ဓားစာခံကယ်ဆယ်ရေးလေ့ကျင့်ခန်းဗီဒီယိုတစ်ခုကို US စစ်သားတွေရဲ့ ဗင်နီဇွဲလားသမ္မတဖမ်းဆီးမှုဆိုပြီး မှားယွင်းမျှဝေ
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 27 ဇန်နဝါရီ 2026 အချိန် 05h48
- ဖတ်ရန် ကြာချိန် 1 မိနစ်
- AFP Thailand
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှာ အမေရိကန်တပ်ဖွဲ့တွေက ဗင်နီဇွဲလားသမ္မတ နီကိုလတ်စ် မာဒူရိုကို မူးယစ်ဆေးဝါးဆိုင်ရာစွဲချက်တွေရင်ဆိုင်ဖို့ နယူးယောက်ခ်မြို့ကို ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး နာရီပိုင်းအကြာမှာ ဖြုတ်ချခံ သမ္မတရဲ့ နေအိမ်ကို Delta Force က ဝင်ရောက်စီးနင်းမှုဆိုတဲ့ ဗီဒီယိုတစ်ခုပျံ့နှံ့ခဲ့ပါတယ်။ ဒါပေမဲ့ ဒီဗီဒီယိုဟာ လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ်ကတည်းက အွန်လိုင်းပေါ်မှာပျံ့နှံ့နေခဲ့ပြီး ဓားစာခံကယ်ဆယ်ရေး လေ့ကျင့်ခန်းတစ်ခုဖြစ်တယ်လို့ ပို့စ်ဟောင်းတွေမှာ ဆိုထားပါတယ်။
"ဗင်နီဇွဲလား သမ္မတအိမ်တော်ထဲ ဝင်စီးတဲ့ မှတ်တမ်း" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်က Facebook ပို့စ်မှာ ရေးသားထားပါတယ်။
ကြည့်ရှုမှုအကြိမ်ရေ ၂၄,၀၀၀ ကျော်ရှိတဲ့ ဒီဗီဒီယိုထဲမှာ စစ်သားတစ်ယောက်က လက်နက်ကိုင်ဆောင်ထားသူတွေကို ပစ်ခတ်နေပုံနဲ့ သူရဲ့ တပ်ဖွဲ့ဝင်တွေက မှောင်မိုက်နေတဲ့အိမ်ရဲ့ အခန်းတစ်ခုချင်းစီကို ဝင်ရောက်စီးနင်းခဲ့တဲ့ မြင်ကွင်းတွေကို တွေ့ရပါတယ်။ ဒါအပြင် မျက်နှာတွေကိုမှုန်ဝါးထားတဲ့ စစ်သားသုံးဦးရဲ့ဓာတ်ပုံတစ်ပုံလည်းပါရှိပါတယ်။
ဒါဟာ "Delta Force ဗီဒီယို" လို့ ပြောဆိုမှုနဲ့ ချန်နယ်ကို "like" နဲ့ "follow" လုပ်ဖို့တိုက်တွန်းနေတဲ့ အမျိုးသားတစ်ဦးရဲ့ အသံဖိုင်လည်း ပါဝင်ပါတယ်။
အမေရိကန်အထူးတပ်ဖွဲ့ဖြစ်တဲ့ Delta Force တပ်ဖွဲ့ဝင်တွေက ဗင်နီဇွဲလားမြို့တော် ကာရာကာစ်ကို ဝင်ရောက်ကာ သမ္မတ နီကိုလတ်စ် မာဒူရိုကို ဖမ်းဆီးခဲ့ပြီး မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်မှုစွဲချက်တွေကိုရင်ဆိုင်ဖို့ အမေရိကန်ပြည်ထောင်စုကို ခေါ်ဆောင်ခဲ့တဲ့နောက် တူညီတဲ့မှားယွင်းပြောဆိုမှုတွေဟာ Facebook အပြင် TikTok မှာပါ ပျံ့နှံ့ခဲ့ပါတယ်။ (Archived here and here)
အာဏာရှင်ဆန်ပြီး အမေရိကန်မုန်းတီးတဲ့ ဗင်နီဇွဲလားအစိုးရရဲ့ လူယုံတစ်ဦးဖြစ်ပြီး ဒုသမ္မတဟောင်းဖြစ်သူ ဒယ်စီ ရိုဒရီဂွက်ဇ် က မာဒူရိုအဖမ်းခံရပြီး နှစ်ရက်အကြာမှာ ယာယီသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။
