အမေရိကန်စစ်ရေးလှုပ်ရှားမှုအပြီး အောင်ပွဲခံနေတဲ့ ဗင်နီဇွဲလားပြည်သူတွေဆိုတဲ့ AI ဖန်တီးမှုဗီဒီယို ပျံ့နှံ့

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 29 ဇန်နဝါရီ 2026 အချိန် 09h37
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • Gwen Roley, AFP အမေရိကန်ပြည်ထောင်စု
  • ဘာသာပြန်ခြင်းနှင့် ဆီလျော်အောင်ပြန်လည်ရေးသားခြင်း - AFP Thailand

အမေရိကန်စစ်တပ်က ကာရာကာစ်ကိုဝင်ရောက်ပြီး ဗင်နီဇွဲလားသမ္မတ နီကိုလတ်စ် မာဒူရိုကို အမှတ်မထင်ဝင်ရောက်ဖမ်းဆီးခဲ့တဲ့နောက် နိုင်ငံတွင်းက ပြည်သူတွေရဲ့ ဝမ်းသာအောင်ပွဲခံနေမှုဆိုတဲ့ ဗီဒီယိုတစ်ခုကို X ပိုင်ဆိုင်သူ ဘီလီယံနာ အီလွန် မက်စ် အပါအဝင် အကောင့်အတော်များများက ပြန်လည်မျှဝေနေကြပါတယ်။ ဒါပေမဲ့ ဒါဟာအပြင်မှာ အမှန်တကယ်ဖြစ်ပေါ်နေတာတွေမဟုတ်ပဲ သံသယဖြစ်ဖွယ်အကောင့်တစ်ခုက မျှဝေထားပြီး ဥာဏ်ရည်တုနည်းပညာနဲ့ ပြုလုပ်ထားတဲ့ သဲလွန်စတွေတွေ့ရပါတယ်။  

"ငါတို့လည်း_အဲ့လိုငိုချင်ပြီကွယ်" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်က ဒီ Facebook ပို့စ်မှာ ရေးသားထားပါတယ်။

ဒီဗီဒီယိုထဲမှာ ဗင်နီဇွဲလားနိုင်ငံအလံကိုင်ဆောင်ထားသူတွေအနီး "နောက်ဆုံးတော့ လွတ်လပ်ပြီ" လို့အဓိပ္ပါယ်ရတဲ့ စပိန်ဘာသာစကားနဲ့ ပြောဆိုဝမ်းနည်ငိုကြွေးနေသူတွေကို တွေ့ရပါတယ်။  

မှားယွင်းပြောဆိုမှုအချက်အလက်တွေကို အမြဲလိုလိုပြန်လည်မျှဝေလေ့ရှိတဲ့ အီလွန်မက်စ်ကလည်း ဒီဗီဒီယိုကို မျှဝေထားပါတယ်။  

ဝမ်းသာအောင်ပွဲခံနေတဲ့လူအုပ်ရဲ့မြင်ကွင်းတွေကို XInstagramThreadsTikTok နဲ့ Facebook တွေမှာ မျှဝေထားပြီး မြန်မာဘာသာအပြင် စပိန်ပေါ်တူဂီဘာသာစကားတွေနဲ့လည်း ပျံ့နှံ့နေပါတယ်။  

Image
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်က ရယူထားတဲ့ မှားယွင်း ဗီဒီယိုရဲ့ Screenshot ကို AFP က X အမှတ်အသားပြုထား

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကာရာကာစ်အစိုးရဟာ ရေနံရောင်းချရတဲ့ ဝင်ငွေတွေကိုသုံးပြီး "မူးယစ်အကြမ်းဖက်မှု၊ လူကုန်ကူးမှု၊ လူသတ်မှုနဲ့ ပြန်ပေးဆွဲမှု" တွေပြုလုပ်နေတယ်လို့ စွပ်စွဲထားပါတယ်။ (Archived link)  

