စပိန်စစ်တပ်နှင့် ရွှေ့ပြောင်းအခြေချသူများ ထိပ်တိုက်တွေ့သည့် AI နှင့်ဖန်တီးထားသော အစ္စလာမ်မုန်းတီးရေး ဗီဒီယိုများ ပျံ့နှံ့
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 10 ဇူလိုင် 2026 အချိန် 12h40
- ဖတ်ရန် ကြာချိန် 2 မိနစ်
- Devesh MISHRA, AFP အိန္ဒိယ
ဇူလိုင်လနှောင်းပိုင်းက မော်ရိုကိုနိုင်ငံမှ ရွှေ့ပြောင်းအခြေချသူ အမြောက်အမြား စပိန်နိုင်ငံ၏ မြောက်အာဖရိက ပိုင်နက်ဖြစ်သော ဆီဥတာ (Ceuta) မြို့အတွင်းသို့ ဝင်ရောက်ခဲ့ပြီးနောက် မူဆလင်များကို ဟန့်တားရန်အတွက် စစ်တပ်က ဝက်သားများကို အသုံးပြုခဲ့သည်ဆိုသည့် လုပ်ကြံဖန်တီးထားသော ဗီဒီယိုအပါအဝင် သတင်းမှားများ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့ပါသည်။ ဟိန္ဒူဘာသာဝင်အများစုနေထိုင်သည့် အိန္ဒိယနိုင်ငံတွင် အကျယ်တဝင့် ပျံ့နှံ့ခဲ့သည့် အဆိုပါ ဗီဒီယို၌ AI နှင့် ဖန်တီးထားကြောင်း ပြသနေသည့် ရုပ်ပုံကွဲလွဲမှုများ ပါဝင်နေပြီး ယင်းဗီဒီယိုသည် လုပ်ကြံဖန်တီးထားခြင်းဖြစ်ကြောင်း ဖန်တီးသူကိုယ်တိုင် AFP ကိုအတည်ပြုခဲ့ပါသည်။
"မော်ရိုကိုနိုင်ငံကနေ လမ်းကြောင်းပေါင်းစုံ နဲ့ စပိန်နိုင်ငံထဲ ကို ခိုးဝင်လာတဲ့ Morroco မူဆလင် ဘာသာဝင် နိုင်ငံသား များကို စပိန်လုံခြုံရေးတပ်ဖွဲ့မှ ဝက်သား ၊ ဝက် အရေခွံ များ နဲ့ ပစ်ပေါက်ကာ တားဆီး မောင်းထုတ်။" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂ ရက်က မျှဝေထားသည့် Facebook ပို့စ်တစ်ခုတွင် ဖော်ပြထားပါသည်။
ယင်းပိုစ့်တွင် ပူးတွဲပါရှိသည့် ၁၅ စက္ကန့်စာ ဗီဒီယိုအတို၌ ယူနီဖောင်းဝတ် ဝန်ထမ်းအချို့သည် "Bacon squad" ဟုရေးသားထားသော စစ်လက်နက်အပြည့်အစုံနှင့် ရပ်ထားသည့်စစ်ကားတစ်စီးနားမှာရပ်ပြီး လူအုပ်ကြီးထံသို့ အသားစများဖြင့် ပစ်ပေါက်နေသည်ကို တွေ့ရပါသည်။
ဝက်သားသည် အစ္စလာမ်ဘာသာတွင် တားမြစ်အစားအစာဖြစ်ပါသည်။ အစ္စလာမ်ဘာသာသည် မိုရိုကိုနှင့် ဆီဥတာမြို့တို့တွင် အဓိကကိုးကွယ်သည့် ဘာသာဖြစ်သော်လည်း၊ အိန္ဒိယနိုင်ငံတွင်မူ လူနည်းစုသာ ကိုးကွယ်ကြပါသည်။ (Archived links here and here)
ရက်အနည်းငယ်အတွင်းမှာပင် အိမ်နီးချင်း မိုရိုကိုနိုင်ငံမှ ရွှေ့ပြောင်းအခြေချသူ သောင်းပေါင်းများစွာသည် ဆီဥတာမြို့သို့ ဝင်ရောက်လာခဲ့ပြီးနောက်၊ ယင်းဗီဒီယိုအတိုသည် X နှင့် Facebook ပေါ်တွင် အများအပြား ပျံ့နှံ့ခဲ့ပါ်သည်။ (Archived link)
လူဦးရေ ၈၄,၀၀၀ ရှိသည့် စပိန်ပိုင်နက်အတွင်းသို့ ၊ မိုရိုကိုနိုင်ငံသားအများစုဖြစ်ကြသည့် ရွှေ့ပြောင်းအခြေချသူများသည် ခြေလျင်လျှောက်၍လည်းကောင်း၊ ရေကူး၍လည်းကောင်း၊ ဇူလိုင်လနှောင်းပိုင်းတွင် စတင်ဝင်ရောက်လာခဲ့ကြသဖြင့် စပိန်နှင့် ၎င်း၏ ဥရောပသမဂ္ဂ (EU) မိတ်ဖက်များအကြား သံတမန်ရေးရာ အကျပ်အတည်း ဖြစ်ပေါ်ခဲ့ပါသည်။ (Archived link)
မြေထဲပင်လယ်အတွင်းရှိ အတားအဆီးကို ကျော်လွန်၍ ရေကူးရန် ကြိုးပမ်းကြစဉ်၊ အများအပြား ရေနစ်သေဆုံးခဲ့ရပြီး၊ ဆီဥတာမြို့ရှိ စပိန်အစိုးရ ကိုယ်စားလှယ်အဖွဲ့က သေဆုံးသူ ၇၀ ကျော်ရှိကြောင်းထုတ်ပြန်ခဲ့ပါသည်။ (Archived link)
