သြစတြေးလျမှာ ထိုင်းလေကြောင်းလိုင်းဝန်ထမ်းတစ်ဦး ဖမ်းဆီးခံရပြီးနောက် လူမှုကွန်ရက်မှာ AI ဖန်တီးမှုရုပ်ပုံတွေ မှားယွင်းပျံ့နှံ့
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 06 ဇူလိုင် 2026 အချိန် 11h47
- ဖတ်ရန် ကြာချိန် 2 မိနစ်
- Pasika KHERNAMNUOY, AFP ထိုင်း
ထိုင်းအမျိုးသားလေကြောင်းလိုင်းရဲ့ လေယာဉ်မယ်တစ်ဦးကို ဘိန်းဖြူတွေ သြစတြေးလျနိုင်ငံအတွင်း မှောင်ခိုတင်သွင်းမှုနဲ့ မဲလ်ဘုန်းလေဆိပ်မှာ ဖမ်းဆီးခဲ့တဲ့နောက် လူမှုကွန်ရက်အသုံးပြုသူတွေဟာ AI ဖန်တီးမှုရုပ်ပုံတွေကို အဲဒီဖမ်းဆီးမှုရဲ့ ဓာတ်ပုံတွေဆိုပြီး မှားယွင်းမျှဝေနေကြပါတယ်။ ပျံ့နှံ့နေတဲ့ရုပ်ပုံတွေဟာ ဩစတြေးလျအာဏာပိုင်တွေက တရားဝင်ထုတ်ပြန်ခဲ့တဲ့ ဓာတ်ပုံတွေနဲ့ ကွဲလွဲမှုများစွာရှိနေတာကို AFP က စိစစ်တွေ့ရှိရပြီး အချက်အလက်စိစစ်ရေး ကိရိယာတွေကလည်း ရုပ်ပုံတွေဟာ AI နဲ့ဖန်တီးထားတယ်လို့ ဖော်ပြခဲ့ကြပါတယ်။
"ထိုင်းလေယာဉ်မယ် ဩဇီလေဆိပ်တွင်ဖမ်းခံထိ… ထိုင်းကနေလူကြုံမှ လေယာဉ်မယ်ဖြင့်ပစ္စည်းဖို့ပေးလိုက်သည်ဟုဆို" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၆ ခုနှစ်၊ ဇွန်လ ၃၀ ရက်က မျှဝေထားတဲ့ ဒီ Facebook ပိုစ့်မှာ စာသားတစိတ်တပိုင်း ရေးသားထားပါတယ်။
"ဩဇီလေဆိပ်တွင် အနံ့ခံ ရဲခွေးများမှအနံ့ခံရာကနေ ဘိန်းဖြူများဟုသိရ... အလေးချိန် ၁ ကီလိုဂရမ်ရှိကြောင်းသိရ.. ပြစ်မှုထင်ရှားပါက ထောင် ၂၅ နှစ်ကျမည်ဟုကြားသိရပါသည်။" (မူရင်းအတိုင်း) ဆိုပြီးလည်း ဆက်လက်ရေးသားထားပါတယ်။
အဲဒီပိုစ့်မှာ ရဲအရာရှိနှစ်ဦးက အပြာရောင်ယူနီဖောင်းဝတ်ဆင်ထားတဲ့ လေယာဉ်မယ်တစ်ဦးကို ဖမ်းဆီးနေပုံရတဲ့ ရုပ်ပုံလည်း ပါရှိပါတယ်။
တစ်ရက်ထဲမှာပဲမျှဝေထားတဲ့ နောက်ထပ် Facebook ပိုစ့်တစ်ခုမှာလည်း "လေယာဉ်ပေါ်မှာတင် ထိုင်းလေယာဉ်မယ် ဖမ်းဆီးခံရ… မူးယစ်ဆေးဝါး သယ်ဆောင်မှုနဲ့ သြစတြေးလျတရားရုံးက အာမခံမပေး" (မူရင်းအတိုင်း) ဆိုပြီး စာသားတစိတ်တပိုင်း ရေးသားထားပါတယ်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့မှာ အသက် ၂၆ နှစ်အရွယ် ထိုင်းနိုင်ငံသားတစ်ဦးကို မဲလ်ဘုန်းမြို့အတွင်းကို ဘိန်းဖြူတွေတင်သွင်းမှုနဲ့ ဖမ်းဆီးခဲ့တယ်လို့ သြစတြေးလျအာဏာပိုင်တွေက ထုတ်ပြန်ခဲ့တဲ့နောက် တူညီတဲ့ မှားယွင်းပြောဆိုမှုတွေနဲ့ ရုပ်ပုံတွေဟာ Facebook နဲ့ X မှာ မြန်မာဘာသာအပြင် ထိုင်းဘာသာနဲ့ပါ ပျံ့နှံ့ခဲ့ပါတယ်။ (Archived link)
