ထိုင်းပြည်နယ်ရွေးကောက်ပွဲရလာဒ်အပေါ် ဆန္ဒပြမှုကို မြန်မာရွှေ့ပြောင်းလုပ်သားဆန့်ကျင်ရေးအဖြစ် မှားယွင်းမျှဝေ
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 10 ဖေဖော်ဝါရီ 2026 အချိန် 10h23
- ဖတ်ရန် ကြာချိန် 2 မိနစ်
- Pasika KHERNAMNUOY, AFP ထိုင်း
ထိုင်းယာဥ်မောင်းတစ်ဦးကို မြန်မာရွှေ့ပြောင်းလုပ်သားတွေက ရန်မူခဲ့တယ်ဆိုတဲ့ သတင်းတွေကြောင့် ပို့ဆောင်ရေးဝန်ဆောင်မှု Application တစ်ခုရဲ့ ယာဥ်မောင်းတွေဟာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲမှာ ဘန်ကောက်မြို့အပြင်က ခရိုင်တစ်ခုမှာ စုဝေးဆန္ဒပြခဲ့ကြပါတယ်။ ဒါပေမဲ့ အွန်လိုင်းပေါ်က ဓာတ်ပုံတွေဟာ ဒေသန္တရမဲဆန္ဒခံယူပွဲရလာဒ်ကို ကန့်ကွက်တဲ့စုဝေးမှုတစ်ခုကဖြစ်ပြီး မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုမဟုတ်ပါဘူး။
"မြန်မာတွေကို မောင်းထုတ်ဖို့နဲ့ တင်းတင်းကျပ်ကျပ် စစ်ဆေး အရေးယူဖို့ ထိုင်းနိုင်ငံသားတစ်ချို့ မြန်မာအများစု ရှိရာ စမူပကန် ဈေးမှာ ဆန္ဒပြတောင်းဆို။" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်က မျှဝေထားတဲ့ ဒီ Facebook ပိုစ့်မှာ တစိတ်တပိုင်းရေးသားထားပါတယ်။
လမ်းဘေးတစ်နေရာမှာ အပြာရောင်ဆိုင်းဘုတ်တွေကိုင်ဆောင်ပြီး စုရုံးနေကြတဲ့ လူတွေရဲ့ ဓာတ်ပုံလေးပုံကို အဲဒီပိုစ့်မှာ စုစည်းဖော်ပြထားပါတယ်။
ဓာတ်ပုံစုစည်းမှုမှာ မြန်မာဘာသာနဲ့ "မြန်မာတွေကို မောင်းထုတ်ဖို့ ထိုင်းနိုင်ငံသားတစ်ချို့ စမူပကန်စျေးမှာ ဆန္ဒပြ" (မူရင်းအတိုင်း) ဆိုပြီးလည်း ရေးသားထားပါတယ်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်က မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ အချင်းများခဲ့တဲ့ ထိုင်း ပို့ဆောင်ရေးသမားကို ထောက်ခံတဲ့အနေနဲ့ ဇန်နဝါရီလ ၁၂ ရက်မှာ မြို့တော် ဘန်ကောက်နဲ့ ၃၀ ကီလိုမီတာ (၁၉ မိုင်) ခန့်ကွာဝေးတဲ့ စမွတ်ပရာကန်က စားသောက်ဆိုင်တစ်ခုမှာ လူတစ်ရာကျော်စုဝေးခဲ့ပါတယ်။ (Archived link)
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်မှာ မြန်မာနိုင်ငံသားတစ်ဦးလို့ သံသယရှိသူက ထိုင်းရဲအရာရှိကိုပစ်ခတ်ခဲ့ပြီး အပြင်းအထန်ဒဏ်ရာရရှိစေခဲ့တဲ့နောက် တရားမဝင်ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကို ဖမ်းဆီးဖို့ ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးရေးလုပ်ဆောင်ခဲ့တယ်လို့လည်း အခြားသတင်းဌာနတွေက ဖော်ပြထားပါတယ်။ (Archived links here and here)
ထိုင်းနိုင်ငံကို မြန်မာနိုင်ငံသားတွေ စီးဝင်လာတာနဲ့အမျှ နိုင်ငံခြားသားမုန်းတီးမှုဆိုင်ရာ ပြောဆိုမှုတွေနဲ့ မြန်မာနိုင်ငံသားတွေကို ပစ်မှတ်ထားတဲ့ အန္တရာယ်ရှိ ပြောဆိုမှုတွေဟာလည်း ပိုမိုများပြားလာတယ်လို့ အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းနေထိုင်မှုအဖွဲ့အစည်း (IOM) ကပြောကြားခဲ့ပါတယ်။ (Archived link)
