ငလျင်ကြောင့်ပျက်စီးသွားတဲ့ ဂျပန်စျေးဝယ်စင်တာရဲ့ AI ဖန်တီးမှုရုပ်ပုံတွေ မှားယွင်းပျံ့နှံ့

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 05 ဇူလိုင် 2026 အချိန် 10h14
  • ဖတ်ရန် ကြာချိန် 1 မိနစ်
  • Nyan Tun SHEIN, AFP ထိုင်း

၂၀၂၆ ခုနှစ်၊ ဇူလိုင်လအတွင်း ဂျပန်နိုင်ငံမှာ မဂ္ဂနီကျု ၇.၁ အဆင့်ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်ပြီး စျေးဝယ်စင်တာတစ်ခု ပေါက်ကွဲပျက်စီးသွားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီစျေးဝယ်စင်တာဆိုပြီး အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ ရုပ်ပုံကတော့ AI နဲ့ ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ အဲဒီရုပ်ပုံဟာ AFP က ရိုက်ကူးထားတဲ့ စျေးဝယ်စင်တာရဲ့ သတင်းဓာတ်ပုံအစစ်နဲ့ ကိုက်ညီမှုမရှိသလို အချက်အလက်စိစစ်ရေးကိရိယာကလည်း OpenAI နဲ့ ဖန်တီးထားတယ်လို့ ညွှန်ပြခဲ့ပါတယ်။

"ကူမာမိုတာ ငလျင်ပြီးနောက် AEON Mall မှာ ပေါက်ကွဲမှုဖြစ်ပြီး ဂတ်ယိုစိမ့်မှု ဖြစ်နိုင်"(မူရင်းအတိုင်း) ဆိုပြီး ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်က မျှဝေထားတဲ့ ဒီ Facebook ပိုစ့်မှာ စာသားတစိတ်တပိုင်း ဖော်ပြထားပါတယ်။

အဲဒီပိုစ့်မှာ 'AEON' စာသားနဲ့ တစိတ်တပိုင်း ပြိုကျနေတဲ့ အဆောက်အဦးတစ်ခုကို တွေ့ရပြီး မီးသတ်ကားတွေနဲ့ ကယ်ဆယ်ရေးဝန်ထမ်းတွေကိုလည်း မြင်တွေ့ရပါတယ်။

Image
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်က ရယူထားတဲ့ မှားယွင်းပိုစ့်ရဲ့ Screenshot ကို AFP က အနီရောင် X နဲ့ AI အမှတ်အသားပြုထား

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ကူရှူကျွန်းမှာ မဂ္ဂနီကျု ၇.၁ အဆင့်ရှိတဲ့ ငလျင်လှုပ်ခတ်ပြီး အဆောက်အအုံတွေ ပြိုကျကာ မီးလောင်မှုတွေကြောင့် အနည်းဆုံး လူ ၃၆ ဦး သေဆုံးခဲ့တဲ့နောက် အလားတူသတင်းမှားတွေ Facebook မှာ ပျံ့နှံ့ခဲ့ပါတယ်။ (Archived link

ငလျင်လှုပ်ခတ်ပြီးနောက် AEON စျေးဝယ်စင်တာက လူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ပေမဲ့ မိနစ် ၅၀ လောက်အကြာမှာတော့ အဲဒီစင်တာဟာ ပြင်းထန်တဲ့ ပေါက်ကွဲမှုကြောင့် ပြိုကျသွားခဲ့ပါတယ်။ (Archived link)

အဲဒီနေရာကနေ အတည်ပြုသေဆုံးသူ ၇ ဦး အပါအဝင် စုစုပေါင်း ၁၂ ဦးကို ထုတ်ယူနိုင်ခဲ့တယ်လို့ ကူမာမိုတိုဒေသ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးရုံးက ထုတ်ပြန်ခဲ့ပါတယ်။ စျေးဝယ်စင်တာက ကယ်ဆယ်ရေးလုပ်ငန်းတွေကို သြဂုတ်လ ၁ ရက်မှာ အဆုံးသတ်ခဲ့ပါတယ်။ (Archived link)

ဒါပေမဲ့ အဲဒီရုပ်ပုံဟာ မျက်မြင်ကွဲလွဲမှုတွေရှိနေတဲ့အပြင် AI နဲ့ ဖန်တီးထားတယ်လို့လည်း စိစစ်ဖော်ထုတ်နိုင်ခဲ့ပါတယ်။

ပျံ့နှံ့နေတဲ့ ရုပ်ပုံမှာ AEON ဆိုတဲ့စာလုံးကို ပန်းရောင် နောက်ခံပေါ်မှာရေးသားထားပေမဲ့ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်က ရိုက်ကူးထားတဲ့ AFP ရဲ့ သတင်းဓာတ်ပုံမှာတော့ မီးခိုးရောင် အဆောက်အအုံ မျက်နှာစာပေါ်မှာ "AEON MALL" ဆိုတဲ့ အမည်အပြည့်အစုံကို ပန်းရောင်နဲ့ ရေးသားထားတာကို တွေ့ရပါတယ်။

ကယ်ဆယ်ရေး ဝန်ထမ်းတွေရဲ့ ယူနီဖောင်းပေါ်မှာ "JSDE" ဆိုတဲ့ အတိုကောက် စာလုံးတွေကို တွေ့ရပေမဲ့ ဂျပန်မြေပြင်ကာကွယ်ရေးတပ်ဖွဲ့ (Japan Ground Self-Defense Force) က အသုံးပြုတဲ့ အတိုကောက်စကားလုံးအမှန်ဟာ "JGSDF" ဖြစ်ပါတယ်။ (Archived link)

Image
မှားယွင်းမျှဝေထားတဲ့ ရုပ်ပုံ (ဘယ်) ကို AFP ကရိုက်ကူးထားတဲ့ Aeon စျေးဝယ်စင်တာရဲ့ ဓာတ်ပုံ (ညာ) နဲ့ နှိုင်းယှဥ်ထားပြီး ရုပ်ပုံကွဲလွဲမှုတွေကို AFP ကမြင်သာအောင် အမှတ်အသားပြုထား

အဲဒီရုပ်ပုံကို OpenAI ရဲ့ ရုပ်ပုံစိစစ်ရေးဝဘ်ဆိုဒ်မှာ စစ်ဆေးခဲ့ရာ "OpenAI ရဲ့ ကိရိယာတွေနဲ့ ဖန်တီးထား" တယ်လို့ အဖြေရပါတယ်။ (Archived link)

Image
OpenAI စစ်ဆေးမှုရလာဒ်ရဲ့ Screenshot

အဲဒီ AI ဖန်တီးမှု ရုပ်ပုံဟာ ကူမာမိုတိုမြို့က AEON စျေးဝယ်စင်တာရဲ့ Google Maps က ဓာတ်ပုံတွေနဲ့လည်း ကိုက်ညီမှု မရှိပါဘူး။ (Archived link)

ငလျင်နဲ့ ပတ်သက်တဲ့ သတင်းမှားတွေကို AFP က ယခင်ကလည်း အချက်အလက်စိစစ်ခဲ့ပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