ကော်သူးလေတပ်မတော်က လွတ်လပ်ရေးကြေညာပြီးနောက် AI နဲ့ ဖန်တီးထားတဲ့ ငွေစက္ကူပုံတွေ ပျံ့နှံ့

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 20 ဇန်နဝါရီ 2026 အချိန် 09h42
  • ဖတ်ရန် ကြာချိန် 1 မိနစ်
  • AFP ထိုင်း

ပြည်တွင်းစစ်တွေဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံက ကရင်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဟာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ အစောပိုင်းမှာ လွတ်လပ်တဲ့သမ္မတနိုင်ငံတစ်ခု တည်ထောင်လိုက်တယ်လို့ ကြေညာခဲ့တဲ့နောက် AI နဲ့ဖန်တီးထားတဲ့ ငွေစက္ကူရုပ်ပုံတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။ ဒီရုပ်ပုံတွေမှာ အဓိပ္ပါယ်မရှိတဲ့ စာသားတွေပါရှိပြီး AI နဲ့ပြုလုပ်ထားကြောင်း တွေ့ရပါတယ်။ ကော်သူးလေတပ်မတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူက သူတို့အနေနဲ့ ငွေစက္ကူထုတ်လုပ်ထားတာမျိုးမရှိဘူးလို့ AFP ကိုပြောပါတယ်။ 

"ကောသူးလေပိုက်ဆံထွက်ပါပြီ"(မူရင်းအတိုင်း) ဆိုပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်က မျှဝေထားတဲ့ ဒီ Facebook ပိုစ့်မှာ တစိတ်တပိုင်းရေးသားထားပါတယ်။ ကော်သူးလေ ပိုက်ဆံ ၅,၀၀၀ ကို အမေရိကန်ဒေါ်လာ ၁၀၀ နဲ့ ညီမျှတယ်လို့လည်း ဒီပို့စ်မှာဆိုပါတယ်။    

အဲဒီပိုစ့်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ခုရဲ့ခေါင်းဆောင် ဗိုလ်ချုပ်နယ်ဒါးမြရဲ့ ရုပ်ပုံပါဝင်တဲ့ ၁,၀၀၀ တန် နဲ့ ၅,၀၀၀ တန် ငွေစက္ကူပုံတွေကိုဖော်ပြထားပြီး မြန်မာအက္ခရာပုံစံနဲ့ ဖတ်မရတဲ့ စာသားတွေပါရှိပါတယ်။ 

ဖန်တီးထားတဲ့ ငွေစက္ကူရုပ်ပုံတွေမှာ ကော်သူးလေတပ်မတော် (Kawthoolei Army) ရဲ့ အတိုကောက်အမည် KTLA ကိုဖော်ပြထားပါတယ်။  ကော်သူးလေတပ်မတော် (KTLA) ဟာ မြန်မာ-ထိုင်း နယ်စပ်တစ်လျှောက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိဖို့ မြန်မာစစ်အာဏာရှင်ကို ဆယ်စုနှစ်များစွာတိုက်ခိုက်နေတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ကနေ ခွဲထွက်ထားတဲ့ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။(Archived link)   

၂၀၂၁ ခုနှစ်မှာ စစ်တပ်က အရပ်သားအစိုးရကို ဖြုတ်ချခဲ့ပြီး အာဏာသိမ်းယူခဲ့စဥ်ကတည်းက စစ်အစိုးရဟာ ဒီမိုကရေစီလိုလားတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအပြင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တိုက်ခိုက်မှုတွေကြောင့် မြန်မာနိုင်ငံအနှံ့ ပြည်တွင်းစစ်မီးတောက်လောင်ခဲ့ပါတယ်။ 

KNU လက်နက်ကိုင်တပ်ဖွဲ့ရဲ့ စစ်ဦးစီးချုပ်ကနေ ထုတ်ပယ်ခံရပြီး ၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှာ KTLA ကို ဖွဲ့စည်းခဲ့တဲ့ ဗိုလ်ချုပ် နယ်ဒါးမြဟာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့မှာ လွတ်လပ်တဲ့ "ကော်သူးလေသမ္မတနိုင်ငံ" ကို ဖွဲ့စည်းကြောင်း ကြေညာခဲ့တယ်လို့ ဒေသတွင်းသတင်းဌာနတွေက ဖော်ပြကြပါတယ်။ (Archived link 

