ဧရာဝတီတိုင်းသားတွေကို နိုင်ငံသားဖြစ်ခွင့်အတွက် KTLA ကငွေကြေးကောက်ခံနေတယ်ဆိုတဲ့ သရော်စာသတင်းတစ်ပုဒ် မှားယွင်းပျံ့နှံ့
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 27 မေ 2026 အချိန် 09h21
- ဖတ်ရန် ကြာချိန် 2 မိနစ်
- Chayanit ITTHIPONGMAETEE, Pasika KHERNAMNUOY, AFP ထိုင်း, AFP မြန်မာ
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှာ ကရင်လက်နက်ကိုင်တပ်ဖွဲ့တစ်ခုက လွတ်လပ်တဲ့ ကော်သူးလေသမ္မတနိုင်ငံကို ဖွဲ့စည်းလိုက်ကြောင်း ကြေညာခဲ့တဲ့နောက် ဧရာဝတီတိုင်းကလူတွေဟာ နိုင်ငံသားဖြစ်ခွင့်အတွက် ထိုင်းဘတ်ငွေ ၅၀,၀၀၀ မပေးဆောင်ပါက နှင်ထုတ်ခံရမယ်ဆိုပြီး လူမှုကွန်ရက်မှာ မှားယွင်းမျှဝေနေကြပါတယ်။ ဒါပေမဲ့ ဒီမှားယွင်းပြောဆိုမှုဟာ သရော်စာသတင်းတစ်ပုဒ်ကနေ အစပြုခဲ့တာဖြစ်ပြီး ကော်သူးလေတပ်မတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဒါဟာမမှန်ကန်ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။
"ကရင်ပြည်နယ် ထိုင်းနယ်စပ်ရှိ ကော်သူးလေသမ္မတနိုင်ငံတော်မှ ဧရာဝတီတိုင်းသားများကို စတင်နှင်ထုတ်"(မူရင်းအတိုင်း) ဆိုပြီး ၂၀၂၆ ခုနှစ်၊ မေလ ၉ ရက်ကမျှဝေထားတဲ့ ဒီ Facebook ပိုစ့်မှာရေးသားထားပါတယ်။
အဲဒီပိုစ့်မှာ စစ်တပ်ယာဉ်တစ်စီးပေါ်တက်ဖို့ တန်းစီနေတဲ့သူတွေ၊ ကော်သူးလေသမ္မတနိုင်ငံရဲ့ နိုင်ငံကူးလက်မှတ်၊ ကော်သူးလေတပ်မတော်ခေါင်းဆောင် စောနယ်ဒါးမြ နဲ့ အထောက်အထားကဒ်တွေနဲ့တူတဲ့ စာရွက်စာတမ်းတွေရဲ့ ဓာတ်ပုံတွေပါရှိပါတယ်။
"ဧရာဝတီတိုင်းသားများအနေဖြင့် ကော်သူလေးနိုင်ငံသားဖြစ်လိုပါက ထိုင်းဘတ်ငွေ 5သောင်းပေးရမည်ဖြစ် ပြီး မပေးနိုင်ပါက ချက်ချင်းထွက်သွားရမည်ဖြစ်ကြောင်း သမ္မတကြီးစောနယ်ဒါးမြ ရာဇသံပေး"(မူရင်းအတိုင်း) ဆိုပြီးလည်း ဆက်လက်ရေးသားထားပါတယ်။
ကော်သူးလေသမ္မတနိုင်ငံတော်ခေါင်းဆောင်က ဧရာဝတီတိုင်းသားတွေကို "အထူးအခွင့်အရေးအနေနဲ့"ထိုင်းဘတ်ငွေငါးသောင်း (အမေရိကန်ဒေါ်လာ ၁,၅၄၀ ခန့်) ပေးရင် ကော်သူးလေနိုင်ငံသားဖြစ်ခွင့်ရမယ်လို့ ပိုစ့်မှာဖော်ပြထားပါတယ်။
၂၀၂၁ ခုနှစ်မှာ စစ်တပ်က အရပ်သားအစိုးရကို ဖြုတ်ချခဲ့ပြီး အာဏာသိမ်းယူခဲ့စဥ်ကတည်းက စစ်အစိုးရဟာ ဒီမိုကရေစီလိုလားတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအပြင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တိုက်ခိုက်မှုတွေကြောင့် မြန်မာနိုင်ငံအနှံ့ ပြည်တွင်းစစ်မီးတောက်လောင်ခဲ့ပါတယ်။
