'တရုတ်နိုင်ငံမှာ အရေးပေါ်ကြေညာ' ဆိုတဲ့ မှားယွင်းပြောဆိုမှုနဲ့ ကိုဗစ်ကာလကဓာတ်ပုံတွေ ပျံ့နှံ့
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 28 ဇန်နဝါရီ 2025 အချိန် 07h20
- အပ်ဒိတ်ရက်စွဲ 28 ဇန်နဝါရီ 2025 အချိန် 07h42
- ဖတ်ရန် ကြာချိန် 4 မိနစ်
- Ara Eugenio, Tommy WANG, AFP ဖိလစ်ပိုင်
- ဘာသာပြန်ခြင်းနှင့် ဆီလျော်အောင်ပြန်လည်ရေးသားခြင်း - AFP ထိုင်း
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
လက်တလော အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေမှာ ပြောဆိုထားသလို တရုတ်နိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာရဲ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ထုတ်ပြန်စာမှာ နိုင်ငံတွင်း ဗိုင်းရပ်စ်ကူးစက်ရောဂါတစ်ခုကြောင့် "အရေးပေါ်အခြေအနေ" ကြေညာချက်ထုတ်ပြန်ထားတာမရှိပါဘူး။ ဒါအပြင် ဒီမှားယွင်းပြောဆိုမှုတွေကို ကိုဗစ်ကာလ ၂၀၂၂ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ်က တရုတ်နိုင်ငံမှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံဟောင်းတွေနဲ့ Facebook ပို့စ်အတော်များများက မှားယွင်းမျှဝေထားပါတယ်။
"တရုတ်နိုင်ငံကူစက်မြန်ဗိုင်းရပ်ဖြစ်ပေါ်နေပါတယ် ကျန်းမာရေးအရေးပေါ်အခြေအနေကြေညာတယ်ဟုသိရ" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်ကမျှဝေထားတဲ့ ဒီ Facebook ပိုစ့်မှာ ရေးသားထားပါတယ်။
ဆေးရုံတစ်ရုံရဲ့စင်္ကြံလမ်းမှာ အောက်စီဂျင်ဘူးတွေနဲ့ လူနာတွေတန်းစီနေတဲ့ ဓာတ်ပုံ၊ လူသူရှုပ်ထွေးနေတဲ့ စင်္ကြံလမ်းပေါ်က လူနာတင်လှည်းပေါ်မှာလဲလျောင်းနေတဲ့ လူနာတစ်ယောက်ရဲ့ ဓာတ်ပုံနဲ့ လူတွေပြည့်ကျပ်နေတဲ့အခန်းတစ်ခုမှာ ရဲတစ်ယောက်က အသံချဲ့စကားပြောစက်နဲ့ လူအုပ်ကိုထိန်းချုပ်ဖို့ကြိုးပမ်းနေတဲ့ ဓာတ်ပုံတွေကို ဒီပိုစ့်မှာ မျှဝေထားပါတယ်။
Influenza A၊ Human Metapneumovirus (HMPV)၊ Mycoplasma pneumoniae နဲ့ ကိုဗစ်-၁၉ စတဲ့ ကူးစက်ရောဂါ ဗိုင်းရစ် ၄ မျိုးဟာ တရုတ်နိုင်ငံမြို့ကြီးတွေဖြစ်တဲ့ ဘေကျင်း၊ ရှန်ဟိုင်း၊ ကွမ်ကျိုးမြို့တွေမှာ အလျင်အမြန်ပျံ့နှံ့ ခဲ့ပြီး ဆေးဝါးပြတ်လပ်မှုနဲ့ မီးသင်္ဂြိုဟ်ခန်းတွေ ပြည့်ကျပ်ခဲ့တဲ့နောက် ဒီအရေးပေါ်ကြေညာချက်ကို ထုတ်ပြန်ခဲ့တယ်လို့ ဖိလစ်ပိုင်က မှားယွင်းပို့စ်တွေမှာ ဆိုထားပါတယ်။
နိုင်ငံတကာကျန်းမာရေးဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ကလည်း ဒီကူးစက်မှုကို ထိန်းချုပ်ဖို့ "အဆင့်သင့်ပြင်ဆင်မှု" တွေ ပြုလုပ်ထားပြီး နောက်ထပ် ကမ္ဘာအနှံ့ကူးစက်ပြန့်ပွားမှုရောဂါကို ကာကွယ်ဖို့အတွက် ပြင်ဆင်မှုတွေလုပ်ဆောင်ကြဖို့ တိုက်တွန်းထားတယ်လို့လည်း ဆိုပါတယ်။