မက်ဒရစ်အစိုးရသည် ရာစုနှစ်ပေါင်းများစွာ အုပ်ချုပ်ထားသော အဆိုပါ နယ်ခြားစခန်းသို့ တပ်ဖွဲ့ဝင်များ၊ ဒရုန်းများ၊ ရေငုပ်သမားများနှင့် လှေများကို အလျင်အမြန် စေလွှတ်ခဲ့ပါသည်။ ဆီဥတာမြို့ရှိ AFP သတင်းထောက်များသည် ရဲနှင့် စစ်တပ်အမြောက်အမြား ရောက်ရှိနေသည်ကို တွေ့ရှိခဲ့ရပြီး၊ လူငယ်အချို့် မိုရိုကိုဘက်သို့ပြန်သွားစဉ် အရာရှိများကို နှုတ်ဆက်ခဲ့ကြသည်ကိုလည်း မြင်တွေ့ခဲ့ရပါ်သည်။ (Archived link)
ဩဂုတ်လ ၅ ရက်နေ့အထိ စပိန်ပိုင်နက်အတွင်း ဝင်ရောက်ခဲ့သူ ၇၂,၀၀၀ အနက် ၇၀,၀၀၀ ခန့်သည် ပြန်လည်ထွက်ခွာသွားခဲ့ပြီဖြစ်ကြောင်း စပိန်အစိုးရက ပြောကြားခဲ့ပါသည်။
စပိန်တပ်ဖွဲ့များက ရွှေ့ပြောင်းအခြေချသူများထံ ဝက်သားဖြင့် ပစ်ပေါက်သည်ဟု ဆိုထားသော ဗီဒီယိုကို မျှဝေထားသည့် ပို့စ်များပေါ်က အစ္စလာမ်မုန်းတီးရေး မှတ်ချက်များအရ အချို့သော လူမှုကွန်ရက်အသုံးပြုသူများသည် ယင်းဗီဒီယိုကို စစ်မှန်သည်ဟု ယုံကြည်နေကြကြောင်း တွေ့ရပါသည်။
မှတ်ချက်တစ်ခုတွင် "အကောင်းဆုံး လက်နက် " (မူရင်းအတိုင်း) ဟု ရေးသားထားပါတယ်။
သို့သော်လည်း အဆိုပါ ဗီဒီယိုသည် ဆီဥတာ အကျပ်အတည်းကို ရိုက်ကူးထားခြင်း မဟုတ်ပါ။
လုပ်ကြံဖန်တီးထားသည့် ဗီဒီယိုမှတ်တမ်း
Google ရဲ့ Reverse image search နှင့် Keyframes ကိုအသုံးပြုရှာဖွေကြည့်ရာ၊ အဆိုပါ ဗီဒီယိုအတိုကို ဇူလိုင်လ ၃၁ ရက်နေ့က X ပေါ်တွင် "Made with AI" (AI ဖြင့် ဖန်တီးထားသည်) ဟူသော စာတန်းဖြင့် မျှဝေထားသည်ကို တွေ့ရှိခဲ့ရပါသည်။ (Archived link)
"ကျွန်တော် ဒီဗီဒီယိုကို Yapper ပေါ်က Seedance 2.0 နဲ့ ဖန်တီးခဲ့တာပါ! သိချင်တာရှိရင် မေးနိုင်ပါတယ်" ဟု အဆိုပါ အသုံးပြုသူက ထိုနေ့မှာပင် ဆက်လက်ရေးသားခဲ့ပါသည်။
Yapper သည် တရုတ်အကြီးစားနည်းပညာကုမ္ပဏီ ByteDance ၏ Al မော်ဒယ်တစ်ခုဖြစ်သည့် Seedance 2.0 ကို အသုံးပြု၍ ဗီဒီယိုအတုများ ဖန်တီးနိုင်သည့် ပလက်ဖောင်းတစ်ခု ဖြစ်ပါသည်။ (Archived link)
AFP က ဗီဒီယိုကို စိစစ်ကြည့်ရာတွင် လွဲမှားနေသောရုပ်ပုံ အများအပြားတွေ့ရပြီး၊ လူတစ်ဦး၏ ခန္ဓာကိုယ်အထက်ပိုင်း ရုတ်တရက် ပျောက်ကွယ်သွားခြင်းနှင့်အတူ အခြားသူတစ်ဦး၏ သဘာဝမကျသော လက်ချောင်းအသွင်အပြင်များပါ၀င်နေတာကိုတွေ့ရပါသည်။ အဆိုပါရုပ်ပုံကွဲလွဲမှုများသည် AI နှင့် ဖန်တီးထားကြောင်း ညွှန်ပြနေပါသည်။
AI စစ်ဆေးမှု ကိရိယာတစ်ခုဖြစ်သည့် Hive Moderation နှင့် စိစစ်ကြည့်ရာတွင်လည်း အဆိုပါ ဗီဒီယိုသည် Seedance 2.0 ကို အသုံးပြု၍ ဖန်တီးထားသည်မှာ ၉၉.၇ ရာခိုင်နှုန်း သေချာကြောင်း တွေ့ရပါသည်။
ဆီဥတာ ရွှေ့ပြောင်းအခြေချသူများ အကျပ်အတည်းနှင့် ပတ်သက်သည့် အခြားသော သတင်းမှားများကိုလည်း AFP အနေဖြင့် ယခင်က အချက်အလက် စိစစ်ခဲ့ပြီး ဖြစ်ပါသည်။
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၆။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်