ဘီလာရုစ်သမ္မတကို ယူကရိန်းတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့တယ်ဆိုတဲ့ ရုပ်ပုံဟာ AI ဖန်တီးမှုသာဖြစ်

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 30 ဇူလိုင် 2026 အချိန် 12h00
  • ဖတ်ရန် ကြာချိန် 1 မိနစ်
  • AFP ထိုင်း

ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးက ဘီလာရုစ်ဟာ ရုရှားရဲ့ ဒရုန်းတိုက်ခိုက်မှုတွေကို ကူညီပေးနေတယ်လို့ ၂၀၂၆ ခုနှစ်၊ ဇွန်လအတွင်း စွပ်စွဲခဲ့တဲ့နောက် ဘီလာရုစ်ခေါင်းဆောင် အလက်ဇန္ဒား လူကာရှန်ကိုကို ယူကရိန်းတပ်ဖွဲ့တွေက ဖမ်းဆီးလိုက်တယ်ဆိုတဲ့ AI ဖန်တီးမှုရုပ်ပုံတစ်ခု ပျံ့နှံ့လာခဲ့ပါတယ်။ ဒါပေမဲ့ လူကာရှန်ကို ဖမ်းဆီးထိန်းသိမ်းခံရတယ်ဆိုတဲ့ တရားဝင်သတင်းထုတ်ပြန်ချက်တွေ မရှိသေးသလို အချက်အလက်စိစစ်ရေးကိရိယာတွေကလည်း အဲဒီရုပ်ပုံဟာ Google ရဲ့ AI ကိရိယာတွေနဲ့ ဖန်တီးထားတယ်လို့ ညွှန်ပြခဲ့ကြပါတယ်။ 

"ယူကရိန်းတိုက်ခိုက်ရေးသမားများက ဘီလာရုစ်နိုင်ငံပိုင်နက်အတွင်းမှ လူကာရှင်ကိုကို တိုက်ရိုက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ဆိုထားသည်။" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၆ ရက်က မျှဝေထားတဲ့ ဒီ Facebook ပိုစ့်မှာ စာသားတစိတ်တပိုင်းပါရှိပါတယ်။ 

အဲဒီပိုစ့်မှာ လူကာရှန်ကိုလို့ထင်ရသူတစ်ဦးကို ယူကရိန်းအလံတံဆိပ်ပါ စစ်ဝတ်စုံဝတ်ထားတဲ့ စစ်သားနှစ်ဦးက ဖမ်းဆီးနေတဲ့ ရုပ်ပုံတစ်ခု ပါရှိပါတယ်။ လူကာရှန်ကိုဟာ ၂၀၂၂ ခုနှစ်က ယူကရိန်းကိုကျူးကျော်ဖို့ ဘီလာရုစ်ပိုင်နက်ကနေ ရုရှားကို ခွင့်ပြုပေးခဲ့သူဖြစ်ပါတယ်။ (Archived link)    

Image
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၈ ရက်က ရယူထားတဲ့ မှားယွင်းပိုစ့်ရဲ့ Screenshot ကို AFP က အနီရောင် X နဲ့ AI အမှတ်အသားပြုထား

တူညီတဲ့ မှားယွင်းပြောဆိုမှုတွေကို မြန်မာဘာသာအပြင် အင်္ဂလိပ်ဘာသာနဲ့ပါ Facebook မှာ မျှဝေနေကြပါတယ်။ 

ယူကရိန်းနိုင်ငံ မြောက်ပိုင်းပေါ် ရုရှားရဲ့ တိုက်ခိုက်မှုတွေ ပိုမိုများပြားလာတာကို အလေးအနက်ထားပြောဆိုရင်း ဘီလာရုစ်အနေနဲ့ စစ်ပွဲအတွင်း ထပ်မံပါဝင် ပတ်သက်လာခြင်း မရှိစေဖို့ ယူကရိန်းက လပေါင်းများစွာ သတိပေးခဲ့ပါတယ်။ 

လူကာရှန်ကိုက စစ်ပွဲမှာ တိုက်ရိုက် ပါဝင်ပတ်သက်ဖို့ အစီအစဉ် မရှိဘူးလို့ ငြင်းဆိုထားပေမယ့် ဘီလာရုစ်အစိုးရဟာ မော်စကိုကို ဆက်လက် ကူညီပေးနေတယ်လို့ ဇလန်းစကီးက ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်မှာ စွပ်စွဲခဲ့တယ်ဆိုပြီး ယူကရိန်းအခြေစိုက် သတင်းဌာန Kyiv Independent ကဖော်ပြခဲ့ပါတယ်။ (Archived link)     

