ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်ပုံဟောင်းကို လတ်တလောပျံ့နှံ့လာတဲ့ ဓာတ်ပုံအဖြစ် မှားယွင်းမျှဝေ

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 04 ဖေဖော်ဝါရီ 2026 အချိန် 09h11
  • ဖတ်ရန် ကြာချိန် 1 မိနစ်
  • AFP ထိုင်း

မြန်မာ့ခေါင်းဆောင်ဟောင်း ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာဖြုတ်ချခံရပြီးကတည်းက စစ်တပ်ရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပြီး သူမဦးဆောင်တဲ့ NLD ပါတီဟာလည်း ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှာ ပြီးစီးခဲ့တဲ့ စစ်တပ်ရွေးကောက်ပွဲမှာ ပါဝင်နိုင်ခဲ့ခြင်းမရှိပါဘူး။ လတ်တလောကထွက်ပေါ်လာတဲ့ သူမရဲ့ဓာတ်ပုံဆိုတဲ့ လူမှုကွန်ရက်က ရုပ်ပုံတွေဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ပျံ့နှံ့ခဲ့တဲ့ ဓာတ်ပုံဖြစ်ပါတယ်။ ဒါဟာ ဗြိတိန်သတင်းဌာန The Guardian ရဲ့ ဗီဒီယိုထဲက ဓာတ်ပုံဖြစ်ပြီး ၂၀၂၂ ခုနှစ် စစ်တပ်တရားရုံးမှာ အမှုရင်ဆိုင်ရစဥ်ကဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ 

"အမေစုနှင့် သမ္မတတို့၏ ပုံရိပ်အချို့ တက်လာပါသည်။ ကြည်ရတာတော့ တော်တော်စိတ်မချမ်းသာ စရာပါပဲ။ ဘေးကင်း၊ကျန်းမာကြပါစေ" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်က မျှဝေထားတဲ့ ဒီ Facebook ပိုစ့်မှာ ရေးသားထားပါတယ်။  

အဲဒီပိုစ့်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးဝင်းမြင့်တို့ အတူထိုင်နေကြတဲ့ ဓာတ်ပုံတစ်ပုံပါရှိပါတယ်။  

သူတို့နှစ်ဦးဟာ စစ်ကော်မရှင်တရားရုံးက ချမှတ်တဲ့ ထောင်ဒဏ်တွေကို ကျခံနေရပါတယ်။ ဒီခုံရုံးစွပ်စွဲချက်တွေဟာ သူတို့ကို နိုင်ငံရေးကဖယ်ထုတ်နိုင်ဖို့ လုပ်ကြံဖန်တီးထားတဲ့ အတုအယောင်စွဲချက်တွေသာဖြစ်တယ်လို့ မြန်မာ့အရေးစောင့်ကြည့်သူတွေက ဝေဖန်ထားပါတယ်။  

Image
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်က ရယူထားတဲ့ မှားယွင်းပိုစ့်ရဲ့ Screenshot ကို AFP က X အမှတ်အသားပြုထား

၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီး အရပ်သားအုပ်ချုပ်ရေးကို အဆုံးသတ်ခဲ့တဲ့နောက် မြန်မာနိုင်ငံထဲ ပြည်တွင်းစစ်တွေပြန်လည်စတင်ကာ မငြိမ်မသက်ဖြစ်ခဲ့ရပါတယ်။  

စစ်တပ်ကျောထောက်နောက်ခံပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဟာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်က အဆုံးသတ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရရှိခဲ့ပြီး စစ်ကော်မရှင်ကလည်း ပြည်သူတွေဆီကို အာဏာပြန်လည်လွှဲအပ်မယ်လို့ ကတိပြုခဲ့ပါတယ်။ (Archived link

ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ထိန်းသိမ်းခံထားရပြီး သူမရဲ့ပါတီဟာလည်း ဖျက်သိမ်းခံခဲ့ရတာကြောင့် ဝေဖန်သူတွေက ဒီရွေးကောက်ပွဲဟာ စစ်တပ်နဲ့ မဟာမိတ်တွေရဲ့ အာဏာတည်မြဲဖို့အတွက်သာ ရည်ရွယ်တယ်လို့ ဆိုပါတယ်။ (Archived link) 

ရွေးကောက်ပွဲကို အပြင်းအထန်ဝေဖန်ခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက မြန်မာ့စစ်တပ်ဟာ အခြေခံလူ့အခွင့်အရေးတွေကို လေးစားလိုက်နာဖို့ ပျက်ကွက်ခဲ့ပြီး ပြည်သူလူထုအပေါ် စစ်ရေးတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သတိပေးခဲ့ပါတယ်။  

ပြည်တွင်းစစ်တွေဖြစ်ပေါ်နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ ထိန်းချုပ်ရာ နေရာတော်တော်များများမှာ ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိတာကလည်း ရွေးကောက်ပွဲဥပဒေကို မေးခွန်းထုတ်သူတွေက ထောက်ပြခဲ့တဲ့ နောက်ထပ်အတားအဆီးတစ်ခုပဲ ဖြစ်ပါတယ်။   

