နယူးယောက်မြို့မှာ ဗိုက်ကင်းလှေလှော်ဟန် ပြုလုပ်နေတဲ့ မြန်မာတက်ကြွလှုပ်ရှားသူတွေရဲ့ ရုပ်ပုံဟာ AI ဖန်တီးမှုသာဖြစ်

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 10 ဇူလိုင် 2026 အချိန် 11h08
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP ထိုင်း

နော်ဝေရိုးရာ "ဗိုက်ကင်းလှေလှော်ဟန်" ပြုလုပ်နေတဲ့ ဘောလုံးပရိသတ်တွေကို နယူးယောက်ခ်မြို့ရဲ့ အထင်ကရနေရာဖြစ်တဲ့ Times Square မှာ လတ်တလောအတွေ့များပေမယ့် ရာထူးကနေ ဖြုတ်ချခံရတဲ့ မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးတဲ့အနေနဲ့ မြန်မာဆန္ဒပြသူတွေကလည်း တူညီတဲ့ပုံစံ ပြုလုပ်နေတာဆိုပြီး အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ ရုပ်ပုံကတော့  လုပ်ကြံဖန်တီးထားတာပဲ ဖြစ်ပါတယ်။ အဲဒီရုပ်ပုံမှာ AI နဲ့ ဖန်တီးထားတာကို သိသာစေတဲ့ ရုပ်ပုံကွဲလွဲမှုတွေ ပါဝင်နေပြီး AI ကိရိယာတစ်ခုရဲ့ ရေစာပါရှိတဲ့ ဗီဒီယိုကနေ ရယူထားတာ ဖြစ်ပါတယ်။

"Times Square ရဲ့ နှလုံးသားမှာ ကျနော်တို့ရဲ့ အသံကို ပိုမိုကျယ်လောင်အောင် ဖော်ထုတ်ခဲ့ပါတယ်။"(မူရင်းအတိုင်း) ဆိုပြီး ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်က မျှဝေထားတဲ့ ဒီ Facebook ပိုစ့်မှာ စာသားတစိတ်တပိုင်းရေးသားထားပါတယ်။

အဲဒီပိုစ့်မှာ တိုင်းရင်းသားဝတ်စုံမျိုးစုံ ဝတ်ဆင်ထားသူတွေဟာ မြေပြင်ပေါ်မှာ ထိုင်ပြီး တညီတညွတ်တည်း လှေလှော်တော့မယ့် ပုံစံမျိုး လက်မောင်းတွေရှေ့ကို ဆန့်တန်းထားတဲ့ ရုပ်ပုံတစ်ခု ပါဝင်ပါတယ်။ သူတို့ရဲ့ အနီးနားမှာလည်း နယူးယောက်ခ်မြို့ရဲ့ Times Square က ဆိုင်းဘုတ်တွေနဲ့ ဆင်တူတဲ့ ကြော်ငြာဘုတ်တွေကိုလည်း တွေ့ရပါတယ်။

"Viking Row ပုံစံနဲ့ စည်းလုံးညီညွတ်စွာ ထိုင်ပြီး မိခင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ Proof of Life ကို တောင်းဆိုနေတဲ့ပုံဟာ မြင်တွေ့ရတဲ့အတိုင်း တော်လှန်လူထုရဲ့ စိတ်ဓာတ်မကျဆင်းမှုကို ပြသနေပါတယ်။"(မူရင်းအတိုင်း) ဆိုပြီးလည်း ဆက်လက်ရေးသားထားပါတယ်။  

"ဗိုက်ကင်းလှေလှော်ဟန်" ဆိုတာ နော်ဝေနိုင်ငံရဲ့ ယခင်ကတည်းကတည်ရှိခဲ့တဲ့ ရိုးရာဓလေ့တစ်ခုဖြစ်ပါတယ်။ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နော်ဝေအသင်းကို ထောက်ခံအားပေးတဲ့အနေနဲ့ ပရိသတ်တွေက လှေလှော်ဟန်ပြုလုပ်နေတဲ့ ဗီဒီယိုတွေကို မျှဝေခဲ့ကြရာကနေ အွန်လိုင်းပေါ်မှာ ရေပန်းစားလာခဲ့တာ ဖြစ်ပါတယ်။ (Archived link)

Image
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၇ ရက်က ရယူထားတဲ့ မှားယွင်း Facebook ပို့စ်ရဲ့ Screenshot ကို AFP က အနီရောင် X နဲ့ AI အမှတ်အသားပြုထား

ဘောလုံးပရိသတ်တွေက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ယှဉ်ပြိုင်နေတဲ့ သူတို့ရဲ့အသင်းတွေကို ထောက်ခံအားပေးဖို့ နယူးယောက်ခ်မြို့ရဲ့ Times Square မှာ စုရုံးခဲ့ကြပြီး ရက်ပိုင်းအကြာမှာပဲ တူညီတဲ့ပြောဆိုမှုတွေဟာ Facebook ပိုစ့်တွေမှာ ပျံ့နှံ့ခဲ့ပါတယ်။ (Archived link)

ဒါအပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်မ်အဲရစ်က ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်က ကျရောက်တဲ့ သူ့မိခင်ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့မှာ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်လျက် ရှိနေကြောင်း မြန်မာအစိုးရဆီကနေ သက်သေပြဖို့ တောင်းဆိုတဲ့ စကိတ်စီးစိန်ခေါ်ပွဲတစ်ခုကို ကျင်းပခဲ့ပြီး ရက်သတ္တပတ်အနည်းငယ်အကြာမှာ ဒီမှားယွင်းပြောဆိုမှုတွေပျံ့နှံ့လာတာပဲ ဖြစ်ပါတယ်။  (Archived links here and here)

၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီး နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်ကို ရာထူးကနေ ဖယ်ရှားကာ ဆယ်စုနှစ်တစ်ခုကြာ ဒီမိုကရေစီအတွေ့အကြုံကို အဆုံးသတ်ခဲ့တဲ့နောက် မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်မီး တောက်လောင်ခဲ့ရပါတယ်။

ငါးနှစ်အကြာမှာ အာဏာသိမ်းခေါင်းဆောင်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီကို ဖယ်ထုတ်ထားပြီး တင်းကျပ်စွာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကနေ နိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူဖို့အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးကို ယခုနှစ်မှာ လွှဲပြောင်းပေးခဲ့ပါတယ်။

အသက်၈၁ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကို ပြောင်းရွှေ့မယ်လို့ ဧပြီလနှောင်းပိုင်းမှာ ကြေညာခဲ့ပေမယ့် ဒီလိုကရုဏာပြမှုဟာ တင်းကျပ်လှတဲ့ အုပ်ချုပ်ရေးရဲ့ ပုံရိပ်ကို ပြောင်းလဲဖို့ ရည်ရွယ်တဲ့ အပြောသက်သက်သာဖြစ်တယ်လို့ နိုင်ငံရေးသုံးသပ်သူတွေက ဆိုပါတယ်။ (Archived link)

ဒါပေမဲ့ ပျံ့နှံ့နေတဲ့ ရုပ်ပုံဟာ AI နဲ့ ဖန်တီးထားတာပဲ ဖြစ်ပါတယ်။

Google မှာ ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်ရာ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၅ ရက်က မြန်မာလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ချိုချိုရဲ့ တရားဝင် Facebook စာမျက်နှာမှာ မျှဝေထားတဲ့ ဗီဒီယိုတစ်ခုကိုတွေ့ခဲ့ပါတယ်။ (Archived link)

ဗီဒီယိုရဲ့ ဘယ်ဘက်အပေါ်ထောင့်မှာ AIReel ရေစာကို တွေ့ရပြီး ဒါဟာAI ကိရိယာသုံးပြီး ဖန်တီးထားတာဖြစ်တယ်လို့ ဖော်ပြနေပါတယ်။ (Archived link)

ဗီဒီယိုကို ထပ်မံစစ်ဆေးကြည့်ရာ "အမေစု" လို့ အဓိပ္ပာယ်ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်းတဲ့ စာလုံးပေါင်းကလည်း မှားယွင်းနေတာကို တွေ့ရပါတယ်။ ဗီဒီယိုထဲမှာ "Ama Yay Suu" လို့ မှားယွင်းဖော်ပြထားတဲ့အပြင် လူတွေရဲ့ မျက်နှာတွေကလည်း ဝေဝါးနေတာကို တွေ့ရပါတယ်။

Image
မှားယွင်းဗီဒီယိုမှာတွေ့ရတဲ့ ရုပ်ပုံကွဲလွဲမှုတွေကို AFP က မြင်သာအောင်ဖော်ပြထားပြီး AI အမှတ်အသားပြုလုပ်ထား

AI စစ်ဆေးမှု ကိရိယာတစ်ခုဖြစ်တဲ့ Hive Moderation နဲ့ ဗီဒီယိုကို စိစစ်ကြည့်ရာ ၉၀.၈ ရာခိုင်နှုန်းဟာ AI နဲ့ ဖန်တီးထားတာ ဖြစ်နိုင်ခြေရှိတယ်လို့ တွေ့ရပါတယ်။

Image
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂ ရက်က ပြုလုပ်ထားတဲ့ Hive Moderation စိစစ်မှုရလာဒ်ရဲ့ Screenshot

AFP က ဒေါ်ချိုချိုဆီ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားတာမျိုး မရှိသေးပါဘူး။

Proof of life လှုပ်ရှားမှုတွေကို ၂၀၂၆ ခုနှစ်၊ မေလ ၁၇ ရက်က လန်ဒန်မြို့နဲ့ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၄ ရက်က ဩစတြေးလျနိုင်ငံတို့မှာ ကျင်းပခဲ့ပေမယ့် အဲဒီလှုပ်ရှားမှုကို နယူးယောက်ခ်က Times Square မှာ ကျင်းပခဲ့တယ်ဆိုတဲ့ သတင်းဖော်ပြချက်မျိုး မရှိသေးပါဘူး။ (Archived links here, here and here)

မြန်မာနိုင်ငံမငြိမ်မသက်မှုတွေနဲ့ ပတ်သက်တဲ့ အခြားမှားယွင်းပြောဆိုမှုတွေကိုလည်း AFP အနေနဲ့ ယခင်ကလည်း အချက်အလက်စိစစ်ခဲ့ပါတယ်။ 

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