တူညီတဲ့မှားယွင်းပြောဆိုမှုတွေဟာ Facebook မှာပျံ့နှံ့နေတဲ့အပြင် ရွှေ့ပြောင်းမြန်မာတွေက အခွင့်အရေးမညီမျှမှုတွေအတွက် ဆန္ဒဖော်ထုတ်နေတယ်ဆိုတဲ့ မှားယွင်းပြောဆိုမှုနဲ့လည်း TikTok မှာပျံ့နှံ့နေပါတယ်။
ဒါပေမယ့် ပျံ့နှံ့နေတဲ့ ဓာတ်ပုံတွေဟာ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းက ဒေသန္တရမဲဆန္ဒခံယူပွဲ တစ်ခုရဲ့ဆုံးဖြတ်ချက်ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတစ်ခုကပဲ ဖြစ်ပါတယ်။
မဲဆန္ဒခံယူပွဲအပေါ်ကန့်ကွက်မှု
Google မှာဓာတ်ပုံရာဇဝင်ရှာဖွေကြည့်ရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်ကမျှဝေထားတဲ့ ထပ်တူညီ Facebook ဗီဒီယိုကို တွေ့ခဲ့ရပါတယ်။ အဲဒီ ဗီဒီယိုမှာ ထိုင်းဘာသာစကားနဲ့ "လူတိုင်း တောင်းဆိုလိုတဲ့ အရာတွေကို တင်ပြပိုင်ခွင့်ရှိတယ်" ဆိုတဲ့ စာသားပါရှိပါတယ်။ (Archived link)
"မဲနှိုက်ဆုံးဖြတ်တာကို ကန့်ကွက်ပြီး မဲပြန်လည်ရေတွက်ဖို့တောင်းဆိုပါတယ်။ ပထမအသုတ်မဲရေတွက်မှုမှာ အနိုင်ရခဲ့တဲ့ ကိုယ်စားလှယ်လောင်း အမှတ် ( ၃ ) အတွက်တရားမျှတမှုကို တောင်းဆိုပါတယ်။" ဆိုတဲ့ ထိုင်းဘာသာစကားနဲ့ ဆိုင်းဘုတ်တွေကိုင်ဆောင်ထားတဲ့လူတွေကိုလည်း ဗီဒီယိုထဲမှာ တွေ့နိုင်ပါတယ်။
"ကန့်ကွက်ပါတယ်။ ငါတို့ ဒီဟာကို လက်ခံမှာမဟုတ်ပါဘူး။" ဆိုပြီး ထိုင်းဘာသာစကားနဲ့ အမျိုးသမီးတစ်ယောက်ပြောဆိုနေသံကိုလည်း ဗီဒီယိုထဲမှာ ကြားရပါတယ်။
မှားယွင်းမျှဝေထားတဲ့ ပုံရိပ်တွေကို ဗီဒီယိုရဲ့ အစ၊ ၁၀ စက္ကန့် နဲ့ ၁၇ စက္ကန့်ကြာချိန်တို့မှာ တွေ့နိုင်ပါတယ်
ဒီဆန္ဒပြမှုကို ထိုင်းနိုင်ငံအခြေစိုက် သတင်းဌာနတွေကလည်း ရုပ်သံသတင်းအနေနဲ့ ဖော်ပြခဲ့ကြပြီး Rossarin မျှဝေထားတဲ့ ဗီဒီယိုထဲက မြင်ကွင်းတွေနဲ့ ကိုက်ညီမှုရှိပါတယ်။ (Archived links here and here)
Udon Thani ပြည်နယ်၊ Kumphawapi ခရိုင်၊ Serpler ခရိုင်ခွဲ ဒေသန္တရမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ (SAO) ရဲ့ ဦးစီးမှူးတင်မြှောက်ဖို့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်က ဆန္ဒခံယူပွဲကျင်းပရာ ကိုယ်စလှယ်လောင်းနှစ်ဦးဟာ ၂,၈၀၁ မဲစီနဲ့ မဲအရေအတွက်တူညီခဲ့တဲ့နောက် ဦးစီးမှူးနေရာအတွက် မဲနှိုက်ရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီနောက် ဒေသခံ ၁၀၀ ကျော်ဟာ အဲဒီဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိတာကြောင့် ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ (Archived link)
