ဘင်္ဂလားဒေ့ရှ်ရန်ပွဲက ဓာတ်ပုံကို မြန်မာနိုင်ငံမငြိမ်မသက်မှုတွေဆိုပြီး မှားယွင်းမျှဝေ

လူမျိုးရေးနဲ့ ဘာသာရေးဆိုင်ရာ ကွဲလွဲမှုတွေဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံအနောက်ဘက်ခြမ်း ရခိုင်ပြည်နယ်က မငြိမ်မသက်မှုတွေနဲ့ပတ်သက်ပြီး မှားယွင်းတဲ့ဓာတ်ပုံတွေ ဆက်လက်ပျံ့နှံ့နေပါတယ်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း အကြမ်းဖက်ရန်ပွဲတစ်ခုကို ARSA စစ်သွေးကြွသောင်းကျန်းသူတွေက ရခိုင်ပြည်နယ်ရဲ့ ဒေသအများစုကိုသိမ်းယူထားတဲ့  ပြိုင်ဘက်လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်တဲ့ အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေကို ကျူးကျော်တိုက်ခိုက်နေတယ်ဆိုပြီး မြန်မာ့လူမှုကွန်ရက်မှာ မှားယွင်းပြောဆိုနေကြပါတယ်။ ဒါပေမဲ့ မူရင်းပုံကို ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဆန္ဒပြပွဲတစ်ခုအတွင်း ခိုက်ရန်ဖြစ်ပွားနေတာကို ရိုက်ကူးထားတာဖြစ်ကြောင်း သတင်းဓာတ်ပုံဆရာက AFP ကိုအတည်ပြုပြောကြားခဲ့ပါတယ်။
Warning: Graphic picture 

"မောင်တောမြို့ရှိ AAသူပုန်များနှင့် AAအားပေးများ နေထိုင်မှူ့များသော ရပ်ကွပ်များထဲသို့ ARSA.. မဆလ..အဖွဲ့များမှ အင်အားအလုံးရင်းဖြင့် ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ပြီး နယ်မြေကြူးကျော် စိုးမိုးမှူ့ များစွာရှိနေ...." (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်က မျှဝေထားတဲ့ ဒီ Facebook ပိုစ့်မှာရေးသားထားပါတယ်။ အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော်ကိုလည်း အတိုကောက်အနေနဲ့ ARSA ဆိုပြီးသုံးနှုန်းထားပါတယ်။   

အဲဒီမှားယွင်းပြောဆိုမှုနဲ့အတူ လူတစ်စုက လမ်းပေါ်မှာ  တုတ်တွေနဲ့ လူတချို့ကိုဝိုင်းရိုက်နေတဲ့ပုံကို ဖော်ပြထားပါတယ်။  

ပြသခြင်း။ ဖွက်ပါ။

အတွင်းစာသားသတိပေးချက်

Image
မှားယွင်းတဲ့ Facebook ပိုစ့်ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်က ရယူထားတဲ့ Screenshot

၂၀၂၁ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရပ်သားအစိုးရကိုဖြုတ်ချကာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်တော်လှန်ရေးတွေကို ပြန်လည်ဖြစ်ပေါ်စေခဲ့တဲ့နောက် ရခိုင်ပြည်နယ်ပဋိပက္ခတွေက အဲဒီသွေးထွက်သံယိုမငြိမ်မသက်မှုတွေရဲ့  အစိတ်အပိုင်းတစ်ခုဖြစ်လာခဲ့ပါတယ်။   

ရခိုင်ပြည်နယ်အနှံ့အပြား နယ်မြေစိုးမိုးမှုတွေရရှိထားတဲ့ အာရက္ခတပ်တော် (AA) က ပြည်နယ်တစ်ခုလုံးကို ထိန်းချုပ်ဖို့အတွက် မြန်မာစစ်တပ်အပြင် အခြားပြိုင်ဘက်လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့လည်း အပြင်းအထန်တိုက်ပွဲဝင်လျက်ရှိပါတယ်။  

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမှာ အာရက္ခတပ်တော်(AA)က မောင်တောမြို့နယ်မှာရှိတဲ့ မြန်မာစစ်တပ်ရဲ့  နောက်ဆုံးလက်ကျန်တပ်စခန်းကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီနောက် ရက်သတ္တပတ်အနည်းငယ်အကြာမှာ ARSA ဟာ မောင်တောမြို့က အရပ်သားခရီးသည်တင်ယာဉ်တစ်စီးကို ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ AA က စွပ်စွဲပြောဆိုခဲ့ပါတယ်။ (Archived links here and here)  

AFP အနေနဲ့ အဲဒီအကြောင်းအရာကို သီးခြားအတည်ပြုနိုင်ခဲ့ခြင်းမရှိပါဘူး။  

အလားတူ Facebook ပိုစ့်တွေကလည်း မောင်တောမြို့မှာ ARSA တပ်သားတွေက အာရက္ခတပ်တော်နဲ့ သူ့ရဲ့ထောက်ခံသူတွေကို တိုက်ခိုက်နေတဲ့ဓာတ်ပုံဆိုပြီး ှားယွင်းမျှနေကြပါတယ်။ မြန်မာသတင်းအချက်အလက်စိစစ်ရေး အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ တွေးပြီးမှယုံ - Think Before You Trust ကလည်း အဲဒီအကြောင်းအရာကို ဦးစွာအချက်အလက်စိစစ်ထားပါတယ်။ (Archived link)

