AI နဲ့ဖန်တီးထားတဲ့ အက်ပ်စတိန်းရုပ်ပုံတွေက လေလှိုင်းလုပ်ကြံပြောဆိုမှုတွေကို လှုံ့ဆော်ပေးနေ
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 23 ဖေဖော်ဝါရီ 2026 အချိန် 09h44
- ဖတ်ရန် ကြာချိန် 2 မိနစ်
- Bill MCCARTHY, AFP အမေရိကန်ပြည်ထောင်စု
- ဘာသာပြန်ခြင်းနှင့် ဆီလျော်အောင်ပြန်လည်ရေးသားခြင်း - AFP Thailand
၂၀၁၉ ခုနှစ်က လိင်ပိုင်းဆိုင်ရာဆွဲချက်တွေနဲ့ တရားရင်ဆိုင်ဖို့ စောင့်ဆိုင်းနေစဥ် အကျဥ်းထောင်တစ်ခုမှာ မိမိကိုယ်ကိုအဆုံးစီရင်ခဲ့တဲ့ လိင်မုဆိုး ဂျက်ဖရီ အက်ပ်စတိန်းနဲ့သက်ဆိုင်တဲ့ အချက်အလက်တွေကို အမေရိကန် တရားရေးဌာနက ထုတ်ဝေခဲ့တဲ့နောက် သူ့ကို အစ္စရေးနိုင်ငံမှာ အသက်ရှင်လျက်တွေ့ရှိခဲ့တယ်ဆိုပြီး မုတ်ဆိတ်မွေး၊ ဆံပင်ရှည်နဲ့ အက်ပ်စတိန်းရဲ့ ရုပ်ပုံတွေကို မှားယွင်းမျှဝေနေကြပါတယ်။ ဒါပေမဲ့ ဒါဟာ AI အချက်အလက်တွေကို မျှဝေလေ့ရှိတဲ့ Reddit ချန်နယ်တစ်ခုက မူလဖော်ပြထားပြီး မူရင်းရုပ်ပုံမှာလည်း Google Gemini ရဲ့ ရေစာအမှတ်အသားပါရှိပါတယ်။ ဒါအပြင် ဒီရုပ်ပုံတွေမှာ AI နဲ့ ဖန်တီးထားကြောင်း သိသာစေတဲ့ သဲလွန်စတွေပါရှိပါတယ်။
"အစ္စရေးက သူ့ရဲ့ သတ်သေမှုကို လုပ်ကြံခဲ့တယ်" လို့အဓိပ္ပါယ်ရတဲ့ စာသားနဲ့ ပထမပုံကို X မှာ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်က မျှဝေထားပါတယ်။
ဒါအပြင် နောက်ထပ်ရုပ်ပုံတစ်ပုံကိုလည်း "ဆိတ်ကွယ်ရာမရှိ အက်စပိန်းဟာ 2019 မှာထောင်တွင်းကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတယ်လို့ဆိုတယ်၊ နောက်ဆုံးထွက်လာတဲ့သတင်းအရ Suicide သတင်းမထွက်ခင်တရက်အလိုမှာ အက်စတိန်းကို ထောင်ထဲက ခေါ်ထုတ်သွားတယ်လို့... အဲ့ဒီအချိန်ထောင်ဝန်ထမ်းတာဝန်ကျက ထုတ်ပြောလာတယ်" (မူရင်းအတိုင်း) ဆိုပြီး မြန်မာဘာသာစကားနဲ့ ဖေဖော်ဝါရီလ ၉ ရက်က Thread မှာမျှဝေထားပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အပါအဝင် ထင်ရှားကျော်ကြားသူအများအပြားရဲ့ အမည်တွေပါဝင်တဲ့ စာရွက်စာတမ်း ၃ သန်းကျော်ကို အမေရိကန်အစိုးရက ဇန်နဝါရီလ ၃၀ ရက်မှာ မျှဝေခဲ့ပြီးနောက် တူညီတဲ့ပြောဆိုမှုနဲ့ ဒီရုပ်ပုံတွေ Facebook၊ X၊ Instagram နဲ့ Thread တွေမှာ ပျံ့နှံ့ခဲ့ပါတယ်။
လိင်ကူးသန်းရောင်းဝယ်မှုဆွဲချက်တွေကို တရားရင်ဆိုင်ဖို့ စောင့်ဆိုင်းနေစဥ် အကျဥ်းထောင်တစ်ခုမှာ သေဆုံးခဲ့တဲ့နောက် အက်ပ်စတိန်းနဲ့ သက်ဆိုင်တဲ့ ဖန်တီးလုပ်ကြံပြောဆိုမှုတွေ ပျံ့နှံ့ခဲ့ပါတယ်။
ဆေးဘက်ဆိုင်ရာ ရင်ခွဲစစ်ဆေးမှုအရ အက်ပ်စတိန်းရဲ့ "သေဆုံးရခြင်းအကြောင်းအရင်းဟာ ကြိုးဆွဲချခြင်းဖြစ်ပြီး သေဆုံးပုံက မိမိကိုယ်ကိုယ်သတ်သေမှု" ဖြစ်ကြောင်း ၂၀၂၃ ခုနှစ် အမေရိကန် တရားရေးဌာန ရဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက ဒါဟာ အက်ပ်စတိန်းသေဆုံးမှုဖြစ်စဥ်အဖြစ် အာဏာပိုင်တွေက တစိုက်မတ်မတ်ပြောဆိုခဲ့ကြပါတယ်။ (Archived here)