ထုတ်ပြန်ချက်အရ ဘိန်းဖြူတွေဟာ ခန့်မှန်းမှောင်ခိုဈေးကွက်တန်ဖိုး သြစတြေးလျဒေါ်လာ ၅၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၃၄၅,၀၀၀) ခန့် ရှိပါတယ်။
အဲဒီနောက်မှာတော့ ထိုင်းအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းဟာ စုံစမ်းစစ်ဆေးမှုမှာ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ (Archived link) သံသယရှိသူကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်လောက် မဲလ်ဘုန်း တရားရုံးမှာ ရုံးထုတ်မယ်လို့ ခန့်မှန်းထားပါတယ်။
ဒါပေမဲ့ ရုပ်ပုံတွေဟာ ဩစတြေးလျအာဏာပိုင်တွေ ထုတ်ပြန်ခဲ့တဲ့ တရားဝင်ဓာတ်ပုံတွေနဲ့ ကိုက်ညီမှု မရှိတဲ့အပြင် AI နဲ့ ဖန်တီးထားတယ်လို့လည်း စစ်ဆေးတွေ့ရှိရပါတယ်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့မှာ ဩစတြေးလျ ဖက်ဒရယ်ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့တဲ့ ဓာတ်ပုံတွေအရ မူးယစ်ဆေးတွေကို ဆင်ရုပ်ပုံရက်လုပ်ထားတဲ့ ချည်လွယ်အိတ်ရဲ့ အတွင်းလွှာမှာ သိုဝှက်ထားပေမယ့် မှားယွင်းမျှဝေထားတဲ့ပုံတွေမှာတော့ ဖမ်းဆီးရမိတဲ့ ပစ္စည်းတွေဟာ သေတ္တာအတွင်းမှာ ပလပ်စတစ်နဲ့ သာ ထုတ်ပိုးထားပါတယ်။ (Archived link)
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့အထိ သြစတြေးလျအာဏာပိုင်တွေက ဖမ်းဆီးမှု ဒါမှမဟုတ် သံသယရှိသူရဲ့ ဓာတ်ပုံတွေကို ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။
AI ဖန်တီးမှုရုပ်ပုံတွေက တူညီဝတ်စုံဟာ ထိုင်းလေကြောင်းလိုင်း လေယာဉ်မယ်တွေရဲ့ ရိုးရာဝတ်စုံနဲ့ရော လုပ်ငန်းခွင်တူညီဝတ်စုံတွေနဲ့ပါ ကိုက်ညီမှု မရှိပါဘူး။ (Archived links here, here and here)
ဒုတိယမှားယွင်းပိုစ့်မှာတွေ့ရတဲ့ တူညီဝတ်စုံဟာ လုပ်ငန်းခွင်တူညီဝတ်စုံရဲ့ ပုံစံနဲ့ အရောင်ပါ ဆင်တူပေမယ့် လုပ်ငန်းခွင်တူညီဝတ်စုံရဲ့ အောက်ခံအင်္ကျီနဲ့ ပုဝါနှစ်ခုလုံးဟာ အဖြူနဲ့ ခရမ်းရောင်မဟုတ်ဘဲ ပန်းရောင်ဖြစ်ပါတယ်။
ပထမရုပ်ပုံကို Google ရဲ့ SynthID ကိရိယာနဲ့ စစ်ဆေးကြည့်ရာ AI နဲ့ဖန်တီးထားနိုင်ချေ "အလွန်မြင့်မား" တယ်လို့ တွေ့ရပါတယ်။ (Archived link)
ဒုတိယရုပ်ပုံကိုလည်း AFP က OpenAI ရဲ့ ရုပ်ပုံစိစစ်ရေးဝဘ်ဆိုဒ်မှာ စစ်ဆေးကြည့်ရာ "OpenAI ရဲ့ ကိရိယာတွေနဲ့ ဖန်တီးထား"တယ်လို့ အဖြေရပါတယ်။ (Archived link)
AI ဖန်တီးမှုတွေနဲ့ ပတ်သက်တဲ့ မှားယွင်းပြောဆိုမှုတွေကို AFP က ယခင်ကလည်း အချက်အလက်စိစစ်ခဲ့ပါတယ်။
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၆။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်