မြန်မာစစ်ရဟတ်ယာဉ်မီးလောင်နေတဲ့ ရုပ်ပုံဟာ AI နဲ့ ဖန်တီးထားခြင်းသာဖြစ်

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 01 ဇူလိုင် 2026 အချိန် 09h39
  • ဖတ်ရန် ကြာချိန် 1 မိနစ်
  • AFP ထိုင်း

မြန်မာနိုင်ငံအလယ်ပိုင်းက တော်လှန်ရေးတပ်ဖွဲ့တွေဟာ စစ်ရဟတ်ယာဉ်တစ်စင်းကို ဇွန်လအတွင်းမှာ တိုက်ခိုက်ဖျက်ဆီးခဲ့ပေမယ့် မီးလောင်နေတဲ့ ရဟတ်ယာဉ်ရဲ့ ရုပ်ပုံကတော့ အဲဒီတိုက်ခိုက်မှုက မဟုတ်ပါဘူး။ မြန်မာသတင်းမီဒီယာတွေက မျှဝေခဲ့တဲ့ ဗီဒီယိုတွေမှာ ပျံ့နှံ့နေတဲ့ ရုပ်ပုံထဲကအတိုင်း မီးလောင်မှု ကြီးကြီးမားမားဖြစ်တာမျိုး မရှိတဲ့အပြင် ရုပ်ပုံကို OpenAI ရဲ့ ကိရိယာတွေသုံးပြီး ဖန်တီးထားတယ်လို့ စိစစ်တွေ့ရှိရပါတယ်။ 

"မကွေး ပီဒီအက်ပ်တွေအတွက် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးပေးတဲ့ လက်ဆောင် (ပုဇဥ်း ကင်)" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက်က မျှဝေထားတဲ့ ဒီ Facebook ပိုစ့်မှာ စာသားပါရှိပါတယ်။

မီးခိုးငွေ့အမည်းတွေထွက်နေပြီး မီးတောက်မီးလျှံတွေနဲ့ စစ်ရဟတ်ယာဉ်တစ်စင်းရဲ့  ရုပ်ပုံတစ်ခု အဲဒီပိုစ့်မှာ ပါရှိပါတယ်။ 

ထောက်လှမ်းရေးအကြီးအကဲဟောင်းတစ်ဦးဖြစ်သူ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို ၂၀၂၆ ခုနှစ်၊ မတ်လမှာ ကာကွယ်ရေးဦးစီးချုပ်အဖြစ် စစ်အစိုးရက ခန့်အပ်ခဲ့ပါတယ်။ အဲဒီရာထူးဟာ ၂၀၂၁ ခုနှစ်မှာ ဒေါ်အောင်ဆန်စုကြည်ရဲ့  ရွေးကောက်ခံအစိုးရကို ဖြုတ်ချခဲ့တဲ့ လက်ရှိသမ္မတ ဦးမင်းအောင်လှိုင်ရဲ့ ယခင်နေရာပဲဖြစ်ပါတယ်။ (Archived links here and here)  

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေဟာ ယခင် ကျောင်းသား၊ လယ်သမား၊ အလုပ်သမားတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ သူတို့ဟာ စစ်အာဏာသိမ်းမှုကို လက်နက်စွဲကိုင် ဆန့်ကျင်တော်လှန်တိုက်ခိုက်နေကြသူတွေဖြစ်ပြီး နိုင်ငံအနှံ့အပြားမှာ တိုက်ပွဲဝင်နေကြပါတယ်။ (Archived links here and here)  

Image
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၅ ရက်ကရယူထားတဲ့ မှားယွင်းပိုစ့်ရဲ့ Screenshot ကို AFP က အနီရောင် X နဲ့ AI အမှတ်အသားပြုထား

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်မှာ စစ်တပ်ရဲ့ Mi-17 ရဟတ်ယာဉ်တစ်စင်းကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းအင်အားစုတွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်ဆိုပြီး ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) က ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက်မှာ သတင်းဖော်ပြခဲ့ပါတယ်။ (Archived link)  

အဲဒီတိုက်ခိုက်မှုဟာ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့မှာ စတင်ခဲ့တဲ့ စစ်တပ်ရဲ့ထိုးစစ်ဆင်မှုအတွင်း ဖြစ်ပွားခဲ့တယ်လို့ မဇ္ဈိမသတင်းဌာနက ရေးသားဖော်ပြခဲ့ပါတယ်။ (Archived link

ဧရာဝတီသတင်းဌာနရဲ့ဖော်ပြချက်အရ ၂၀၂၅  ခုနှစ်နဲ့ ၂၀၂၄ ခုနှစ်တွေမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ကလည်း စစ်ရဟတ်ယာဉ်တွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။ (Archived link

တူညီတဲ့မှားယွင်းပြောဆိုမှုတွေကို Facebook မှာမျှဝေနေကြပါတယ်။ 

ဒါပေမဲ့ ပျံ့နှံ့နေတဲ့ရုပ်ပုံဟာ AI နဲ့ ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ 

ဒေသတွင်းသတင်းဌာနတွေက မျှဝေခဲ့တဲ့ ဒရုန်းတိုက်ခိုက်မှုရဲ့ ဗီဒီယိုတွေမှာ ရဟတ်ယာဉ်အောက်ခြေနဲ့ ပန်ကာနားက ပေါက်ကွဲမှုတွေကြောင့် မီးလောင်ကျွမ်းမှု အနည်းငယ်သာ ဖြစ်တာကို တွေ့ရပါတယ်။ (Archived links here and here)

မှားယွင်းပျံ့နှံ့နေတဲ့ ရုပ်ပုံက မီးလောင်ကျွမ်းမှုဟာ သတင်းဌာနတွေကဖော်ပြတဲ့ ဗီဒီယိုတွေက မီးလောင်ကျွမ်းမှုနဲ့ ကိုက်ညီတာမျိုး မရှိပါဘူး။

Image
မှားယွင်းမျှဝေထားတဲ့ရုပ်ပုံ (ဘယ်) ကို DVB သတင်းဌာနရဲ့ ဗီဒီယို (ညာ) နဲ့ နှိုင်းယှဥ်ထားတဲ့ Screenshot

မှားယွင်းပျံ့နှံ့နေတဲ့ပုံကို AFP က OpenAI ရဲ့  ရုပ်ပုံစိစစ်ရေးဝဘ်ဆိုဒ်မှာ စစ်ဆေးကြည့်ရာ SynthID ရေစာအမှတ်အသားကို တွေ့ရှိခဲ့ရပြီး နည်းပညာကုမ္ပဏီကြီးရဲ့ AI ကိရိယာတွေနဲ့ ဖန်တီးထားတယ်ဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။ (Archived link)  

Image
OpenAI စစ်ဆေးမှုရလာဒ်ရဲ့ Screenshot

မြန်မာနိုင်ငံမငြိမ်သက်မှုတွေနဲ့ ပတ်သက်တဲ့ အခြားမှားယွင်းပြောဆိုမှုတွေကိုလည်း AFP က အချက်အလက်စိစစ်ထားပါတယ်။ 

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