ထိုင်းရဲအရာရှိတွေ ကချေသည်အသွင်ယူထားတဲ့ဓာတ်ပုံဆိုပြီး AI ဖန်တီးမှုရုပ်ပုံတစ်ခု နိုင်ငံတကာမီဒီယာတွေမှာ ပျံ့နှံ့

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 29 မေ 2026 အချိန် 11h03
  • ဖတ်ရန် ကြာချိန် 1 မိနစ်
  • Pasika KHERNAMNUOY, AFP ထိုင်း

ထိုင်းရဲတပ်ဖွဲ့ရဲ့ ကချေသည်တွေလိုဝတ်ဆင်ထားတဲ့ AI ဖန်တီးမှုရုပ်ပုံဟာ ကမ္ဘာတစ်ဝှမ်းလုံးက စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။ အဲဒီရုပ်ပုံကို လူမှုကွန်ရက်မှာ ထောင်နဲ့ချီပြန်လည်မျှဝေခဲ့ကြပြီး မူးယစ်ဆေးဝါး စီးနင်းမှုတစ်ခုမှာ ရဲအရာရှိတွေက အယောင်ဆောင်ဖမ်းဆီးခဲ့တဲ့ ဓာတ်ပုံအစစ်အမှန်အဖြစ် သတင်းဌာနတွေက ဖော်ပြနေကြပါတယ်။ အဲဒီရုပ်ပုံကို မျှဝေခဲ့တဲ့ ရဲအရာရှိက ရဲတပ်ဖွဲ့ရဲ့ "နှစ်လိုဖွယ်ကောင်းပြီး ဟာသဆန်မှု"ကို သရုပ်ဖော်ဖို့ AI နဲ့ဖန်တီးခဲ့တာဆိုပြီး AFP ကိုပြောပါတယ်။ 

"အကသမားအသွင်ယူကာ ဆေးသမားကို ဖမ်းဆီးနိုင်ခဲ့တဲ့ ကိုလှရွှေတို့အဖွဲ့!"(မူရင်းအတိုင်း) ဆိုပြီး ၂၀၂၆ ခုနှစ်၊ မေလ ၂၂ ရက်က မျှဝေထားတဲ့ ဒီ Facebook ပိုစ့်က ရုပ်ပုံပေါ်မှာ စာသားရေးသားထားပါတယ်။ 

မျက်နှာကိုမှုန်ဝါးထားတဲ့ သံသယရှိသူရဲ့ နောက်မှာ ရောင်စုံဝတ်စုံတွေဝတ်ဆင်ထားတဲ့ အရာရှိတွေကို ရုပ်ပုံမှာ တွေ့ရပါတယ်။  

Image
၂၀၂၆ ခုနှစ်၊ မေလ ၂၉ ရက်က ရယူထားတဲ့ မှားယွင်းပိုစ့်ရဲ့ Screenshot ကို AFP က အနီရောင် X နဲ့ AI အမှတ်အသားပြုထား

တူညီတဲ့ ရုပ်ပုံဟာ လူမှုကွန်ရက်မှာ မြန်မာဘာသာအပြင် အခြားဘာသာစကားများစွာနဲ့ ပျံ့နှံ့ခဲ့ပါတယ်။ ဒါအပြင် အဲဒီရုပ်ပုံကို မြန်မာ၊ ထိုင်း နဲ့ ကမ္ဘာတစ်ဝှမ်းလုံးက သတင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။  

ထိုင်းနိုင်ငံအခြေစိုက် Thaiger News သတင်းဌာနက မူးယစ်ဆေးဝါးဖမ်းဆီးမှုလို့ ယူဆရတဲ့ ရုပ်ပုံနဲ့ အသေးစိတ်အချက်အလက်တွေကို ထိုင်း၊ အင်္ဂလိပ်ဘာသာတို့နဲ့ ဖော်ပြခဲ့ပြီး ပြန်လည်မျှဝေမှုအကြိမ်ရေ ထောင်နဲ့ချီရှိခဲ့ပါတယ်။ အခြားနိုင်ငံတကာသတင်းဌာနတွေဖြစ်တဲ့ The Telegraph၊ New York Post နဲ့ CNN Brazil တို့မှာလည်း အဲဒီရုပ်ပုံဟာရေပန်းစားနေပါတယ်။   

မြန်မာသတင်းဌာနတွေဖြစ်တဲ့ မဇ္စျိမ နဲ့ ဧရာဝတီတို့ကလည်း တူညီတဲ့ရုပ်ပုံကို ဖော်ပြခဲ့ကြပါတယ်။  

ဒါပေမဲ့ ရုပ်ပုံဟာ AI နည်းပညာနဲ့ ဖန်တီးထားတာပဲဖြစ်ပါတယ်။  

ဟာသရုပ်ပုံ  

Google မှာဓာတ်ပုံရာဇဝင်ရှာဖွေကြည့်ရာ တူညီတဲ့ရုပ်ပုံကို ၂၀၂၆ ခုနှစ်၊ မေလ ၂၁ ရက်က လော့ဘူရီပြည်နယ်၊ သာလွန်ခရိုင်ရဲစခန်းရဲ့  Facebook စာမျက်နှာကနေမျှဝေထားတာကို တွေ့ရပါတယ်။ (Archived link) 

