ထိုင်းမင်းသမီးနတ်ရွာစံပြီးနောက် AI နဲ့ ဖန်တီးထားတဲ့ ထိုင်းတော်ဝင်မိသားစုရဲ့ ရုပ်ပုံတွေပျံ့နှံ့
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 19 ဇွန် 2026 အချိန် 06h46
- ဖတ်ရန် ကြာချိန် 2 မိနစ်
- Pasika KHERNAMNUOY, AFP ထိုင်း
၂၀၂၆ ခုနှစ်၊ ဇွန်လအတွင်း ထိုင်းဘုရင့်သမီးတော် ကွယ်လွန်ခြင်းအတွက် တစ်နိုင်ငံလုံး ဝမ်းနည်းကြေကွဲနေချိန်မှာ ထိုင်းတော်ဝင်မိသားစုဝင်တွေ မျက်ရည်ကျနေတဲ့ AI နဲ့ ပြုပြင်ပြောင်းလဲထားတဲ့ ရုပ်ပုံတွေဟာ လူမှုကွန်ရက်မှာ တော်တော်လေး ပျံ့နှံ့ခဲ့ပါတယ်။ ပျံ့နှံ့နေတဲ့ ရုပ်ပုံတွေဟာ သတင်းထောက်တွေ အမှန်တကယ် ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို Google ရဲ့ AI ကိရိယာ အသုံးပြုပြီးပြုပြင် ဖန်တီးထားတယ်လို့ စိစစ်တွေ့ရှိရပါတယ်။
"ထိုင်းလူမျိုးတွေအတွက် ရင်နာစရာပါပဲ" ဆိုပြီး ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၃ ရက်က မျှဝေထားတဲ့ ဒီ Facebook ပိုစ့်မှာ ထိုင်းဘာသာစကားနဲ့ပါရှိပါတယ်။
အဲဒီပိုစ့်မှာ မင်းသမီး သီရိဝဏ္ဏဝါရီက ငိုကြွေးနေပြီး မင်းသား ဒီပင်္ကရ ရံသိဇောတိ ဟာ သူမရဲ့ ပခုံးပေါ်မှာ ခေါင်းမှီနေတဲ့ ရုပ်ပုံကိုဖော်ပြထားပါတယ်။
မင်းသမီး ဘာဂျရာကီတီယာဘာ ရဲ့ ရုပ်ကလပ်ကို ဘုရင်ချူလာလောင်ကွန်း အောက်မေ့ဖွယ်ဆေးရုံကနေ နန်းတော်ကိုပြောင်းရွှေ့ပြီးတဲ့နောက် မှားယွင်းပြောဆိုမှုတွေပျံ့နှံ့လာတာပဲဖြစ်ပါတယ်။ (Archived link)
ထိုင်းဘုရင်ရဲ့ အကြီးဆုံးသမီးတော်ဖြစ်တဲ့ မင်းသမီးဘာ ဟာ နှလုံးရောဂါကြောင့် သုံးနှစ်ကျော်မေ့မြောနေပြီး ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက်၊ သက်တော် ၄၇ နှစ်အရွယ်မှာ နတ်ရွာစံခဲ့ပါတယ်။
တော်ဝင်မော်တော်ယာဉ်တန်း ဖြတ်သန်းသွားစဉ် မြို့တော်ဘန်ကောက်ရှိ လမ်းကြောင်းတစ်လျှောက်မှာ အနက်ရောင်ဝတ်ဆင်ထားတဲ့ ဝမ်းနည်းသူထောင်ပေါင်းများစွာဟာ ကွယ်လွန်သူမင်းသမီးရဲ့ ဓာတ်ပုံတွေကိုကိုင်ဆောင်ကာ နှုတ်ဆက်ခဲ့ကြပါတယ်။
နောက်ထပ် Facebook ပို့စ်တစ်ခုမှာလည်း မော်တော်ယာဉ်တစ်စီးအတွင်း မိဖုရားစုသီတာဘေးက ဘုရင် မဟာဝဇီရာလောင်ကွန်း ငိုကြွေးနေတဲ့ ရုပ်ပုံကိုလည်း မျှဝေထားပါတယ်။
