 

"XBB မျိုးကွဲက အခြားအသက်ရှူလမ်းကြောင်းအပေါ်ဘက်ခြမ်းဆိုင်ရာ ရောဂါတွေနဲ့ ရောဂါလက္ခဏာတွေ အတူတူပါပဲ။ ကာကွယ်ဆေးထိုးတာက ကူးစက်ခံရနိုင်မှုကို လျှော့ချဖို့အတွက် စိတ်အချရဆုံးနည်းလမ်းပါပဲ။" ဆိုပြီး ဗြိတိန်က University of Readings ရဲ့ ဗိုင်းရပ်စ်ဗေဒဆိုင်ရာ ပါမောက္ခ Ian Jones က အဲဒီအချိန်တုန်းက AFP ကိုပြောကြားခဲ့ပါတယ်။ (Archived link) 

နောက်ထပ် ကူးစက်ရောဂါ ကျွမ်းကျင်ပညာရှင်တစ်ယောက်ဖြစ်တဲ့ ထိုင်းနိုင်ငံ Chulalongkorn တက္ကသိုလ်က Dr. Thira Woratanarat ကလည်း XBB မျိုးကွဲရဲ့ ရောဂါပြင်းထန်မှုနဲ့ သေဆုံးမှုနှုန်းက ယခင် Omicron မျိုးကွဲတွေနဲ့ သိသိသာသာကွဲပြားမှုမရှိပါဘူး လို့ဆိုပါတယ်။ (Archived link) 

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