နယူးယောက်မြို့တော်ဝန်၊ မိခင်တို့ရဲ့ အက်ပ်စတိန်းနဲ့ ပတ်သက်မှုဆိုပြီး AI ဖန်တီးမှုရုပ်ပုံတွေ မှားယွင်းပျံ့နှံ့

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 09 ဖေဖော်ဝါရီ 2026 အချိန် 09h16
  • ဖတ်ရန် ကြာချိန် 3 မိနစ်
  • AFP ထိုင်း

အမေရိကန်တရားရေးဌာ (the US Department of Justice) က ဂျက်ဖရီ အက်ပ်စတိန်းနဲ့သက်ဆိုင်တဲ့ စုံစမ်းစစ်ဆေးရေး စာရွက်စာတမ်းအသစ်တွေကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲမှာ ထုတ်ပြန်ခဲ့တဲ့နောက် ကွယ်လွန်သွားပြီဖြစ်တဲ့ လိင်ပိုင်းဆိုင်ရာပြစ်မှုကျူးလွန်သူ အက်ပ်စတိန်းနဲ့ နယူးယောက်မြို့တော်ဝန် Zohran Mamdani၊ မိခင် Mira Nair တို့ ပတ်သက်ဆက်နွယ်ခဲ့တယ်ဆိုတဲ့ ပြောဆိုမှုနဲ့အတူ လုပ်ကြံဖန်တီးထားတဲ့ရုပ်ပုံတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ ဒါပေမဲ့ ဒီရုပ်ပုံတွေဟာ AI နည်းပညာနဲ့ ပြုလုပ်ထားတာဖြစ်ပြီး သရော်စာတွေဖော်ပြလေ့ရှိတဲ့ အကောင့်တစ်ခုက မျှဝေခဲ့တာကို AFP က စစ်ဆေးတွေ့ရှိခဲ့ပါတယ်။  

"အခု New York စည်ပင်မှူးရဲ့ အမေရဲ့ ပထမ ယောကျားနာမည်ကလဲ Epstein ဖြစ်ပါတယ်။ ဘယ်လိုကနေဘယ်လို ဆက်နွယ်ကြတယ် မသိရပေမယ့် စည်ပင်မှူး ကလေးဘဝကတည်းက ထိုပါတ်ဝန်းကျင်မှာ ကြီးပြင်းလာခဲ့တာတော့ ဗဒင်ဖွတ်ထားတဲ့ ဖိုင်တွေမှာ တစ်ပုံကြီး တွေ့ရပါတယ်"(မူရင်းအတိုင်း) ဆိုတဲ့ စာသားနဲ့အတူ ရုပ်ပုံနှစ်ပုံကို Facebook ပို့စ်တစ်ခုမှာ ဖေဖော်ဝါရီလ ၁ ရက်က မျှဝေထားပါတယ်။  

ပထမရုပ်ပုံမှာ အက်ပ်စတိန်းအပါအဝင် သူ့ရဲ့မိတ်ဆွေ Ghislanie Maxwell၊ အမေရိကန်သမ္မတဟောင်း Bill Clinton၊ ဘီလီယံနာ Bill Gates နဲ့ Jeff Bezos တို့ကို ငယ်ရွယ်တဲ့ Mamdani၊ မိခင် Niar တို့နဲ့ ပြုံးရွှင်စွာတွေ့ရပါတယ်။ ဒါအပြင် Nair က ကလေးအရွယ် Mamdani ကို ပွေ့ချီထားပြီး Clinton နဲ့ Epstein တို့အနီးရပ်နေပုံကို ဒုတိယရုပ်ပုံထဲမှာတွေ့ရပါတယ်။    

Image
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်က ရယူထားတဲ့ မှားယွင်းပို့စ်ရဲ့ Screenshot ကို AFP က X အမှတ်အသားပြုလုပ်ထား

ဒီအုပ်စုနဲ့အတူတွေ့ရတဲ့ Mamdani ရဲ့ ငယ်ရွယ်စဥ်ကရုပ်ပုံဆိုတဲ့ မှားယွင်းပြောဆိုမှုနဲ့အတူ နောက်ထပ်ဓာတ်ပုံတစ်ပုံကိုလည်း အခြားပို့စ်တွေမှာ ဖော်ပြထားပါတယ်။   

Image
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်က ရယူထားတဲ့ မှားယွင်းပို့စ်ရဲ့ Screenshot ကို AFP က X အမှတ်အသားပြုလုပ်ထား