"စိတ်မကောင်းစရာ မြင်ကွင်းတစ်ခုကို ဒီနေ့ ဇွန်လ ၁၃ ရက်နေ့မှာ တွေ့မြင်ခဲ့ရပါတယ်။" (မူရင်းအတိုင်း) ဆိုပြီး မြန်မာဘာသာနဲ့ စာသားတစိတ်တပိုင်း ရေးသားထားပါတယ်။
တူညီတဲ့မှားယွင်းပြောဆိုမှုတွေဟာ မြန်မာ၊ ထိုင်း၊ တရုတ်၊ ခမာ ဘာသာတွေနဲ့ Facebook၊ YouTube၊ TikTok နဲ့ X စာမျက်နှာတွေမှာ ပျံ့နှံ့ခဲ့ပါတယ်။
လူမှုကွန်ရက်ကမှတ်ချက်တွေအရ အသုံးပြုသူတချို့က ရုပ်ပုံတွေဟာအစစ်အမှန်လို့ ယူဆနေကြပါတယ်။
"ထိုင်းဘုရင်ကြီး နဲ့ တကွဝမ်းနည်းမိပါတယ်ရှင်ကောင်းရာမွန်ရာဘုံဘဝရောက်ပါစေရှင်" (မူရင်းအတိုင်း) ဆိုပြီး အသုံးပြုသူတစ်ယောက်က မှတ်ချက်ပြုထားပါတယ်။ "မင်းသမီးလေး မြင့်မြတ် ရာ ဘုံမျာ စံစားရပါစေ။ ထိုင်း ပြည်သူများနဲ့ အတူ ကျေကွဲ ဝမ်းနည်းရပါတယ်" (မူရင်းအတိုင်း) ဆိုပြီးလည်း နောက်တစ်ယောက်က ရေးသားထားပါတယ်။
ဒါပေမဲ့ ရုပ်ပုံတွေဟာ AI နည်းပညာနဲ့ ပြုပြင်ပြောင်းလဲထားတာပဲဖြစ်ပါတယ်။
သာမန်မျက်နှာအမူအရာ
Google မှာဓာတ်ပုံရာဇဝင်ရှာဖွေကြည့်ရာ မှားယွင်းပိုစ့်တွေက မင်းသမီး သီရိဝဏ္ဏဝါရီနဲ့ မင်းသား ဒီပင်္ကရ ရံသိဇောတိ တို့ရဲ့ ဓာတ်ပုံတွေဟာ ထိုင်းနိုင်ငံအခြေစိုက်သတင်းဌာနတစ်ခုဖြစ်တဲ့ TNN ဓာတ်ပုံသတင်းထောက် Tanachai Pramarnpanich က ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၄ ရက်မှာ မျှဝေခဲ့တဲ့ ဓာတ်ပုံတစ်ပုံနဲ့ ထပ်တူညီလုနီးပါးတူညီနေတာကို တွေ့ရပါတယ်။ (Archived link)
"ဘုရင်မင်းမြတ်နှင့် မိဖုရားကြီးတို့သည် တော်ဝင်ယာဉ်ဖြင့် ကြွချီတော်မူခဲ့ပြီး မင်းသမီး သီရိဝဏ္ဏဝါရီ နရီရာတန ရာဇကညာ၊ မင်းသား ဒီပင်္ကရ ရံသိဇောတိနှင့် အခြားတော်ဝင်မိသားစုဝင်များ လိုက်ပါလာကာ မင်းသမီး ဘာဂျရာကီတီယာဘာရဲ့ ရုပ်ကလပ်ကို နန်းတော်သို့ ဆောင်ယူခဲ့သည်" ဆိုပြီးစာသားရေးသားထားပါတယ်။
ထိုင်းတော်ဝင်နန်းတော်ရဲ့ ဝိဆက်ချိုင်သီရိဂိတ်မှာ အဲဒီဓာတ်ပုံရိုက်ယူခဲ့တယ်လို့ Tanachai က AFP ကို ပြောပါတယ်။ (Archived link)