အွန်လိုင်းပေါ်ပျံ့နှံ့နေတဲ့ရုပ်ပုံတွေဟာ အင်တာနက်အသုံးပြုသူတွေပြောဆိုနေကြသလို အက်ပ်စတိန်းအသက်ရှင်လျှက်ရှိနေတဲ့ သက်သေမဟုတ်ပါဘူး။
Google မှာ ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်တဲ့အခါ ဖြတ်ညှပ်မှုမရှိတဲ့ တူညီတဲ့ရုပ်ပုံတစ်ခုကို တွေ့ရပြီး Google Gemini ရဲ့ ရေစာအမှတ်အသားပါရှိနေပါတယ်။ ဒါအပြင် ဒီရုပ်ပုံကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှာ ပထမဆုံးဖော်ပြထားတဲ့ "r/hardaiimages" ဆိုတဲ့ Reddit Forum ကိုလည်း တွေ့ရှိခဲ့ပါတယ်။ (Archived here)
ဒီရုပ်ပုံရဲ့ မူလအရင်းမြစ်ကို မေးခွန်းထုတ်ထားတဲ့ မှတ်ချက်တွေကို ရုပ်ပုံမျှဝေသူက "လူတစ်ချို့က သူတို့ဟာ လက်ရှိ ဘယ် subreddit မှာ ရောက်ရှိနေတာကို မေ့နေကြတယ်" ဆိုပြီး ပြန်လည်တုန့်ပြန်ထားပါတယ်။ (Archived here)
"Gemini ရဲ့ ရေစာ ပါနေပြီးသားပဲ" ဆိုပြီး မှတ်ချက်တစ်ခုက ဆိုပါတယ်။
ဒီရုပ်ပုံတွေကို AI နဲ့ဖန်တီးထားသလားဆိုတဲ့မေးခွန်းကို မူလဖန်တီးသူက "Gemini ကို အသုံးပြုပြီး ကျွန်တော်ကိုယ်တိုင် ဖန်တီးထားတာပါ။ ဒီရုပ်ပုံတစ်ခုချင်းစီရဲ့အောက်မှာ Gemini လိုဂိုကို တွေ့နိုင်ပါတယ်။ ဒီရုပ်ပုံတွေ အခုလို ဟိုးလေးတကျော် ဖြစ်သွားလိမ့်မယ်လို့ မထင်ခဲ့ပါဘူး" ဆိုပြီး ပြန်လည်ဖြေဆိုထားပါတယ်။ (Archived here)
AFP ရဲ့ ဓာတ်ပုံရာဇဝင်ရှာဖွေမှုအရ ဒီဓာတ်ပုံကို Google AI နဲ့ပြုလုပ်ထားကြောင်းတွေ့ရှိခဲ့ပြီး Google ရဲ့ AI ဖန်တီးမှုတွေကို စိစစ်ပေးနိုင်တဲ့ SynthID ကလည်း Gemini နဲ့ပြုလုပ်ထားကြောင်း ဖော်ပြခဲ့ပါတယ်။
ယာဥ်အသွားအလာအချက်ပြမီးရဲ့ အစိမ်းရောင်အချက်ပေးချက်ကို ထိပ်ဆုံးမှာ ထားရှိခြင်းအပြင် Tel Aviv ကို မမှန်ကန်တဲ့ ဟီးဘရူး ဘာသာပြန်ချက်နဲ့ရေးသားထားတဲ့ လမ်းဆိုင်းဘုတ်တွေက AI နဲ့ပြုလုပ်ထားကြောင်း သိသာစေတဲ့ ရုပ်ပုံသဲလွန်စတွေဖြစ်ပါတယ်။
မြို့တော်ရဲ့ လမ်းဆိုင်းဘုတ်ကို ကွဲပြားတဲ့ ဟီးဘရူးရေးသားမှုအပြင် အာရဗြီဘာသာစကားနဲ့ အပြင်မှာ အမှန်တကယ်ရေးသားထားကို တွေ့နိုင်ပါတယ်။ (Archived here and here)
နောက်ထပ်ဆင်တူရုပ်ပုံကို Google မှာ ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်ပြီး ရုပ်ပုံရဲ့ "About this image" ကနေတဆင့် Google AI နဲ့ပြုလုပ်ထားကြောင်း တွေ့ရှိခဲ့ပါတယ်။
ထပ်မံပြီး Google AI နဲ့ ဖန်တီးချက်တွေကို စစ်ဆေးပေးတဲ့ SynthID ရဲ့ ဆန်းစစ်မှုအရ ဒီရုပ်ပုံကို AI နဲ့ ပြုလုပ်ဖန်တီးမှုဖြစ်နိုင်ခြေ "အလွန်မြင့်မား" ကြောင်း တွေ့ရပါတယ်။
ဒါအပြင် အက်ပ်စတိန်းရဲ့ မျက်နှာကိုထင်ရှားစွာတွေ့ရပေမယ့် ဘေးနားကလူတွေရဲ့ မျက်နှာတွေဝါးနေတာအပြင် နောက်ခံကလူတွေရဲ့ မျက်နှာတွေ ပုံမမှန်တာတွေက AI နဲ့ပြုလုပ်ထားကြောင်း သိသာစေပါတယ်။
အက်ပ်စတိန်းနဲ့သက်ဆိုင်တဲ့ မှားယွင်းပြောဆိုမှုတွေကို AFP က ဒီလင့်ခ်မှာ ယခင်ကလည်း အချက်အလက်စိစစ်ခဲ့ပါတယ်။
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၆။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်