စစ်သားတွေဝိုင်းရံထားတဲ့ ဗင်နီဇွဲလားသမ္မတဓာတ်ပုံဟာ AI ဖန်တီးမှုသာဖြစ်

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်မှာ အမေရိကန်အထူးတပ်ဖွဲ့တွေက ဗင်နီဇွဲလားခေါင်းဆောင် နီကိုလတ်စ် မာဒူရိုနဲ့ ဇနီး ဆီလီယာ ဖလောရက်စ်တို့ကို ညတွင်းချင်းစီးနင်းဖမ်းဆီးခဲ့တဲ့နောက် စစ်သားတွေဝိုင်းရံထားတဲ့ ဖြုတ်ချခံသမ္မတရဲ့ ဓာတ်ပုံဆိုတဲ့ AI ဖန်တီးမှုရုပ်ပုံအပါအဝင် အခြားမှားယွင်းပြောဆိုမှုတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။ တကယ်တော့ အဲဒီဓာတ်ပုံကို Google ရဲ့ AI နည်းပညာနဲ့ ဖန်တီးထားတာဖြစ်ပြီး မူရင်းဖြန့်ဝေသူကလည်း AI နဲ့ဖန်တီးထားတယ်လို့ AFP ကို အတည်ပြုပြောကြားခဲ့ပါတယ်။  

"ဗင်နီဇွဲလားသမ္မတ မာဒူရိုနှင့်ဇနီးတို့အား ဖမ်းဆီးရမိကြောင်း ထရမ့်ကြေညာ" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်က မျှဝေထားတဲ့ ဒီ TikTok ဗီဒီယိုမှာ စာသားတစိတ်တပိုင်း ပါရှိပါတယ်။   

အမေရိကန်တပ်ဖွဲ့တွေက စစ်ဆင်ရေးတစ်ခုမှာ ကာရာကာစ်မြို့ကို ဝင်ရောက်စီးနင်းပြီး အဏာရှင်လက်ဝဲယိမ်းခေါင်းဆောင်နဲ့ ဇနီးကို ပြင်းထန်တဲ့ဗုံးကြဲတိုက်ခိုက်မှုတွေကြားက ဖမ်းဆီးခေါ်ဆောင်ခဲ့တဲ့နောက် မှားယွင်းပြောဆိုမှုတွေဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ (Archived links here and here)

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့က နယူးယောက်တရားရုံးမှာ သူတို့ဟာ မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ အခြားစွဲချက်တွေအတွက် အပြစ်မရှိကြောင်း လျှောက်လဲခဲ့ကြပါတယ်။ တစ်ချိန်တည်းမှာပဲ သမ္မတဒေါ်နယ်ထရမ့်က အမေရိကန်ပြည်ထောင်စုအနေနဲ့ ရေနံကြွယ်ဝတဲ့ တောင်အမေရိကနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးကို ကြီးကြပ်ပြီး ယာယီ "အုပ်ချုပ်" မယ်လို့ပြောကြားခဲ့ပါတယ်။ (Archived links here and here)

နိုင်ငံတကာရဲ့ စိုးရိမ်ပူပန်မှုတွေမြင့်တက်နေစဥ် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အရေးပေါ်လုံခြုံရေးကောင်စီအစည်းအဝေးတစ်ခုမှာ "အချုပ်အခြာအာဏာ၊ နိုင်ငံရေး လွတ်လပ်မှုနဲ့ နယ်မြေတည်တံ့ခိုင်မြဲမှုဆိုင်ရာစည်းမျဥ်းစည်းကမ်းတွေကို လေးစားသင့်တယ်" လို့ပြောကြားခဲ့ပါတယ်။ (Archived link)

Image
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်က ရယူထားတဲ့ မှားယွင်း TikTok ဗီဒီယိုရဲ့ Screenshot ကို AFP က X အမှတ်အသားပြုထား

မာဒူရိုဖမ်းဆီးခံရပြီးနောက် အမေရိကန်တပ်ဖွဲ့တွေထိန်းသိမ်းထားတဲ့ မာဒူရိုရဲ့ ပထမဆုံးဓာတ်ပုံဆိုတဲ့ မှားယွင်းပြောဆိုမှုတွေဟာ X နဲ့ Facebook မှာ ပျံ့နှံ့သွားခဲ့ပါတယ်။ 

ဒါပေမဲ့ အဲဒီဓာတ်ပုံဟာ AI နည်းပညာနဲ့ ဖန်တီးထားတာပဲဖြစ်ပါတယ်။  

Google မှာ ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်ရာ ဒီဓာတ်ပုံကို "Made with Google AI" "Google AI နှင့်ဖန်တီးထားသည်" ဆိုတဲ့ သတိပေးချက်ကို တွေ့ရပါတယ်။ 