ဗင်နီဇွဲလားကမ်းရိုးတန်းမှာ အမေရိကန်စစ်သင်္ဘောတွေ စုရုံးရောက်ရှိခဲ့တဲ့နောက် သူမရဲ့ မူလချဉ်းကပ်မှုကို ပြောင်းလဲခဲ့ပါတယ်။ သူမက ဗင်နီဇွဲလားရေနံရောင်းချဖို့ ဝါရှင်တန်ရဲ့ ကြားဝင်ဆောင်ရွက်မှုကို ခွင့်ပြုပေးခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို လွယ်ကူချောမွေ့စေခဲ့တဲ့အပြင် နိုင်ငံရေးအကျဉ်းသားတွေကိုလည်း လွှတ်ပေးခဲ့ပါတယ်။
ဒါပေမဲ့ အွန်လိုင်းပေါ်ပျံ့နှံ့နေတဲ့ဗီဒီယိုဟာ မာဒူရိုဖမ်းဆီးခေါ်ဆောင်မှုကမဟုတ်ပါဘူး။
ဗီဒီယိုထဲကရုပ်ပုံတွေကို အသုံးပြုပြီး Google မှာအချက်အလက်ရှာဖွေကြည့်တဲ့အခါ ပိုမိုရှည်လျားတဲ့ဗီဒီယိုကို စစ်ရေးဆိုင်ရာအကြောင်းအရာတွေ မျှဝေလေ့ရှိတဲ့ YouTube စာမျက်နှာတွေမှာ ဖော်ပြထားတာတွေ့ရပါတယ်။
ဗီဒီယိုတွေထဲကတစ်ခုက "CAG A Squadron HR CQB လေ့ကျင့်ရေး" ဆိုတဲ့ခေါင်းစဥ်နဲ့ YouTube မှာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်ကတည်းက မျှဝေထားပါတယ်။ (Archived link) "HR CQB" ဟာ "Hostage Rescue Close Quarters Battle" ကိုဆိုလိုပြီး "ဓားစာခံကယ်ဆယ်ရေး အနီးကပ်တိုက်ပွဲ" လို့အဓိပ္ပါယ်ရပါတယ်။
မှားယွင်းပို့စ်ရဲ့ ဗီဒီယိုထဲက မြင်ကွင်းတွေကို YouTube ဗီဒီယိုရဲ့ ၂၃ စက္ကန့်ကြာချိန်မှာ တွေ့နိုင်ပါတယ်။
မှားယွင်းပို့စ်ကဗီဒီယိုမှာမပါဝင်တဲ့ YouTube ဗီဒီယိုထဲကရုပ်ပုံသဲလွန်စတွေက ဒါကို ဗင်နီဇွဲလားမှာရိုက်ကူးထားတာမဟုတ်ကြောင်း ဖော်ပြနေပါတယ်။
YouTube ဗီဒီယိုရဲ့ ၁၀ စက္ကန့်ကြာချိန်မှာ "road closed" "လမ်းပိတ်ထားသည်" ဆိုတဲ့ ဆိုင်းဘုတ်ကိုတွေ့ရပြီး စက္ကန့် ၂၀ ခန့်မှာ အမေရိကန်အလံတစ်ခုကိုလည်း တွေ့ရပါတယ်။
ဒီဗီဒီယိုကို "Matt Pranka" ဆိုသူက ရိုက်ကူးထားကြောင်း ဗီဒီယိုအောက်က မှတ်ချက်တွေမှာ လူအချို့က ရေးသားထားပါတယ်။ Matt Pranka ရဲ့အမည်ကို Google မှာ အချက်အလက်ရှာဖွေကြည့်တဲ့အခါ သူဟာ စစ်ရေးဆိုင်ရာလေ့ကျင့်ရေး ဝန်ဆောင်မှုတွေပေးနေတဲ့ အမေရိကန်ပြည်ထောင်စုအခြေစိုက် ကုမ္ပဏီဖြစ်တဲ့ Xray Alpha ရဲ့ တည်ထောင်သူဖြစ်ကြောင်း သိရပါတယ်။ (Archived link)
မှားယွင်းပို့စ်ကဗီဒီယိုကို CQB နည်းလမ်းအကြောင်းဖော်ပြထားတဲ့ပို့စ်နဲ့အတူ ကုမ္ပဏီရဲ့ Instagram မှာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလက ဖော်ပြခဲ့ပါတယ်။ (Archived link)
AFP ရဲ့ ဆက်သွယ်မေးမြန်းမှုကို Xray Alpha က တုံ့ပြန်မှုမရှိခဲ့ပါဘူး။
ဗင်နီဇွဲလားက အမေရိကန်ရဲ့စစ်ရေးဝင်ရောက်စွက်ဖက်မှုနဲ့သက်ဆိုင်တဲ့ မှားယွင်းပြောဆိုမှုတွေကို AFP က ဒီလင့်ခ်မှာ အချက်အလက်စိစစ်ထားပါတယ်။
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၆။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်