၂၀၁၉ ခုနှစ်က နယူးယောက်အကျဥ်းထောင်တစ်ခုမှာ သက်ငယ်လိင်ကုန်ကူးမှုစွဲချက်တွေကိုရင်ဆိုင်ဖို့ စောင့်ဆိုင်းနေစဥ် သေဆုံးခဲ့တဲ့ အက်ပ်စတိန်းကို စုံစမ်းစစ်ဆေးမှုက သန်းနဲ့ချီတဲ့စာရွက်စာတမ်းတွေကို အမေရိကန်တရားရေးဌာနက ထုတ်ပြန်ခဲ့တဲ့နောက် တူညီတဲ့မှားယွင်းပြောဆိုမှုနဲ့ ရုပ်ပုံတွေကို အင်္ဂလိပ်ပေါ်တူဂီပြင်သစ်အာရဗြီအပြင် စပိန်ဘာသာစကားတွေနဲ့ပါ မျှဝေခဲ့ကြပါတယ်။ (Archived link)

ယခင်ထုတ်ပြန်ခဲ့တဲ့ စာရွက်စာတမ်းတွေက ကလင်တန်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အပါအဝင် ထိပ်တန်းစီးပွားရေးအမှုဆောင်အရာရှိတွေ၊ နာမည်ကျော်ကြားသူတွေ၊ အတွေးအခေါ်ပညာရှင်တွေ၊ နိုင်ငံရေးသမားတွေရဲ့ အက်ပ်စတိန်းနဲ့ ဘယ်လိုပတ်သက်ဆက်နွယ်နေတယ်ဆိုတာကို မီးမောင်းထိုးပြခဲ့ပါတယ်။  

အက်ပ်စတိန်းဖိုင်မှာ လူတစ်ဦးတစ်ယောက်ရဲ့အမည်ပါဝင်ခြင်းဟာ ဒီလူက မသမာမှုတစ်စုံတစ်ခုကို ကျူးလွန်ထားကြောင်း သက်သေမဟုတ်ပါဘူး။ ဒါပေမဲ့ အက်ပ်စတိန်းနဲ့ ပတ်သက်မှုတွေကို ငြင်းပယ်ထားသူတွေနဲ့ လျှော့ပေါ့ပြောဆိုထားသူ နာမည်ကြီးလူပဂ္ဂိုလ်တွေကြားက ဆက်နွယ်မှုတွေကို ဒီစာရွက်စာတမ်းတွေက လူသိရှင်ကြား ဖော်ပြပေးခဲ့ပါတယ်။  

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲမှာ ထုတ်ဖော်ခဲ့တဲ့ အက်ပ်စတိန်းစာရွက်စာတမ်းအချို့မှာ Nair ရဲ့ အမည် ပါဝင်ခဲ့ပါတယ်။  

ပထမ အီမေးလ်ဟာ ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်ကဖြစ်ပြီး သူမဟာ Clinton နဲ့ Bezos တို့တက်ရောက်ခဲ့တဲ့ ပါတီတစ်ခုကို တက်ရောက်ခဲ့တယ်လို့ ဆိုထားပါတယ်။ ဒုတိယကတော့ လွတ်လပ်တဲ့ရုပ်ရှင်ဖန်တီးမှုတွေကို ဂုဏ်ပြုတဲ့ ပွဲတစ်ခုကို တက်ရောက်ဖို့ အက်ပ်စတိန်းကို ဖိတ်ကြားထားတဲ့ ၂၀၁၀ ခုနှစ်က ဖိတ်စာပဲဖြစ်ပါတယ်။ ဒီပွဲမှာ ဒါရိုက်တာပွဲစီစဥ်ရေးကော်မတီအဖွဲ့ဝင်အဖြစ် Nair က ပါဝင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ (Archived here and here

Image
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်က ရယူထားတဲ့ US Department of Justice ဝဘ်ဆိုဒ်က အက်ပ်စတိန်းစာရွက်စာတမ်းရဲ့ Screenshot

ဒါပေမဲ့ အွန်လိုင်းပေါ်ပျံ့နှံ့နေတဲ့ ရုပ်ပုံတွေဟာ အစစ်အမှန်မဟုတ်ပါဘူး။  

Google မှာ ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်တဲ့အခါ ဒီဓာတ်ပုံကို "Made with Google AI" "Google AI နှင့် ပြုလုပ်ထားသည်" ဆိုတဲ့ သတိပေးချက်ကို "About this image" "ရုပ်ပုံအကြောင်းအရာ" ကနေ တွေ့ရှိခဲ့ပါတယ်။  