ကော်သူးလေတပ်မတော် (KTLA) ဟာ မြန်မာ-ထိုင်း နယ်စပ်တစ်လျှောက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိဖို့ မြန်မာစစ်အာဏာရှင်ကို ဆယ်စုနှစ်များစွာတိုက်ခိုက်နေတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ကနေ ခွဲထွက်ထားတဲ့ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ (Archived link)
KNU ရဲ့ လက်နက်ကိုင်တပ်ဖွဲ့စစ်ဦးစီးချုပ်ကနေ ထုတ်ပယ်ခံရပြီး ၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှာ KTLA ကို ဖွဲ့စည်းခဲ့တဲ့ စောနယ်ဒါးမြဟာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့မှာ လွတ်လပ်တဲ့ "ကော်သူးလေသမ္မတနိုင်ငံ" ကို ဖွဲ့စည်းကြောင်း ကြေညာခဲ့တယ်လို့ ဒေသတွင်းသတင်းဌာနတွေက ဖော်ပြကြပါတယ်။ (Archived link)
ဧရာဝတီတိုင်းသားတွေကို ကော်သူးလေကနေ မောင်းထုတ်နေတယ်ဆိုတဲ့ တူညီတဲ့မှားယွင်းပြောဆိုမှုတွေဟာ မြန်မာဘာသာနဲ့ Facebook မှာပျံ့နှံ့ခဲ့ပါတယ်။
"ဘက်ငွေ5သောင်ဆိုမနဲမနော်ငွေပမဏပါလား"(မူရင်းအတိုင်း) ဆိုပြီး စိုးရိမ်ပူပန်နေတဲ့ အွန်လိုင်းအသုံးပြုသူတစ်ယောက်က မှတ်ချက်ပြုထားပါတယ်။
ဒါပေမဲ့ ဧရာဝတီတိုင်းသားတွေကို ကရင်ပြည်နယ်ကနေ နှင်ထုတ်နေတယ်ဆိုတာ မှန်ကန်မှုမရှိပါဘူး။
မြန်မာဗန်းစကားတွေနဲ့အတူ စောနယ်ဒါးမြကိုပါ ဟာသပုံစံရေးသားမှုတွေက ဒီပိုစ့်ဟာ သရော်စာသတင်းတစ်ပုဒ်ဖြစ်ကြောင်း သိသာစေပါတယ်။ အဲဒီ Facebook စာမျက်နှာမှာ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို သရော်ထားတဲ့ အလားတူဆောင်းပါးတွေကိုလည်းတွေ့ရပါတယ်။
KTLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီးစောညီဇော်က ဒီလိုမောင်းထုတ်တာမျိုးမရှိတဲ့အပြင် သူတို့ခေါင်းဆောင်ကို ကိုးကားထားတဲ့ ပြောဆိုချက်တွေဟာလည်း လုပ်ကြံဖန်တီးထားတာဖြစ်တယ်လို့ ၂၀၂၆ ခုနှစ်၊ မေလ ၁၉ ရက်က တယ်လီဂရမ်ဖုန်းခေါ်ဆိုမှုကနေ AFP ကိုပြောကြားခဲ့ပါတယ်။
"ကော်သူးလေနိုင်ငံသားကဒ်တွေကိုတော့ လူတိုင်းကို ကျွန်တော်တို့ထုတ်ပေးပါတယ်။ ငါးသောင်းဆိုတာကတော့ မဟုတ်ပါဘူးခင်ဗျာ။"လို့သူကဆိုပါတယ်။
ထိုင်းတော်ဝင်တပ်မတော်ကလည်း မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက်က ဧရာဝတီတိုင်းသားတွေကိုနှင်ထုတ်နေတယ်ဆိုတဲ့ ပြောဆိုမှုက မှားယွင်းပါတယ်လို့ ၂၀၂၆ ခုနှစ်၊ မေလ ၁၉ ရက်က AFP ကို ဖုန်းနဲ့ဖြေကြားခဲ့ပါတယ်။
သက်ဆိုင်မှုမရှိတဲ့ဓာတ်ပုံနဲ့ AI ဖန်တီးမှုရုပ်ပုံ
