မော်လ်တာနိုင်ငံက စက်ရုံပေါက်ကွဲမှုကို နမ့်ခမ်းပေါက်ကွဲမှုဆိုပြီး မှားယွင်းမျှဝေ
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 16 ဇွန် 2026 အချိန် 11h03
- ဖတ်ရန် ကြာချိန် 1 မိနစ်
- AFP ထိုင်း
၂၀၂၆ ခုနှစ်၊ မေလ ၃၁ ရက်နေ့က တိုင်းရင်းသားလက်နက်ကိုင်တွေထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့နယ်မှာ ပေါက်ကွဲမှုကြီးတစ်ခုကြောင့် လူပေါင်းများစွာအသက်ဆုံးရှုံးခဲ့ရတဲ့နောက် မြန်မာလူမှုကွန်ရက်အသုံးပြုသူတွေဟာ ဗီဒီယိုတစ်ခုကို အဲဒီအဖြစ်အပျက်ဆိုပြီး မှားယွင်းမျှဝေနေကြပါတယ်။ အဲဒီဗီဒီယိုဟာ မော်လ်တာနိုင်ငံရှိ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှုအကြောင်း သတင်းရေးသားဖော်ပြမှုတွေမှာ ပါဝင်ခဲ့ပြီး ဗီဒီယိုဟာ မော်လ်တာနိုင်ငံ၊ Naxxar မြို့မှာ ရိုက်ကူးခဲ့တယ်ဆိုတာကို AFP က အတည်ပြုနိုင်ခဲ့ပါတယ်။
"နမ်းခမ်းTNLA.လက်ပစ်ဗုံးထုတ်လုပ်ရာဝါရာရှော့ဖြစ်ပီးပေါက်ကွဲ.တရုတ်ပညာရှင်(25)ဦးနဲ့(170)ဦးသေဆုံး" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၆ ခုနှစ်၊ ဇွန်လ ၃ ရက်က မျှဝေထားတဲ့ ဒီ Facebook ပိုစ့်မှာ စာသားပါရှိပါတယ်။
အဲဒီပိုစ့်မှာ ၇ စက္ကန့်ကြာတဲ့ အကြီးစားပေါက်ကွဲမှု ဗီဒီယိုတစ်ခုပါဝင်ပြီး ကြည့်ရှုမှုအကြိမ်ရေပေါင်း ၅၀၀,၀၀၀ ကျော်ရှိပြီ ဖြစ်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့မှာ ၂၀၂၆ ခုနှစ်၊ မေလ ၃၁ ရက်က ပေါက်ကွဲမှုကြီးတစ်ခုကြောင့် လူပေါင်း ဒါဇင်နဲ့ချီသေဆုံးကာ နေအိမ်တွေလည်းပျက်စီးခဲ့ရပါတယ်။ (Archived link)
မြန်မာနိုင်ငံအတွင်း အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေထဲကတစ်ခုဖြစ်တဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က နမ့်ခမ်းမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုဟာ မိုင်းတွင်းဖောက်ခွဲရေးပစ္စည်းတွေ မတော်တဆပေါက်ကွဲတာကြောင့်လို့ ဆိုပါတယ်။
အမည်မဖော်လိုတဲ့ ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပေါက်ကွဲမှုကြောင့် စုစုပေါင်း သေဆုံးသူ ၅၉ ဦးရှိတယ်လို့ AFP ကိုပြောပေမယ့် TNLA ကတော့ ကလေးငယ် ၇ ဦးအပါအဝင် စုစုပေါင်း အသက်ဆုံးရှုံးသူ ၄၃ ဦးရှိပြီး ၁၁၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တရားဝင်ထုတ်ပြန်ထားပါတယ်။ (Archived link) ဒါပေမဲ့ တရုတ်နိုင်ငံဘက်ကတော့ သူတို့နိုင်ငံသားတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အတည်ပြုထားပါတယ်။ (Archived link)