AI ဖန်တီးမှုတွေကို စိစစ်ဖို့ ၂၀၂၅ ခုနှစ်၊ မေလမှာ စတင်မိတ်ဆက်ခဲ့တဲ့ Google ရဲ့  SynthID Detector နဲ့ထပ်မံ စစ်ဆေးကြည့်ရာ ဓာတ်ပုံဟာ  AI အသုံးပြုပြီး ဖန်တီးထားနိုင်ချေ "အလွန်မြင့်မား" တယ်လို့အဖြေရရှိပါတယ်။ (Archived link)

Image
Image
Image
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်က ရယူထားတဲ့ AI နဲ့ပြုလုပ်ထားကြောင်း ယုံကြည်မှု "မြင့်မား"တဲ့ SynthID စစ်ဆေးမှု Screenshot

အဓိကကျတဲ့စကားလုံးတွေနဲ့ အချက်အလက်ရှာဖွေကြည့်တဲ့အခါ ဒီရုပ်ပုံတွေကို AI သုံးပြီး နာမည်ကြီးလူပုဂ္ဂိုလ်တွေရဲ့ ရုပ်ပုံတွေနဲ့ ဗီဒီယိုတွေကို ဖော်ပြလေ့ရှိတဲ့ DFF ဆိုတဲ့ X အကောင့်က မျှဝေထားတာကို တွေ့ရပါတယ်။  

"အရည်အသွေးမြင့် AI ဗီဒီယိုနဲ့ memes တွေအသုံးပြုပြီး သူတို့တွေကို ဖော်ကောင်လုပ်မယ်" ဆိုပြီး အကောင့်ရဲ့ အကြောင်းအရာမှာ ရေးသားထားပါတယ်။ (Archived here and here)

ရုပ်ပုံတွေကို AI နဲ့ ဖန်တီးထားကြောင်း ရုပ်ပုံကွဲလွဲမှုတွေက ဖော်ပြနေပါတယ်။  

ပထမသဲလွန်စအနေနဲ့ ရုပ်ပုံထဲက ကလေးငယ်ရဲ့ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲကြီးထွားမှုရှိနေပေမယ့် လူကြီးပိုင်းတွေရဲ့ ရုပ်ရည်ကပြောင်းလဲမှုမရှိတာကို တွေ့ရပါတယ်။  

Image
ရုပ်ပုံကွဲလွဲမှုတွေကို AFP က အမှတ်အသားပြုလုပ်ထား

ဒုတိယတစ်ချက်က ဒီရုပ်ပုံတွေထဲမှာ Mamdani ကို ကလေးငယ်တစ်ဦးအဖြစ် ဖော်ပြထားပေမယ့် Nair က Clinton၊ Bezos တို့နဲ့ပွဲတက်ခဲ့စဥ် ၂၀၀၉ ခုနှစ်မှာ Mamdani ဟာ အသက် ၁၈ နှစ် ရှိနေပြီးဖြစ်ပါတယ်။ (Archived link)

သူမဟာ ယခင်က Mitch Epstein ဆိုသူ ဓာတ်ပုံဆရာတစ်ဦးနဲ့ လက်ထပ်ခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ သေဆုံးသူ လိင်မုဆိုး Jeffrey Epstein နဲ့ မိသားစုအရဆက်နွယ်မှုရှိတယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။  (Archived link)

ဆက်လက်ပြီး Google မှာ အချက်အလက်ရှာဖွေကြည့်တဲ့အခါ ၂၀၀၄ ခုနှစ်မှာ မိခင်နဲ့အတူ ပွဲဦးထွက်ရုပ်ရှင်ပြပွဲတစ်ခုကို တက်ရောက်ခဲ့တဲ့ Mamdani ရဲ့ ပုံတွေကို Shutterstock နဲ့ Getty Images မှာ တွေ့ရှိရပြီး လုပ်ကြံဖန်တီးထားတဲ့ ပုံတွေမှာ မြင်တွေ့ရတဲ့ အဝတ်အစားတွေနဲ့ ဆင်တူတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ထားကြပါတယ်။ (Archived here and here)

ဒီရုပ်ပုံတွေဟာ AI နဲ့ပြုလုပ်ထားကြောင်း အခြားအချက်အလက်စိစစ်ရေးအဖွဲ့တွေကလည်း ဖော်ပြခဲ့ကြပါတယ်။ (Archived here and here)

အက်ပ်စတိန်းစာရွက်စာတမ်းတွေနဲ့ သက်ဆိုင်တဲ့ မှားယွင်းပြောဆိုမှုတွေကို AFP က ယခင်ကလည်း အချက်အလက်စိစစ်ခဲ့ပါတယ်။  

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်