မှားယွင်းတဲ့ပိုစ့်တွေက မှတ်ချက်တွေအရ လူမှုကွန်ရက်အသုံးပြုသူတွေဟာ အဲ့ဒီဓာတ်ပုံကို မြန်မာနိုင်ငံကဆိုပြီး ယုံကြည်နေကြပါတယ်။  

"အေအေတွေသနားစရာပါညီမချေ" (မူရင်းအတိုင်း) ဆိုပြီး အသုံးပြုသူတစ်ယောက်က မှတ်ချက်ပြုထားပါတယ်။ "ကိုယ့်တိုင်းရင်းသားမို့စိတ်မကောင်းဖြစ်မိပေမဲ့ဗမာဆိုသတ်ဆိုသူများဆိုရင်တော့ဝဋ်လည်တာပါ" (မူရင်းအတိုင်း) ဆိုပြီးလည်း အခြားတစ်ယောက်က ရေးသားထားပါတယ်။  

ဘင်္ဂလားဒေ့ရှ် ဆန္ဒပြပွဲ  

ဒါပေမဲ့ Google မှာဓာတ်ပုံရာဇဝင်ရှာဖွေကြည့်ရာ ထပ်တူညီတဲ့ဓာပုံကို ဘင်္ဂလားဒေ့ရှ်အခြေစိုက် Prothom Alo သတင်းစာကနေပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်မှာမျှဝေခဲ့တာကို တွေ့ရပါတယ်။ (Archived link)

"၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်တွင် မြို့တော်ရှိ NTBC အဆောက်အအုံပရဝုဏ်အတွင်း၌ ဆန္ဒထုတ်ဖော်နေတဲ့ အုပ်စုနှစ်ခု  ခိုက်ရန်ဖြစ်ပွား" ဆိုပြီး ဓာတ်ပုံရဲ့ ခေါင်းစဉ်ကိုရေးသားထားပါတယ်။ သတင်းဓာတ်ပုံဆရာ Suvra Kanti Das ကိုလည်းရည်ညွှန်းထားပါတယ်။ (Archived link)

"ဌာနေတိုင်းရင်းသားများ" ဆိုပြီး အမှတ်အသားပြုထားတဲ့ သရုပ်ဖော်ပုံကို ပြဌာန်းစာအုပ်ကနေဖယ်ရှားရန် ပညာရေးဌာနရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး "လွတ်လပ်သောကျောင်းသားများအဖွဲ့" နဲ့ "နစ်နာသူ ဒေသခံကျောင်းသား နဲ့ ပြည်သူများအဖွဲ့" တို့  ခိုက်ရန်ဖြစ်ပွားခဲ့ကြတယ်လို့ ဒီသတင်းဖော်ပြချက်မှာ ရေးသားထားပါတယ်။  

ပြသခြင်း။ ဖွက်ပါ။

အတွင်းစာသားသတိပေးချက်

Image
မှားယွင်းတဲ့ Facebook ပိုစ့် (ဘယ်) နဲ့ Prothom Alo ကမျှဝေထားတဲ့ ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ထားတဲ့ Screenshot

သတင်းဓာတ်ပုံဆရာ Das က အဲဒီဓာတ်ပုံကို ဘင်္ဂလားဒေ့ရှ်မြို့တော်  ဒါကာမြို့က အမျိုးသားသင်ရိုးညွှန်းတမ်းနဲ့ ကျောင်းသုံးစာအုပ်ဘုတ်အဖွဲ့ (NCTB) အဆောက်အအုံရှေ့မှာ ရိုက်ကူးခဲ့တယ်ဆိုပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်မှာ AFP ကိုပြောကြားခဲ့ပါတယ်။  

"ဆန္ဒပြတဲ့ အဖွဲ့နှစ်ဖွဲ့ ရန်ဖြစ်ကြတာ" လို့သူကဆိုပါတယ်။  

ပုံရဲ့ ညာဘက်အပေါ်ထောင့်မှာ ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံတော်အလံကို ထင်ရှားစွာမြင်ရတဲ့ ပိုမိုကြည်လင်ပြတ်သားတဲ့ မူရင်းပုံကိုလည်း Das က AFP ကိုမျှဝေပေးခဲ့ပါတယ်။ (Archived link) 

Google Maps' street view ကဓာတ်ပုံအရ အဲဒီပုံကို ဒါကာမြို့က NCTB အဆောက်အအုံရှေ့မှာရိုက်ကူးခဲ့တယ်ဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။ (Archived link)  

ပြသခြင်း။ ဖွက်ပါ။

အတွင်းစာသားသတိပေးချက်

Image
Das ရဲ့ ကြည်လင်ပြတ်သားတဲ့ဓာတ်ပုံ (ဘယ်) နဲ့ ရိုက်ကူးခဲ့တဲ့နေရာရဲ့ Google Maps street view ဓာတ်ပုံ (ညာ)တို့ကို နှိုင်းယှဉ်ထားပြီး တူညီမှုတွေကို AFP ကမြင်သာအောင်အမှတ်အသားပြုလုပ်ထားတဲ့ Screenshot

AFP အနေနဲ့ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ မငြိမ်မသက်မှုတွေနဲ့ ပတ်သက်တဲ့ အချက်အလက်မှားတွေကို ယခင်ကလည်းစိစစ်ခဲ့ပါတယ်။  

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်