လက်ဘနွန် အလယ်ခေတ်ရဲတိုက်ပေါ်က အစ္စရေးစစ်သားတွေရဲ့ ရုပ်ပုံဟာ AI ဖန်တီးမှုသာဖြစ်
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 05 ဇွန် 2026 အချိန် 09h52
- ဖတ်ရန် ကြာချိန် 1 မိနစ်
- AFP ထိုင်း
လက်ဘနွန်နိုင်ငံကို ဆယ်စုနှစ်များစွာအတွင်း အနက်ရှိုင်းဆုံး ကျူးကျော်မှုတစ်ခုအဖြစ် အစ္စရေးတပ်ဖွဲ့တွေဟာ ခရူးဆိတ်ခေတ်ကတည်ဆောက်ခဲ့တဲ့ ရဲတိုက်တစ်ခုကို သိမ်းပိုက်ခဲ့တဲ့နောက် စစ်သားတွေ ရဲတိုက်ပေါ်မှာအလံတွေစိုက်ထူနေကြတဲ့ ပြုပြင်ဖန်တီးထားတဲ့ ရုပ်ပုံတစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ ရုပ်ပုံမှာပါရှိတဲ့ အဆောက်အအုံဟာ Beaufort ရဲတိုက်ရဲ့ ဓာတ်ပုံအစစ်အမှန်တွေနဲ့ ကိုက်ညီမှုမရှိတဲ့အပြင် AI စစ်ဆေးမှုကိရိယာတွေကလည်း ရုပ်ပုံဟာ ဉာဏ်ရည်တုနည်းပညာနဲ့ ဖန်တီးထားတယ်လို့ ညွှန်ပြပါတယ်။
"အစ္စရေးတပ်ဖွဲ့က လက်ဘနွန်တောင်ပိုင်းရှိ သမိုင်းဝင် ဘူဖော့တ် (Beaufort) ရဲတိုက်ကို သိမ်းပိုက်"(မူရင်းအတိုင်း) ဆိုပြီး ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်က မျှဝေထားတဲ့ ဒီ Facebook ပိုစ့်မှာ တစိတ်တပိုင်းရေးသားထားပါတယ်။
ရုပ်ပုံထဲမှာ စစ်သားတွေဟာ ရဲတိုက်တစ်ခုပေါ်မှာ အစ္စရေးအလံကိုစိုက်ထူနေပြီး အနီးနားမှာလည်း အခြားအစိမ်းရောင်အလံတစ်ခုရှိပါတယ်။
"ယူနက်စကိုစာရင်းဝင် လက်ဘနွန်တောင်ပိုင်းက ခရူးဆိတ်ခေတ် ရဲတိုက်ကြီးကို အစ္စရေး သိမ်းပိုက်ကြောင်းကြေငြာ"(မူရင်းအတိုင်း) ဆိုပြီးလည်း ရုပ်ပုံပေါ်မှာ ရေးသားထားပါတယ်။
၂၀၂၆ ခုနှစ်၊ မေလ ၃၁ ရက်နေ့မှာ အစ္စရေးတပ်ဖွဲ့တွေဟာ Beaufort ရဲတိုက်ကို သိမ်းပိုက်ခဲ့တဲ့နောက် တူညီတဲ့ရုပ်ပုံဟာ အလားတူမှားယွင်းပြောဆိုမှုတွေနဲ့အတူ Facebook မှာပျံ့နှံ့ခဲ့ပါတယ်။ ဒါဟာ ဆယ်စုနှစ်နှစ်ခုကျော်အတွင်း လက်ဘနွန်ရဲ့ အပြင်းထန်ဆုံး ကျူးကျော်တိုက်ခိုက်မှုဖြစ်ပါတယ်။ (Archived link)
အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က နိုင်ငံအတွင်းကို ပိုမိုနက်ရှိုင်းစွားထိုးစစ်ဆင်သွားမယ်လို့ ကတိပြုခဲ့ပြီး အဲဒါဟာ အီရန်ကျောထောက်နောက်ခံပြုထားတဲ့ ဟစ်ဇ်ဘိုလာကို ဆန့်ကျင်တဲ့ စစ်ဆင်ရေးမှာ "သိသာထင်ရှားတဲ့ အပြောင်းအလဲ"လို့ဆိုပါတယ်။