တူညီတဲ့ပြောဆိုမှုနဲ့ ဒီဓာတ်ပုံတွေဟာ မြန်မာနိုင်ငံအပြင် ဖိလစ်ပိုင်နိုင်ငံက Follower ၁၀,၀၀၀ ခန့်ရှိကြတဲ့ Facebook စာမျက်နှာတွေမှာလည်း ပျံ့နှံ့နေပါတယ်။
တရုတ်နိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့မှာထုတ်ပြန်တဲ့ နောက်ဆုံးရ ရဲကင်းထောက်လှမ်းရေးထုတ်ပြန်စာအရ Influenza၊ HMPV၊ Rhinovirus နဲ့ Mycoplasma pneumonia စတဲ့ရောဂါအမျိုးအစားတွေ နိုင်ငံတွင်းကူးစက်ပျံ့ပွားနေတယ်လို့ ထုတ်ပြန်ထားပါတယ်။ (Archived link)
ပြင်းထန်သောအသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါတွေ မြင့်တက်နေတယ်လို့ဒီထုတ်ပြန်ချက်မှာဆိုထားပါတယ်။ တစ်ချိန်တည်းမှာဘဲ ရာသီတုပ်ကွေးရောဂါကူးစက်မှုတွေရှိနေပြီး ကိုဗစ်-၁၉ ကတော့ ကပ်ရောဂါလို ကူးစက်ပျံ့နှံ့နိုင်ခြင်းမရှိတော့တဲ့ အခြေအနေမှာရှိနေပါတယ်။
ဒါပေမဲ့ ဒီဗိုင်းရပ်စ်ရောဂါကူးစက်မှုတွေကြောင့် တရုတ်နိုင်ငံမှာ အရေးပေါ်အခြေအနေကြေညာထားတယ်ဆိုတဲ့ တရားဝင်ထုတ်ပြန်ချက်တွေ မရှိပါဘူး။
ဖိလစ်ပိုင်နိုင်ငံရဲ့ ကျန်းမာရေးဝန်ကြီးဌာနကလည်း ဒီ "နိုင်ငံတကာကျန်းမာရေးဆိုင်ရာ စိုးရိမ်ဖွယ်ရာ" ကောလဟလတွေက မှားယွင်းပြောဆိုမှုတွေသာဖြစ်ပြီး ခိုင်လုံတဲ့သတင်းအရင်းအမြစ်တွေက မဟုတ်ဘူးလို့ ဆိုပါတယ်။
"ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ရော တရုတ်နိုင်ငံကပါ ဒီလိုမျိုး ကြေညာထားတာမရှိပါဘူး" လို့ ဖိလစ်ပိုင်ကျန်းမာရေးဝန်ကြီးဌာနက Facebook မှာ ဇန်နဝါရီလ ၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ (Archived link)
ကိုဗစ်ကူးစက်မှု
Facebook ပို့စ်က ပထမဓာတ်ပုံကို Google မှာ ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်တဲ့အခါ Reuters သတင်းဌာနက ရှန်ဟိုင်းမြို့တွင်း ကိုဗစ်ရောဂါကူးစက်မှုနှုန်း မြင့်တက်လာတဲ့အကြောင်းဖော်ပြထားတဲ့ ဆောင်းပါးမှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့က ဖော်ပြခဲ့တာတွေ့ရပါတယ်။ (Archived link)
"၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့တွင် ရှန်ဟိုင်းမြို့တွင်း ကိုရိုနာဗိုင်းရပ်ရောဂါ (Covid-19) ကူးစက်ပျံ့ပွားနေချိန် လူနာများသည် Zhongshan ဆေးရုံအရေးပေါ်ဌာန၏ စင်္ကြံတွင်းရှိ ကုတင်များပေါ်တွင် လဲလျောင်းနေပုံ" ဆိုပြီး ဓာတ်ပုံအညွန်းစာမှာ ဖော်ပြထားပါတယ်။
ဘေကျင်းအစိုးရက တရုတ်နိုင်ငံရဲ့ ကိုဗစ်ပပျောက်ရေးမူဝါဒရဲ့အဓိကမဏ္ဍိုင်တွေတဲ့ အပြင်မထွက်ရအမိန့်ထုတ်ခြင်း၊ အစုလိုက်အပြုံလိုက်ရောဂါရှာဖွေစမ်းသပ်ခြင်းတွေနဲ့ ပြည်နယ်လိုက်သွားလာလှုပ်ရှားမှုကန့်သတ်ခြင်းတွေကို ရက်ပိုင်းအတွင်းရုတ်သိမ်းလိုက်တဲ့ အဲ့ဒီအချိန်မှာ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကူးစက်မှုလှိုင်း နောက်တစ်လှိုင်းဟာ တရုတ်နိုင်ငံရဲ့မြို့ပြကြီးတွေအပြင် အခြားနေရာတွေမှာပါ ရိုက်ခတ်နေခဲ့ပါတယ်။ (Archived link)