Google မှာဓာတ်ပုံရာဇဝင်အပြင် အဓိကကျတဲ့စကားလုံးတွေနဲ့ အချက်အလက်ရှာဖွေကြည့်ရာ စစ်တပ်ယာဥ်ပေါ်ကိုတက်ဖို့ တန်းစီနေတဲ့လူတွေရဲ့ ဓာတ်ပုံကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်မှာ Thai PBS သတင်းဌာနက မျှဝေထားတာ တွေ့ရပါတယ်။ (Archived link)
ကရင်နီပြည်နယ်အရှေ့ပိုင်း အကျဥ်းထောင်တစ်ခုက ထွက်ပြေးလွတ်မြောက်လာတဲ့ မြန်မာစစ်သားတွေကို ထိုင်းအာဏာပိုင်တွေက နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော်ဂိတ်မှာ ပြန်လည်လွှဲပြောင်းပေးအပ်စဥ်ကဆိုပြီး ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံအခြေစိုက် သတင်းထောက် Tossapol Boonpat က ဒီဓာတ်ပုံကို သူ့သူငယ်ချင်းကရိုက်ကူးခဲ့တာဖြစ်ပြီး သူ့ကိုမျှဝေပေးခဲ့တာလို့ AFP ကိုပြောပါတယ်။
"သူတို့ရဲ့ တပ်စခန်းကိုစွန့် ခွာပြီး ထိုင်းနိုင်ငံ မဲဟောင်ဆောင်ပြည်နယ်၊ ခွန်ယွမ်ခရိုင်ဘက်ခြမ်း ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာစစ်သားတွေကို ထိုင်းအာဏာပိုင်တွေက လွှဲပြောင်းတဲ့အချိန်ကရိုက်ကူးထားတဲ့ ဓာတ်ပုံဖြစ်ပါတယ်။ တက်ခ်ခရိုင်မှာ လွှဲပြောင်းခဲ့တာပါ။" ဆိုပြီး Tossapol က ၂၀၂၆ ခုနှစ်၊ မေလ ၂၁ ရက်မှာ AFP ကိုပြောပါတယ်။
ဒါအပြင် နိုင်ငံကူးလက်မှတ်ရုပ်ပုံမှာပါတဲ့ တံဆိပ်ကလည်း ကော်သူးလေတပ်မတော်ရဲ့ တရားဝင်တံဆိပ်နဲ့ ကိုက်ညီမှုမရှိတဲ့အပြင် စာအုပ်ပေါ်မှာရေးသားထားတဲ့ စာလုံးတွေဟာလည်း အဓိပ္ပာယ်ကောက်ယူနိုင်ခြင်းမရှိပါဘူး။ ဒါတွေဟာ AI နဲ့ဖန်တီးထားတာကို သိသာစေတဲ့ရုပ်ပုံကွဲလွဲမှုတွေပဲဖြစ်ပါတယ်။ (Archived link)
Google ရဲ့ AI ဖန်တီးမှုတွေကို စိစစ်ပေးနိုင်တဲ့ SynthID detector က အဲဒီရုပ်ပုံဟာ Google AI နဲ့ပြုလုပ်ထားနိုင်ချေ "အလွန်မြင့်မား"တယ်လို့ ဖော်ပြပါတယ်။ (Archived link)
KTLA ပြောရေးဆိုခွင့်ရှိသူ စောညီဇော်က လတ်တလောမှာ ကော်သူးလေက နိုင်ငံကူးလက်မှတ်ထုတ်ပေးတာမျိုး မရှိဘူးလို့ဆိုပါတယ်။ အထောက်အထားကဒ်တွေရဲ့ ဓာတ်ပုံကိုလည်း "အဲ့ပုံက ကျွန်တော်တို့ရုံးကရိုက်တဲ့ပုံ မဟုတ်ဘူးဗျ"လို့ပြောပါတယ်။
ကော်သူးလေက လွတ်လပ်ရေးကြေညာပြီးနောက် စောနယ်ဒါးမြရဲ့ပုံတူပါဝင်တဲ့ ငွေစက္ကူအသစ်တွေထုတ်ပေးနေတယ်ဆိုတဲ့ မှားယွင်းပြောဆိုမှုကိုလည်း AFP က အချက်အလက်စိစစ်ခဲ့ပါတယ်။
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၆။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်