ဒေသန္တရမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ ဦးစီးမှူးဟာ ကျေးလက်ခရိုင်ခွဲတွေကို အုပ်ချုပ်သူဖြစ်ပါတယ်။ (Archived link) သူဟာ ဒေသတွင်း အများပြည်သူဆိုင်ရာဝန်ဆောင်မှုတွေ၊ မရှိမဖြစ်လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေ၊ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးနဲ့ အဆောက်အအုံခွင့်ပြုချက်တွေကို စီမံခန့်ခွဲရာမှာ ဗဟိုခရိုင်ရုံးကို မှီခိုခြင်းမရှိပဲ လွတ်လပ်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။
ထိုင်းနိုင်ငံရဲ့ ရွေးကောက်ပွဲဥပဒေအရ နှစ်ယောက် ဒါမှမဟုတ် နှစ်ယောက်ထက်ပိုတဲ့ ကိုယ်စားလှယ်လောင်းတွေဟာ မဲအရေအတွက်တူညီနေပါက အနိုင်ရရှိသူကို မဲနှိုက်ပြီးဆုံးဖြတ်နိုင်ပါတယ်။ (Archived link)
ကန့်ကွက်ဆန္ဒပြမှုမှာ ပါဝင်ခဲ့ပြီး မူရင်း ဗီဒီယိုကို မျှဝေခဲ့သူ Rossarin Netprom က ဆန္ဒပြမှု ဗီဒီယိုဟာ ထိုင်းရောက်မြန်မာတွေနဲ့ သက်ဆိုင်မှု မရှိဘူးလို့ ဆိုပါတယ်။
"မဟုတ်ပါဘူး။ ဒီဗီဒီယိုဟာ မြန်မာနိုင်ငံနဲ့ သက်ဆိုင်တာမျိုးမရှိဘူးလို့ ကျွန်မအနေနဲ့ အတည်ပြုနိုင်ပါတယ်။ ဗီဒီယိုက SAO ဦးစီးမှူးရွေးကောက်ပွဲက မဲနှိုက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ဒေသခံတွေက ကန့်ကွက်တဲ့ ဆန္ဒပြပွဲဖြစ်ပါတယ်။" ဆိုပြီး ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်က AFP ကို ဖုန်းကနေတဆင့် ဖြေကြားခဲ့ပါတယ်။
"ပြီးခဲ့တဲ့ နှစ်ပတ်ကတည်းက follower အသစ်တွေနဲ့ မြန်မာဘာသာနဲ့ မှတ်ချက်တွေအများကြီး တွေ့ခဲ့ရတယ်။ အဲဒီနောက်မှာတော့ ကျွန်မ ဗီဒီယိုကို ယူပြီး အချက်အလက်မှားတွေနဲ့ ဖြန့်ဝေနေကြတယ်ဆိုတာ သိလိုက်ရတယ်။"
"မဲနှိုက်ဆုံးဖြတ်တာကို ကန့်ကွက်ပြီး မဲပြန်လည်ရေတွက်ဖို့တောင်းဆိုပါတယ်။" ဆိုတဲ့ စာသားတွေအပြင် #ရွေးကောက်ပွဲ နဲ့ #SerplerSAO စတဲ့ hashtag တွေပါဝင်တဲ့ တူညီတဲ့မြင်ကွင်းနဲ့ ဗီဒီယိုတစ်ခုကိုလည်း သူမက မျှဝေခဲ့ပါတယ်။ (Archived link)
သတင်းဖော်ပြမှုက အဆောက်အအုံဟာ စမွတ်ပရာကန်စျေးနဲ့ ၄၉၀ ကီလိုမီတာ (၃၀၄ မိုင်) အကွာမှာရှိတဲ့ Ser Pler ဒေသန္တရအစိုးရရုံးရဲ့ Google Maps ဓာတ်ပုံတွေနဲ့ ကိုက်ညီနေပါတယ်။ (Archived links here and here)
လတ်တလောမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေ ထိုင်းနိုင်ငံကနေထွက်သွားဖို့ တောင်းဆိုဆန္ဒပြမှုတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့ ခိုင်လုံတဲ့ သတင်းဖော်ပြမှုတွေ မရှိပါဘူး။
ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေနဲ့ ပတ်သက်တဲ့ မှားယွင်းပြောဆိုမှုတွေကို AFP က ယခင်ကလည်း အချက်အလက်စိစစ်ခဲ့ပါတယ်။
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၆။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်