ဒီဓာတ်ပုံကို ပြင်သစ်သတင်းဌာနတစ်ခုဖြစ်တဲ့ Le Monde နဲ့ ဖိလစ်ပိုင်သတင်းဌာန Rappler တို့ကလည်း ဆင်တူဆောင်းပါးတွေမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။ (Archived links here and here)
အောက်မှာ မှားယွင်းပြောဆိုထားတဲ့ Facebook ပို့စ်ကဓာတ်ပုံ (ဘယ်) ကို Reuters ရဲ့ဆောင်းပါးထဲကဓာတ်ပုံ (ညာ) နဲ့ နှိုင်းယှဥ်ထားတာတွေ့နိုင်ပါတယ်။
ဒုတိယဓာတ်ပုံကို Google မှာ ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်တဲ့အခါ Reuters ကဘဲ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ "လူထု ၈၀ ရာခိုင်နှုန်းကို ကိုဗစ်ရောဂါ ကူးစက်ခဲ့တယ်လို့ တရုတ်အစိုးရပြော" ဆိုတဲ့ ခေါင်းစဥ်နဲ့ ဆောင်းပါးမှာ မျှဝေထားပါတယ်။ (Archived link)
"၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်တွင် ရှန်ဟိုင်းမြို့တွင်း ကိုဗစ်ရောဂါကူးစက်မှုမြင့်တက်နေချိန် ဆေးရုံတစ်ရုံ၏အရေးပေါ်ကုသရေးဌာနရှိ လူနာတင်တွန်းလှည်းပေါ်တွင် လူနာတစ်ဦးလဲလျောင်းအိပ်စက်" ဆိုပြီး ဓာတ်ပုံအညွန်းစာပါရှိပါတယ်။
အောက်မှာ မှားယွင်းပြောဆိုမှုနဲ့ပို့စ်ကဓာတ်ပုံ (ဘယ်) ကို Reuters ရဲ့ ဓာတ်ပုံ (ညာ) နဲ့ နှိုင်းယှဥ်ထားတာတွေ့ရပါတယ်။
ဓာတ်ပုံရာဇဝင်အပြင် အဓိကစကားလုံးတွေသုံးပြီးရှာဖွေကြည့်ရာ တတိယပုံကို Douyin အသုံးပြုသူတစ်ယောက်က၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်မှာ မျှဝေထားတဲ့ ဗီဒီယိုတစ်ခုကနေပြီး screenshot ရယူထားတယ်ဆိုတာတွေ့ခဲ့ရပါတယ်။ (Archived link)
"နွေဦးပွဲတော်ခရီးသွားရာသီမှာ ကလေးဆေးရုံ၏လက်ရှိအခြေအနေ" ဆိုပြီး တရုတ်ဘာသာစကားနဲ့ခေါင်းစဉ်ရေးသားထားပါတယ်။
ဗီဒီယိုမှာ ရဲတစ်ယောက်က အသံချဲ့စကားပြောစက်နဲ့ လူအုပ်ကိုညွှန်ကြားထိန်းချုပ်နေတာကိုတွေ့နိုင်ပါတယ်။
ဆောင်းတွင်းရာသီမှာအဖြစ်များတဲ့ Mycoplasma pnemoniae ကူးစက်မှုကြောင့် ကလေးဆေးရုံမှာ လူပြည့်နေတာကို ဖော်ပြထားတဲ့ Beijing Daily သတင်းဆောင်းပါးရဲ့ ဆင်တူ ဓာတ်ပုံတစ်ပုံကနေပြီး အဲဒီဗီဒီယိုကို Tianjin ကလေးဆေးရုံမှာ ရိုက်ကူးထားတယ်ဆိုတာကို AFP ကအတည်ပြုနိုင်ခဲ့ပါတယ်။ (Archived link)
အောက်မှာ Douyin ဗီဒီယိုရဲ့ပုံ (ဘယ်) ကို Beijing Daily ရဲ့ပုံ (ညာ)နဲ့ နှိုင်းယှဉ်ပြီး တူညီချက်တွေကို AFP ကမြင်သာအောင်အမှတ်အသားပြုလုပ်ထားတဲ့ screenshot ကိုတွေ့နိုင်ပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်