အမေရိကန်-အစ္စရေးတို့က အီရန်ထိပ်သီးခေါင်းဆောင်ကို ပူးပေါင်းသတ်ဖြတ်မှုအပေါ် လက်တုံ့ပြန်တဲ့အနေနဲ့ ဟစ်ဇ်ဘိုလာက အစ္စရေးကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တဲ့နောက် လက်ဘနွန်ဟာ အရှေ့အလယ်ပိုင်းစစ်ပွဲမှာ ပါဝင်ပတ်သက်ခဲ့ရပါတယ်။
ဟစ်ဇ်ဘိုလာ ဥပဒေပြုအမတ် Hassan Fadlallah က Beaufort ရဲတိုက်ဟာ "အမျိုးသားရှေးဟောင်းအထိမ်းအမှတ်နေရာ တစ်ခုဖြစ်ပြီး စစ်ရေးခုခံဖို့မဟုတ်ဘူး"ဆိုပြီးပြောကြားခဲ့ပါတယ်။ အဲဒီနေရာမှာ အစ္စရေးအလံစိုက်ထူတာဟာလည်း "သစ္စာရှိမျိုးချစ်တွေရဲ့ စိတ်ခံစားမှုတွေကို နှိုးဆွပေးသလိုဖြစ်တယ်"လို့ ထပ်မံပြောဆိုခဲ့ပါတယ်။
အစ္စရေးတပ်ဖွဲ့တွေဟာ လက်ဘနွန်တောင်ပိုင်းကို ဆယ်စုနှစ်နှစ်ခုကြာ သိမ်းပိုက်ထားစဥ်မှာ Beaufort ရဲတိုက် (ခေါ်) Qalaat al-Chakif ကို အခြေစိုက်စခန်းအဖြစ် အသုံးပြုခဲ့ကြပါတယ်။ အဲဒီသိမ်းပိုက်မှုဟာ ၂၀၀၀ ပြည့်နှစ်မှာ အဆုံးသတ်ခဲ့ပါတယ်။
ဒါပေမဲ့ ရုပ်ပုံဟာ AI နည်းပညာကို အသုံးပြုပြီး ဖန်တီးထားတာပဲ ဖြစ်ပါတယ်။
အသွင်သဏ္ဌာန်မပီပြင်တဲ့ စစ်သားအပြင် အစိမ်းရောင်အလံကလည်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ က Golani တပ်မဟာရဲ့ အစိမ်းနဲ့အဝါရောင်တွေပါတဲ့အလံနဲ့လည်းတူညီမှုမရှိတာကို AFP ကတွေ့ခဲ့ရပါတယ်။ ဒါတွေဟာ AI ဖန်တီးမှုတွေမှာတွေ့ရလေ့ရှိတဲ့ ရုပ်ပုံကွဲလွဲမှုတွေပဲဖြစ်ပါတယ်။ (Archived links here and here)
မှားယွင်းပိုစ့်မှာဖော်ပြထားတဲ့ ရဲတိုက်ရဲ့ ပြအိုး၊ ပြတင်းပေါက်တွေနဲ့ အခြားဗိသုကာဆိုင်ရာအသေးစိတ်လက်ရာတွေဟာလည်း AFP ကထုတ်ဝေထားတဲ့ Beaufort ရဲတိုက်ရဲ့ ဓာတ်ပုံအပြင် Google Maps မှာတွေ့ရတဲ့ ဓာတ်ပုံနဲ့လည်း ကိုက်ညီမှုမရှိပါဘူး။ (Archived link)
AI ဖန်တီးမှုတွေကို စိစစ်ပေးနိုင်တဲ့ Hive Moderation နဲ့ စစ်ဆေးကြည့်ရာ လူမှုကွန်ရက်မှာ မျှဝေနေတဲ့ ရုပ်ပုံဟာ AI နဲ့ဖန်တီးထားတာဖြစ်နိုင်တယ်လို့ တွေ့ရပါတယ်။
အရှေ့အလယ်ပိုင်းဒေသစစ်ပွဲနဲ့ပတ်သက်တဲ့ မှားယွင်းပြောဆိုမှုတွေကို AFP ကယခင်ကလည်း အချက်အလက်စိစစ်ထားပါတယ်။
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၆။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်