"ကျွန်တော်တို့ ဖမ်းဆီးရေးတွေတောင်သွားမလုပ်ချင်ပါဘူး။ ဝတ်စုံငှားခတွေက အရမ်းစျေးကြီးတာပဲ။"ဆိုပြီး လုပ်ငန်းစဥ်ရဲ့ အသေးစိတ်အချက်အလက်တွေဖော်ပြမှု မတိုင်မီရေးသားထားပါတယ်။  

မက်သမ်ဖက်တမင်းဆေးပြား ၅၃ ပြား၊ ပလတ်စတစ်အိတ်ငယ် ၂၀၀ ကျော်နဲ့ အွန်လိုင်း စလော့ဂိမ်းလုပ်ငန်းနဲ့ ဆက်စပ်နေတယ်လို့ယူဆရတဲ့ မိုဘိုင်းဖုန်းတစ်လုံးကို ရဲတပ်ဖွဲ့ကသိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။  

Image
မှားယွင်းပိုစ့် (ဘယ်) ကို သာလွန်ခရိုင်ရဲစခန်းကမျှဝေထားတဲ့ ပိုစ့် (ညာ)နဲ့ နှိုင်းယှဥ်ထားတဲ့ Screenshot ကို AFP က အနီရောင် X နဲ့ AI အမှတ်အသားပြုထား

"ရုပ်ပုံက AI ပါ"ဆိုပြီး ၂၀၂၆ ခုနှစ်၊ မေလ ၂၆ ရက်မှာ Facebook စာမျက်နှာရဲ့ admin ဖြစ်သူ ရဲတပ်ကြပ်ကြီး Rachata Mitrsuripong က AFP ကိုပြောပါတယ်။    

သံသယရှိသူရဲ့ အမည်ကလွဲလို့ ပိုစ့်မှာဖော်ပြထားတဲ့ အခြားအသေးစိတ်အချက်အလက်တွေက မှန်ကန်ပါတယ်လို့  Rachata ကဆိုပါတယ်။ 

သူက AFP ကို မူရင်းဓာတ်ပုံမျှဝေပေးခဲ့ပြီး အဲဒီဓာတ်ပုံမှာ AI ဖန်တီးမှုရုပ်ပုံလိုမျိုး အမျိုးသမီး ကချေသည် ပါဝင်တာမျိုးမရှိပါဘူး။  

Image
၂၀၂၆ ခုနှစ်၊ မေလ ၂၆ ရက်မှာ သာလွန်ခရိုင်ရဲစခန်းက AFP ကိုမျှဝေပေးခဲ့တဲ့ မူရင်းဓာတ်ပုံ

"ကျွန်တော်က ရဲအရာရှိတွေရဲ့ ချစ်စရာကောင်းပြီး ဟာသမြောက်တဲ့ ဖော်ရွေတဲ့ ပုံရိပ်ကို ဖန်တီးချင်ခဲ့တာပါ။ ဒါမှလည်း ပြည်သူတွေက ရဲအရာရှိတွေကို ချဥ်းကပ်တဲ့အခါ ပိုပြီးသက်သောင့်သက်သာရှိမှာပါ"လို့သူကဆိုပါတယ်။   

အဲဒီရဲစခန်းက အခြားရဲအရာရှိတစ်ဦးကလည်း Rachata ကသူတို့ရဲ့ Facebook စာမျက်နှာကို စီမံခန့်ခွဲနေတယ်လို့ AFP ကိုပြောပါတယ်။ AI ဖန်တီးမှုရုပ်ပုံက နိုင်ငံတကာမှာပျံ့နှံ့နေတာကို သူတို့သတိမထားမိလိုက်ဘူးလို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။ 

AFP ရဲ့မေးမြန်းမှုအပြီး ရဲစခန်းရဲ့ Facebook စာမျက်နှာမှာ မူရင်းဓာတ်ပုံကို ပြုပြင်ဖန်တီးထားတဲ့ ရုပ်ပုံနဲ့ ယှဥ်တွဲပြီး ပြန်လည်မျှဝေခဲ့ပါတယ်။ (Archived link) 

"အားလုံးသိအောင်ပြောပြချင်ပါတယ်။ ဒီပုံတွေက ဓာတ်ပုံအစစ်အမှန်တွေပါ။ အရင်ကမျှဝေခဲ့တဲ့ ပုံကတော့ AI နဲ့ဖန်တီးထားတာပါ"ဆိုပြီး ၂၀၂၆ ခုနှစ်၊ မေလ ၂၇ ရက်ကပိုစ့်မှာ ရေးသားထားပါတယ်။   

၂၀၂၅ ခုနှစ်၊ မေလမှာစတင်မိတ်ဆက်ခဲ့တဲ့ Google ရဲ့ AI ဖန်တီးမှုတွေကို ထုတ်ဖော်ပေးနိုင်တဲ့ SynthID နဲ့ မှားယွင်းမျှဝေထားတဲ့ ရုပ်ပုံကို ထပ်မံစစ်ဆေးကြည့်တဲ့အခါ AI နဲ့ ဖန်တီးမှု ဖြစ်နိုင်ခြေ "အလွန်မြင့်မား" ကြောင်း တွေ့ရပါတယ်။ (Archived link) 

Image
SynthID စစ်ဆေးမှုရလာဒ်ရဲ့ Screenshot

 AI ဖန်တီးမှုအကြောင်းအရာတွေနဲ့ ပတ်သက်တဲ့ အခြားမှားယွင်းပြောဆိုမှုတွေကို AFP က ယခင်ကလည်း အချက်အလက်စိစစ်ခဲ့ပါတယ်။  

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