ရွေးကောက်ပွဲကျင်းပနေစဥ်မှာ အဲဒီဓာတ်ပုံဟာ Facebook နဲ့ TikTok မှာ ပျံ့နှံ့ခဲ့ပြီး  လတ်တလော ဓာတ်ပုံတွေလို့ ယုံကြည်တဲ့ လူမှုကွန်ရက်အသုံးပြုသူတွေဆီက တုံ့ပြန်မှုတွေရရှိခဲ့ပါတယ်။   

"နှစ်ယောက်လုံး အတော်ပိန်သွားပါလား" (မူရင်းအတိုင်း) ဆိုပြီး လူမှုကွန်ရက် အသုံးပြုသူတစ်ယောက်ကရေးသားထားပါတယ်။ "အမေစုနဲ့ သမ္မတကြီးကျန်းမာပါစေ" (မူရင်းအတိုင်း) လို့လည်း အခြားတစ်ယောက်ကဆိုပါတယ်။  

ဒါပေမဲ့ Google မှာဓာတ်ပုံရာဇဝင်ရှာဖွေကြည့်ရာ တူညီတဲ့မြင်ကွင်းနဲ့ ဗီဒီယိုကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၈ ရက်က ထုတ်ဝေတဲ့ The Guardian သတင်းဌာနရဲ့ သတင်းဖော်ပြချက်မှာ တွေ့ခဲ့ရပါတယ်။ (Archived link

"ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိန်းသိမ်းခံဘဝကို ထင်ဟပ်သောဗီဒီယိုနှင့် အကျဉ်းထောင်မှတ်တမ်းတွေ ပေါက်ကြား" ဆိုပြီး သတင်းခေါင်းစဥ် ဖော်ပြထားပါတယ်။  

ပျံ့နှံ့နေတဲ့ရုပ်ပုံနဲ့ တူညီတဲ့မြင်ကွင်းကို ဗီဒီယိုရဲ့ ၁၄ စက္ကန့်ကြာချိန်မှာ တွေ့နိုင်ပါတယ်။ ဗီဒီယိုထဲက အချိန်ပြကုဒ်တွေက ဗီဒီယိုကို ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၂၂ ရက်မှာ မှတ်တမ်းတင်ထားကြောင်း ညွှန်ပြနေပါတယ်။  

Image
မှားယွင်းပိုစ့် (ဘယ်) ကို The Guardian သတင်းဌာနရဲ့ ဗီဒီယို (ညာ) နဲ့ နှိုင်းယှဥ်ထားတဲ့ Screenshot

ဗီဒီယိုဟာ စစ်တပ်ကနေဘက်ပြောင်းလိုသူတွေကို ကူညီပေးနေတဲ့ ပြည်သူ့ရင်ခွင်ဆိုတဲ့ အဖွဲ့အစည်းကနေ ရရှိခဲ့တယ်လို့ The Guardian ရဲ့ သတင်းမှာဖော်ပြထားပါတယ်။ ပြည်သူ့ရင်ခွင်ကလည်း တူညီတဲ့ရုပ်ပုံတွေနဲ့ ထောင်တွင်းမှတ်တမ်းကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၉ ရက်က သူတို့ရဲ့  Facebook စာမျက်နှာမှာ မျှဝေထားပါတယ်။ (Archived link

ပြည်သူ့ရင်ခွင်ရဲ့ပြောရေးဆိုခွင့်ရှိသူက ပျံ့နှံ့နေတဲ့ရုပ်ပုံဟာ "The Guardian ဆီကို ကျနော်တို့ ပေးပို့ထားတဲ့ CCTV မှတ်တမ်းတွေထဲကပါ" ဆိုပြီး ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်က Facebook Messenger ကနေ AFP ကိုပြောပါတယ်။ သူတို့ဟာ တပ်တွင်းသတင်းရင်းမြစ်တွေကနေ ဗီဒီယိုကိုရခဲ့တယ်လို့ဆိုပါတယ်။   

AFP အနေနဲ့ ဗီဒီယိုကို သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။  

တခြားသတင်းဌာနတွေဖြစ်တဲ့ BBC Burmese၊ DVB နဲ့ မဇ္စျိမ တို့ကလည်း The Guardian ကို သတင်းအရင်းအမြစ်အနေနဲ့ဖော်ပြပြီး ပေါက်ကြားလာတဲ့ ဗီဒီယိုအကြောင်း မျှဝေခဲ့ကြပါတယ်။ (Archived links herehere and here)  

မြန်မာနိုင်ငံမငြိမ်မသက်မှုတွေနဲ့ ဆက်စပ်တဲ့ အခြားမှားယွင်းပြောဆိုမှုတွေကို AFP က ဒီလင့်ခ်မှာ အချက်အလက်စိစစ်ထားပါတယ်။  

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