ရုရှားရဲ့ တိုက်ခိုက်ရေးဒရုန်းတွေကို လမ်းကြောင်းပြရာမှာ ကူညီပေးနေတဲ့ လှိုင်းတိုင်တွေကို ပိတ်ပစ်ဖို့ သူက လူကာရှန်ကိုကို တိုက်တွန်းခဲ့ပြီး "သူသာအဲဒါတွေကိုမပိတ်ဘူးဆိုရင် ကျွန်တော်တို့ ရှေ့ဆက်လုပ်ဆောင်ရလိမ့်မယ်" လို့ သတိပေးခဲ့ပါတယ်။ 

ကိယက်ဗ်ရဲ့ သတိပေးမှုအပြီးမှာတော့ ဘီလာရုစ်ဟာ အဲဒီလှိုင်းတိုင်တွေကို ၂၀၂၆ ခုနှစ်၊ ဇွန်လနှောင်းပိုင်းမှာ ပိတ်ပစ်ခဲ့တယ်လို့ ဇလန်းစကီးက ပြောကြားခဲ့ပါတယ်။ (Archived link)     

ဒါပေမဲ့ လူကာရှန်ကို ဖမ်းဆီးခံရတယ်ဆိုတဲ့ တရားဝင်သတင်းထုတ်ပြန်ချက်တွေ မရှိသေးသလို အဲဒီရုပ်ပုံဟာလည်း AI နဲ့ ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ 

ရုပ်ပုံကို သေချာစွာစိစစ်ကြည့်ရာ အောက်ဘက်ညာဘက်ထောင့်မှာ Gemini ရဲ့  ရေစာအမှတ်အသား ပါရှိနေတာကို တွေ့ရပါတယ်။ (Archived link

ဒါအပြင် AI ဖန်တီးမှုတွေမှာ တွေ့ရလေ့ရှိတဲ့ ရုပ်ပုံကွဲလွဲမှုတွေဖြစ်တဲ့  လေထဲမှာ လွင့်မျောနေတဲ့ လက်ထိပ်တစ်ခုကိုတွေ့ရသလို စစ်ဦးထုပ်တွေပေါ်က တံဆိပ်တွေတူညီမှုမရှိတာကိုလည်း တွေ့ရပါတယ်။ တချို့ ယူနီဖောင်းတွေမှာ ယူကရိန်း SBU လုံခြုံရေးတပ်ဖွဲ့ရဲ့ စစ်ဘက်ဆိုင်ရာ တံဆိပ် ပါရှိနေပေမယ့် တချို့မှာတော့ ပါဝင်ခြင်း မရှိပါဘူး။ (Archived link)       

Image
ရုပ်ပုံကွဲလွဲမှုတွေကို AFP က မြင်သာအောင်ပြုလုပ်ထားပြီး AI အမှတ်အသားပြုထား

Google ရဲ့ SynthID ကိရိယာနဲ့ စစ်ဆေးကြည့်ရာ အဲဒီရုပ်ပုံဟာ Google ရဲ့ AI ကိရိယာတွေနဲ့ ဖန်တီးထားတာဖြစ်တယ်လို့ တွေ့ရှိရပါတယ်။ (Archived link)  

Image
SynthID စစ်ဆေးမှုရလာဒ်ရဲ့ Screenshot

လူကာရှန်ကိုဟာ မှားယွင်းပြောဆိုမှုတွေ ပျံ့နှံ့ခဲ့တဲ့နေ့အပြင် ပျံ့နှံ့ပြီး ရက်သတ္တပတ် အနည်းငယ်အကြာမှာ ပြုလုပ်ခဲ့တဲ့ တရားဝင် အခမ်းအနားတွေကိုလည်း တက်ရောက်ခဲ့ပါတယ်။ 

တရားဝင် ထုတ်ပြန်ထားတဲ့ ဓာတ်ပုံတွေအရ မှားယွင်းပြောဆိုမှု ပျံ့နှံ့ခဲ့တဲ့နေ့မှာပဲ လူကာရှန်ကိုဟာ မြို့တော်မှာ ကျင်းပခဲ့တဲ့ စစ်ဘက်ဆိုင်ရာ အဆင့်မြင့် ပညာရေးကျောင်းဆင်းပွဲနဲ့ အဆင့်မြင့် အရာရှိကြီးတွေကို ဂုဏ်ပြုတဲ့ အခမ်းအနားကို တက်ရောက်ခဲ့တာကို တွေ့ရပါတယ်။ (Archived link)

သူဟာ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့ကလည်း ရုရှား အရာရှိ အီဂေါ ရှချက်ဂိုလက်ဖ်နဲ့ တွေ့ဆုံခဲ့ပါသေးတယ်။ (Archived link)  

ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်တဲ့ အခြားမှားယွင်းပြောဆိုမှုတွေကိုလည်း AFP က အချက်အလက်စိစစ်ထားပါတယ်။ 

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