KNU က KTLA ရဲ့ ကြေညာချက်ကို ပယ်ချခဲ့ပြီး နယ်ဒါးမြဟာ "နယ်မြေနဲ့ လူမျိုးကို ကိုယ်စားမပြုဘူး" လို့ ပြောဆိုခဲ့တဲ့အပြင် ကြေညာချက်ဟာ "အဓိပ္ပာယ်မရှိဘူး" လို့လည်း ဆိုပါတယ်။ (Archived links here and here) 

Image
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်က ရယူထားတဲ့ မှားယွင်းပိုစ့်ရဲ့ Screenshot ကို AFP က X အမှတ်အသားပြုထား

ဗိုလ်ချုပ် နယ်ဒါးမြရဲ့ ကြေညာချက်အပြီးမှာ ငွေစက္ကူအသစ်ဆိုတဲ့ မှားယွင်းပြောဆိုမှုတွေဟာ Facebook နဲ့ TikTok မှာ မြန်မာဘာသာနဲ့ အင်္ဂလိပ်ဘာာအပြင် ထိုင်ဘာသာစကားတွေနဲ့ပါ ပျံ့နှံ့ခဲ့ပါတယ်။ 

ဒါပေမဲ့ ရုပ်ပုံတွေဟာ AI နည်းပညာနဲ့ ဖန်တီးထားတာဖြစ်ပြီး KTLA ကလည်း ငွေစက္ကူအသစ်ထုတ်လုပ်ထားတယ်ဆိုတဲ့ ပြောဆိုချက်ကို ငြင်းပယ်ခဲ့ပါတယ်။  

Google မှာ ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်ပြီး "About this image" ဆိုတဲ့စာတမ်းကို နှိပ်လိုက်တဲ့အခါ ဒီဓာတ်ပုံကို "Made with Google AI" "Google AI နှင့်ဖန်တီးထားသည်" ဆိုတဲ့ သတိပေးချက်ကို တွေ့ရပါတယ်။   

AI နဲ့ဖန်တီးမှု အကြောင်းအရာတွေကို စိစစ်ဖို့ ၂၀၂၅ ခုနှစ်၊ မေလမှာ စတင်မိတ်ဆက်ခဲ့တဲ့ Google ရဲ့  SynthID Detector နဲ့ထပ်မံစစ်ဆေးကြည့်ရာ ဓာတ်ပုံဟာ  AI အသုံးပြုပြီး ဖန်တီးထားနိုင်ချေ "အလွန်မြင့်မား" တယ်လို့အဖြေရရှိပါတယ်။ (Archived link) 

Image
Image
Image
SynthID စစ်ဆေးမှုရလာဒ်ရဲ့ Screenshot

KTLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီးစောညီဇော်က သူတို့အနေနဲ့ ငွေစက္ကူတွေ ထုတ်လုပ်ထားတာမျိုးမရှိသလို ရုပ်ပုံတွေမှာပါတဲ့ အက္ခရာတွေကို အဓိပ္ပာယ်ကောက်ယူနိုင်ခြင်းမရှိဘူးလို့လည်း ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်မှာ AFP ကိုပြောပါတယ်။ 

"ကျွန်တော်တို့ GOK အနေနဲ့ ပိုက်ဆံထုတ်ထားခြင်း passport ထုတ်ထားခြင်းတော့မရှိပါဘူး ကော်သူးလေနိုင်ငံသားကဒ်တော့ ထုတ်ပေးထားတာရှိပါတယ်" ဆိုပြီး Telegram ကနေ ဖြေကြားခဲ့ပါတယ်။ 

မြန်မာနိုင်ငံမငြိမ်မသက်မှုတွေနဲ့ပတ်သက်တဲ့ အခြားမှားယွင်းပြောဆိုမှုတွေကို AFP ကယခင်ကလည်း အချက်အလက်စိစစ်ခဲ့ပါတယ်။  

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