အငြင်းပွားဖွယ ဒေသတွင်းအမေရိကန်စစ်တပ်ရဲ့  လှုပ်ရှားမှု လအတော်ကြာပြီးတဲ့နောက် ဇန်နဝါရီလ ၃ ရက် အစောပိုင်းမှာ မာဒူရိုနဲ့ ဇနီး စီလီယာ ဖလော်ရက်စ်တို့ကို အမေရိကန်စစ်တပ်က ဖမ်းဆီးခဲ့ပြီး အမေရိကန်ပြည်ထောင်စုကို ခေါ်ဆောင်ခဲ့ပါတယ်။ ဇန်နဝါရီလ ၅ ရက်မှာ မူးယစ်ကုန်ကူးမှုနဲ့ အခြားစွဲချက်တွေကို "အပြစ်မရှိဘူး" လို့ သူတို့နှစ်ဦးစလုံးက နယူးယောက်ခ်မြို့က ဖယ်ဒရယ်တရားရုံးတစ်ခုမှာ လျှောက်လဲခဲ့ပါတယ်။    (Archived links here, here  and here) 

ဆိုရှယ်လစ်တစ်ဦးအဖြစ်ခံယူထားတဲ့ မာဒူရိုက အမေရိကန်ပြည်ထောင်စုနဲ့ ကမ္ဘာ့နိုင်ငံတွေက အသိအမှတ်မပြုတဲ့ ရွေးကောက်ပွဲတွေနဲ့ ဗင်နီဇွဲလားနိုင်ငံကို ဆယ်စုနှစ်တစ်ခုကျော် ဦးဆောင်ခဲ့ပြီး သူဟာ နိုင်ငံရဲ့သမ္မတအဖြစ် ရပ်တည်နေဆဲဖြစ်ကြောင်း ထပ်လောင်းပြောဆိုခဲ့ပါတယ်။ (Archived links here and here

မာဒူရိုအဖမ်းခံရတဲ့ သတင်းပျံ့နှံ့ခဲ့တဲ့နောက် ပြည်ပရောက်ဗင်နီဇွဲလားနိုင်ငံသားတွေက အလံတွေကိုင်ဆောင်ပြီးအောင်ပွဲခံခဲ့ကြသလို အာဏာဖြုတ်ချခံ သမ္မတရဲ့ထောက်ခံသူ ၂,၀၀၀ ခန့်ကလည်း မြို့တော် ကာရာကာစ်မှာ ဆန္ဒပြခဲ့ကြပါတယ်။ (Archived link)

ဒါပေမဲ့ လူမှုကွန်ရက်ပေါ်ပျံ့နှံ့နေတဲ့ ဗင်နီဇွဲလားပြည်သူတွေ ငိုကြွေးပြီး အမေရိကန်အစိုးရကို ကျေးဇူးတင်စကားပြောဆိုခဲ့တယ်ဆိုတဲ့ ဗီဒီယိုဟာ အတုအယောင်သာဖြစ်ပါတယ်။  

Google မှာ ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်တဲ့အခါ ဒီဗီဒီယိုကို @curiousmindusa ဆိုတဲ့ TikTok အကောင့်က အစောဆုံးမျှဝေထားတာတွေ့ရပါတယ်။ ဒီအကောင့်ကနေ မျှဝေထားတဲ့ပို့စ်တွေဟာ AI နဲ့ပြုလုပ်ထားတဲ့ အချက်အလက်တွေ အများအပြားပါဝင်ကြောင်း BBC အချက်အလက်စိစစ်ရေးသတင်းထောက် Shayan Sardarizadeh က စစ်ဆေးဖော်ထုတ်ရေးသားခဲ့ပါတယ်။ (Archived links here, here, here, here and here) @curiousmindusa အကောင့်က AFP ရဲ့ ဆက်သွယ် မေးမြန်းမှုကို ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါဘူး။   