"မင်းသမီး သီရိဝဏ္ဏဝါရီရဲ့ မျက်နှာအမူအရာက ပုံမှန်ပါပဲ။ သူမဟာ ရှေ့တည့်တည့်ကို ကြည့်နေခဲ့ပါတယ်" ဆိုပြီး ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်မှာပြောကြားခဲ့ပါတယ်။
"ကျွန်တော် ရိုက်ကူးထားတဲ့ မြင်ကွင်းနဲ့ ရှုထောင့်အတိအကျကို အခြေခံထားလို့ အံ့အားသင့်သွားပေမယ့် မင်းသမီး သီရိဝဏ္ဏဝါရီ ရဲ့ မျက်နှာအမူအရာက AI နဲ့ လုပ်ထားတဲ့ ပုံထဲကအတိုင်း လုံးဝမဟုတ်ပါဘူး။"
နောက်ထပ် Google မှာဓာတ်ပုံရာဇဝင်ရှာဖွေမှုကနေ ဘုရင်မင်းမြတ်နဲ့ မိဘုရားကြီးတို့ရဲ့ ရုပ်ပုံဟာ Dailynews သတင်းဌာနက ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၃ ရက်မှာမျှဝေခဲ့တဲ့ ဓာတ်ပုံတစ်ပုံနဲ့ ဆင်တူနေတာကိုတွေ့ရပါတယ်။ (Archived link)
ဒါပေမဲ့ မူရင်းဓာတ်ပုံမှာ သူတို့ဟာ ပျံ့နှံ့နေတဲ့ ရုပ်ပုံထဲကလို မျက်ရည်တွေကျနေတာမျိုး မရှိပါဘူး။
"ဘုရင်၊ မိဖုရားနှင့် တော်ဝင်မိသားစုဝင်များသည် ပြည်သူများ၏ ဝမ်းနည်းပူဆွေးမှုနှင့်အတူ မင်းသမီး ဘာဂျရာကီတီယာဘာရဲ့ ရုပ်ကလပ်ကို နန်းတော်သို့ စီတန်းလှည့်လည် ဆောင်ယူခဲ့ကြသည်" ဆိုပြီး ခေါင်းစဥ်ရေးသားထားပါတယ်။
"မူရင်းဓာတ်ပုံကို ပြောင်းလိုက်လို့ ကျွန်တော် အံ့အားသင့်ပြီး စိတ်မကောင်းဖြစ်မိပါတယ်" ဆိုပြီး ဓာတ်ပုံကို ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံသတင်းထောက်က ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့မှာ AFP ကို ဖြေကြားခဲ့ပါတယ်။
မူရင်းဓာတ်ပုံတွေကို ထိုင်းနိုင်ငံပိုင် ရုပ်သံလိုင်းဖြစ်တဲ့ National Broadcasting Services of Thailand ကနေလည်း ထုတ်ဝေခဲ့ပါတယ်။ (Archived link)
ရုပ်ပုံတွေကို Google ရဲ့ AI ကိရိယာတွေကို အသုံးပြုပြီးဖန်တီးထားပါက စစ်ဆေးနိုင်တဲ့ SynthID နဲ့ AFP ကစိစစ်ကြည့်ရာ AI နဲ့ဖန်တီးထားနိုင်ချေ "အလွန်မြင့်မား" နဲ့ "မြင့်မား" ကြောင်းတွေ့ရှိရပါတယ်။ (Archived link)
AI ဖန်တီးမှုတွေကြောင့်ဖြစ်ပေါ်တဲ့ မှားယွင်းပြောဆိုမှုတွေကို AFP ကယခင်ကလည်း အချက်အလက်စိစစ်ခဲ့ပါတယ်။
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၆။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်