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးကတည်းက စစ်တပ်ဟာ ဒီမိုကရေစီလိုလားတဲ့တပ်ဖွဲ့တွေနဲ့အပြင် အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ပါ တိုက်ခိုက်နေတာကြောင့် မြန်မာတစ်နိုင်ငံလုံး ပြည်တွင်းစစ်မီးတောက်လောင်နေပါတယ်။
တူညီတဲ့ပေါက်ကွဲမှု ဗီဒီယိုကို နမ့်ခမ်းမှာဖြစ်ပွားခဲ့တာဆိုပြီး မြန်မာဘာသာနဲ့ Facebook နဲ့ TikTok မှာ မှားယွင်းမျှဝေနေကြပါတယ်။
ဒါပေမယ့် ဒါဟာ မြေထဲပင်လယ် မော်လ်တာကျွန်းမှာ ဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။ တူညီတဲ့ ဗီဒီယိုကို အီရန်စစ်ပွဲကဆိုပြီး မှားယွင်းမျှဝေတာတွေကိုလည်း AFP က အချက်အလက်စိစစ်ခဲ့ပါတယ်။
လူမှုကွန်ရက်မှာ မျှဝေထားတာကို AFP ကအတည်ပြုပြီး ဖြန့်ဝေထားတဲ့ နမ့်ခမ်းပေါက်ကွဲမှုရဲ့ ဗီဒီယိုက မြင်ကွင်းတွေဟာလည်း မှားယွင်းပျံ့နှံ့နေတဲ့ ဗီဒီယိုနဲ့ တူညီတာမျိုးမရှိပါဘူး။
မှားယွင်းမျှဝေထားတဲ့ ဗီဒီယိုကရုပ်ပုံတွေအသုံးပြုပြီး Google မှာဓာတ်ပုံရာဇဝင်ရှာဖွေကြည့်ရာ France 24 သတင်းဌာနက ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်မှာမျှဝေထားတဲ့ ပိုမိုရှည်လျားတဲ့ ဗီဒီယိုကိုတွေ့ခဲ့ရပါတယ်။ (Archived link)
"မော်လ်တာနိုင်ငံရှိ မီးရှူးမီးပန်းစက်ရုံတစ်ခုတွင် တနင်္လာနေ့က ပြင်းထန်သောပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး မီးခိုးများနှင့် အပျက်အစီးများစွာ လေထဲသို့ ပျံ့နှံ့သွားကာ လူနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြား" ဆိုပြီး ဗီဒီယိုမှာဖော်ပြထားပါတယ်။
ဗီဒီယိုရဲ့ ရှေ့ပိုင်းမှာတွေ့ရတဲ့ အဆောက်အအုံတွေဟာ မော်လ်တာနိုင်ငံ၊ Naxxar မြို့၊ Triq il-Katakombi လမ်းရှိ Chapel of the Annunciation အပြင် အခြားအဆောက်အအုံတွေရဲ့ Google Maps Street View ဓာတ်ပုံတွေနဲ့ ကိုက်ညီမှုရှိပါတယ်။ (Archived links here and here)
မော်လ်တာနိုင်ငံအခြေစိုက် သတင်းဌာနတွေဖြစ်တဲ့ the Times of Malta နဲ့ Malta Today တို့ကလည်း တူညီတဲ့ ဗီဒီယိုကို မျှဝေထားပါတယ်။ (Archived links here and here)
ပေါက်ကွဲမှုကြောင့် အနီးနားကွင်းပြင်တွေမှာ အလုပ်လုပ်နေကြတဲ့ လူနှစ်ဦး ဒဏ်ရာအနည်းငယ်နဲ့ ဆေးကုသမှုခံယူခဲ့ရပေမယ့် အဲဒီအချိန် စက်ရုံထဲမှာ လုပ်သားတွေ ရှိမနေကြဘူးလို့ ရဲတပ်ဖွဲ့ကပြောတယ်ဆိုပြီး ဖော်ပြထားကြပါတယ်။
မော်လ်တာနိုင်ငံက ပေါက်ကွဲမှုရဲ့ အလားတူဓာတ်ပုံတွေကိုလည်း AFP ကမျှဝေထားပါတယ်။
မြန်မာနိုင်ငံမငြိမ်မသက်မှုနဲ့ပတ်သက်တဲ့ အခြားမှားယွင်းပြောဆိုမှုတွေကိုလည်း AFP က အချက်အလက်စိစစ်ထားပါတယ်။
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၆။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်