အသေးစိတ်လေ့လာမှုအရ ဗီဒီယိုထဲက ရုပ်ပုံအချို့ရဲ့ ပုံသဏ္ဍာန် မူမမှန်တာတွေတွေ့ရပြီး ဒါတွေဟာ AI နဲ့ပြုလုပ်ထားကြောင်း သိသာစေတဲ့ သဲလွန်စတွေဖြစ်ပါတယ်။  

အမေရိကန်ပြည်ထောင်စုရဲ့ ကြယ်ပွင့်ကွက်လပ်ကို ဗင်နီဇွဲလားနိုင်ငံရဲ့ အပြာ၊အနီ၊ အဝါရောင်အစင်းကြောင်းတွေနဲ့ ရောနှောထားတဲ့ ယုတ္တိမရှိတဲ့ အလံတစ်ချို့ကို ဗီဒီယိုထဲမှာ တွေ့ရပါတယ်။  

ဒါအပြင် ကမ္ဘာ့နိုင်ငံတွေရဲ့ အလံအရောင်တွေနဲ့ ဆင်တူမှုမရှိတဲ့ အရောင်လေးမျိုးပါတဲ့ အလံတစ်ခုကိုလည်း ဗီဒီယိုထဲမှာ တွေ့ရပါတယ်။ (Archived link)  

Image
မှားယွင်းဗီဒီယိုက ရုပ်ပုံကွဲလွဲမှုတွေကို AFP ကမြင်သာအောင် အမှတ်အသားပြုထား
Image
မှားယွင်းဗီဒီယိုက ရုပ်ပုံကွဲလွဲမှုတွေကို AFP ကမြင်သာအောင် အမှတ်အသားပြုထား

ဗီဒီယိုထဲက လူတွေရဲ့မျက်နှာတွေဟာ မှုန်ဝါးနေပြီး လူတစ်ယောက်ရဲ့အလံဟာလည်း ရုတ်တရက် ပျောက်ဆုံးသွားတာတွေဟာ AI နဲ့ပြုလုပ်ထားကြောင်း သိသာစေတဲ့ သဲလွန်စတွေဖြစ်ပါတယ်။  

Image
မှားယွင်းဗီဒီယိုက ရုပ်ပုံကွဲလွဲမှုတွေကို AFP ကမြင်သာအောင် အမှတ်အသားပြုထား
Image
မှားယွင်းဗီဒီယိုက ရုပ်ပုံကွဲလွဲမှုတွေကို AFP ကမြင်သာအောင် အမှတ်အသားပြုထား

ဒီဗီဒီယိုထဲမှာတွေ့ရတဲ့ ကားလိုင်စင်နံပါတ်ပြားတွေဟာ ဗင်နီဇွဲလားမှာ လက်ရှိအသုံးပြုနေတဲ့ အဝါ၊ အပြာ၊ အနီရောင် လိုင်စင်ပြားတွေမဟုတ်ပဲ အဖြူရောင်ဖြစ်နေတာကို X အသုံးပြုသူတွေက Community Notes တွေမှာ ထောက်ပြထားပါတယ်။ (Archived link)

Image
မှားယွင်းဗီဒီယိုက ရုပ်ပုံကွဲလွဲမှုတွေကို AFP ကမြင်သာအောင် အမှတ်အသားပြုထား

မာဒူရိုအဖမ်းခံရမှုကို နိုင်ငံခြားရောက် ဗင်နီဇွဲလားပြည်သူတွေက အောင်ပွဲခံခဲ့ကြပေမယ့် နိုင်ငံအတွင်း အခုလိုအောင်ပွဲခံမှုတွေပြုလုပ်ခဲ့တယ်ဆိုတဲ့ သတင်းတင်ပြမှုတွေ မရှိခဲ့ပါဘူး။ (Archived link

ဗင်နီဇွဲလားမှာ အမေရိကန်ရဲ့စစ်ရေးဝင်ရောက်စွက်ဖက်မှုနဲ့သက်ဆိုင်တဲ့ မှားယွင်းပြောဆိုမှုတွေကို AFP က ဒီလင့်ခ်မှာ အချက်အလက်စိစစ်ထားပါတယ်။  

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်