AI နဲ့ဖန်တီးမှု အကြောင်းအရာတွေကို စိစစ်ဖို့ ၂၀၂၅ ခုနှစ်၊ မေလမှာ စတင်မိတ်ဆက်ခဲ့တဲ့ Google ရဲ့  SynthID Detector နဲ့ထပ်မံ စစ်ဆေးကြည့်ရာ ဓာတ်ပုံဟာ  AI အသုံးပြုပြီး ဖန်တီးထားနိုင်ချေ "အလွန်မြင့်မား" တယ်လို့အဖြေရရှိပါတယ်။ (Archived link)  

Image
SynthID စစ်ဆေးမှုရလာဒ်

မာဒူရိုဟာ မှားယွင်းဖော်ပြနေတဲ့ ရုပ်ပုံတွေမှာ ပိုမိုငယ်ရွယ်နေတာတွေ့ရပြီး ဆံပင်ကလည်းမည်းနက်နေပါတယ်။  

ရုပ်ပုံကို "AI ဗီဒီယို ဖန်တီးမှု အနုပညာဝါသနာရှင်" ဆိုတဲ့ Ian Weber အမည်ရှိ X စာမျက်နှာပိုင်ရှင်က အစောဆုံးမျှဝေထားတာကို AFP ကတွေ့ရှိခဲ့ပါတယ်။ သူဟာ ထရမ့်က စစ်ဆင်ရေးအကြောင်း Truth Social မှာကြေညာပြီး မိနစ် ၂၀ ခန့်အကြာမှာ မျှဝေခဲ့တာဖြစ်ပါတယ်။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်က အဲဒီပိုစ့်ရဲ့ reply တစ်ခုမှာ Weber က ရုပ်ပုံကို AI နဲ့ဖန်တီးထားတယ်လို့ ပြောဆိုထားပါတယ်။ (Archived link)

Image
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်ကရယူထားတဲ့ Ian Weber ရဲ့ X ပိုစ့် Screenshot ကို AFP က X အမှတ်အသားပြုထား

Weber က Gemini ရဲ့ ရုပ်ပုံဖန်တီးမှု နည်းပညာတစ်ခုဖြစ်တဲ့ Nano Banana Pro ကိုအသုံးပြုပြီး ဖန်တီးခဲ့တယ်လို့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်မှာ X ကနေ AFP ကိုပြောပါတယ်။ Gemini နဲ့ဖန်တီးထားတဲ့ ဓာတ်ပုံတွေရဲ့ထောင့်မှာ ပါလေ့ရှိတဲ့ ရေစာအမှတ်အသားကိုလည်း ဖယ်ထုတ်ဖြတ်တောက်ခဲ့တယ်လို့ ဆိုပါတယ်။ ရေစာအမှတ်အသားပါတဲ့ မူရင်းပုံကိုလည်း AFP ကို မျှဝေခဲ့ပါတယ်။ (Archived link

AFP ကိုပေးပို့ခဲ့တဲ့ Screenshot တွေအရ သူဟာ Gemini မှာ စပိန်ဘာသာစကားနဲ့ "အမေရိကန်တိုက်ခိုက်ရေးတပ်ဖွဲ့များက နီကိုလတ်စ် မာဒူရိုကို ဖမ်းဆီးခဲ့သည်။ အသေးစိတ်ဓာတ်ပုံ ထုတ်ပေးပါ။" လို့ အဓိပ္ပါယ်ရတဲ့ 'prompt' 'ညွှန်ကြားချက်' နဲ့ ဒီဓာတ်ပုံကို ဖန်တီးခဲ့တာ တွေ့ရပါတယ်။  

"ဒီပုံက တစ်ကမ္ဘာလုံးကို ပျံ့နှံ့သွားမယ်လို့ ကျွန်တော်လုံးဝမထင်ခဲ့ဘူး။"ဆိုပြီး AFP ကိုပြောပါတယ်။ "မာဒူရိုအဖမ်းခံရတဲ့အချိန် ပထမဆုံးရိုက်ကူးထားတဲ့ပုံဆိုပြီးဖော်ပြဖို့ ဘယ်တုန်းကမှလည်း မရည်ရွယ်ခဲ့ပါဘူး။" 

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်မှာ ထရမ့်က သူ့ရဲ့ Truth Social မှာ အမေရိကန်စစ်သင်္ဘော USS Iwo Jima ပေါ်က မာဒူရိုရဲ့ဓာတ်ပုံဆိုတဲ့ ဓာတ်ပုံတစ်ပုံကိုမျှဝေခဲ့ပါတယ်။ အဲဒီဓာတ်ပုံထဲမှာ မာဒူရိုဟာ အားကစားဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်လုံးတွေကိုလည်း ဖုံးအုပ်ချည်နှောင်ခြင်းခံထားရပါတယ်။  (Archived link)

AFP က ဗင်နီဇွဲလားအရေးနဲ့ပတ်သက်တဲ့ အခြားမှားယွင်းပြောဆိုမှုတွေကိုလည်း အချက်အလက်စိစစ်ထားပါတယ်။  

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