နီပေါဆန္ဒပြပွဲကဗီဒီယိုကို မက္ကဆီကိုနိုင်ငံက မူးယစ်ဂိုဏ်းအကြမ်းဖက်မှုအဖြစ် မှားယွင်းမျှဝေ

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 27 ဖေဖော်ဝါရီ 2026 အချိန် 08h58
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP မက်ဆီကို
  • ဘာသာပြန်ခြင်းနှင့် ဆီလျော်အောင်ပြန်လည်ရေးသားခြင်း - Chayanit ITTHIPONGMAETEE, AFP Thailand

မက္ကဆီကို လုံခြုံရေးတပ်ဖွဲ့တွေဟာ မူးယစ်ဂိုဏ်းခေါင်းဆောင် Nemesio "El Mencho" Oseguera ကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်မှာ Jalisco ပြည်နယ်ထဲ ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့နောက် မီးလောင်ကျွမ်းနေတဲ့ကားတွေရဲ့ ဗီဒီယိုတစ်ခုကို မူးယစ်ဂိုဏ်းအဖွဲ့သားတွေရဲ့ "လက်တုန့်ပြန်မှု" ဆိုပြီး လူမှုကွန်ရက်မှာ မှားယွင်းမျှဝေနေကြပါတယ်။ ဒါပေမဲ့ ဒီဗီဒီယိုဟာ လွန်ခဲ့တဲ့လအတော်ကြာက နီပေါအစိုးရကို ဖြုတ်ချနိုင်ခဲ့တဲ့ လူငယ်ဦးဆောင် ဆန္ဒပြပွဲတွေကဖြစ်ပါတယ်။  

"စစ်ပွဲအခြေအနေ- CJNG ခေါင်းဆောင် "El Mencho" သေဆုံးကြောင်း အတည်ပြုပြီးနောက် မက္ကဆီကိုသည် အမြင့်ဆုံးအဆင့် တပ်လှန့်ထားသည်။" (မူရင်းအတိုင်း) ဆိုပြီး ဖေဖော်ဝါရီလ ၂၃ ရက်က Facebook ပို့စ်မှာ တစိတ်တပိုင်း ရေးသားထားပါတယ်။  

Image
ဖေဖော်ဝါရီလ ၂၇ ရက်က ရယူထားတဲ့ မှားယွင်းပို့စ်ရဲ့ Screenshot ကို AFP က X အမှတ်အသားပြုလုပ်ထား

တူညီတဲ့ပြောဆိုမှုနဲ့ ဒီဗီဒီယိုကို မြန်မာဘာသာ အပြင် ထိုင်းဟိန္ဒီစပိန်အင်္ဂလိပ် စတဲ့ဘာသာစကားတွေနဲ့လည်း ဖြန့်ဝေနေကြပါတယ်။ 

အသက် ၅၉ နှစ်ရှိပြီဖြစ်တဲ့ Oseguara ဟာ Jalisco ပြည်နယ်၊ Tapalpa မြို့ မှာ သူ့ကိုဖမ်းဆီးဖို့ရည်ရွယ်တဲ့ အထူးစစ်ဆင်ရေးအတွင်း  ဒဏ်ရာရရှိခဲ့ပြီး Mexico City ကို လေယာဥ်နဲ့ လိုက်ပါပို့ဆောင်စဥ် သေဆုံးခဲ့တယ်လို့ မက္ကဆီကို အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။  (Archived link)

သူဟာ အကျဥ်းကျခံနေရတဲ့ Sinaloa ဂိုဏ်းခေါင်းဆောင်တွေဖြစ်ကြတဲ့ Joaquin "El Chapo" Guzman နဲ့ Ismael "El Mayo" Zambada တို့လို အကြမ်းဖက်မှုတွေပြုလုပ်နေတဲ့ နောက်ဆုံးလက်ကျန် အဓိကဂိုဏ်းခေါင်းဆောင်တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပါတယ်။

သူရဲ့သေဆုံးမှုကြောင့် မက္ကဆီကိုနိုင်ငံရဲ့ ပြည်နယ် ၃၂ ခုအနက် အနည်းဆုံး ပြည်နယ် ၂၀ တွင်းမှာ လက်စားချေအကြမ်းဖက်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး လမ်းပိတ်ဆို့မှု၊ သွားလာရေးယာဥ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေမီးရှို့ခံရခြင်းတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ (Archived link)

လုံခြုံရေးဝန်ကြီး Omar Garcia Harfuch က အနည်းဆုံး အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၂၅ ဦးနဲ့ အကျဉ်းထောင်အစောင့်တစ်ဦး သေဆုံးခဲ့ပြီး CJNG အဖွဲ့ဝင်ဟု သံသယရှိသူ ၃၀ ဦး စစ်ဆင်ရေးအတွင်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ (Archived link)

ဒါပေမဲ့ အွန်လိုင်းပေါ်ပျံ့နှံ့နေတဲ့ ဗီဒီယိုဟာ မက္ကဆီကိုအကြမ်းဖက်မှုတွေက မဟုတ်ပါဘူး။ ဒီဗီဒီယိုကို လအတော်ကြာက နီပေါဆန္ဒပြမှုအတွင်း ရိုက်ကူးထားတာဖြစ်ပါတယ်။  

နီပေါဆန္ဒပြမှု ဗီဒီယို 

ဗီဒီယိုထဲကရုပ်ပုံတွေကိုအသုံးပြုပြီး Google မှာ ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်တဲ့အခါ တူညီတဲ့ ဗီဒီယိုတစ်ခုကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်က မျှဝေထားတဲ့ Facebook ပို့စ်တစ်ခုမှာ တွေ့ရပါတယ်။ (Archived link)

ဒီဗီဒီယိုထဲမှာ Kathmandu က နီပေါနိုင်ငံရဲ့ အဓိကအစိုးရအုပ်ချုပ်ရေးအဆောက်အအုံဖြစ်တဲ့ Singha Durbar အနီးကမြင်ကွင်းတွေပါရှိပြီး #GenZ ဆိုတဲ့ hashtag လည်းပါရှိပါတယ်။ ဒါဟာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလထဲ နီပေါအစိုးရကိုဖြုတ်ချနိုင်ခဲ့တဲ့ လူငယ်ဦးဆောင်တဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲကို ရည်ရွယ်တာဖြစ်ပါတယ်။ (Archived link)

Image
မှားယွင်းပို့စ်ကဗီဒီယို (ဘယ်) ကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလက မျှဝေထားတဲ့ Facebook ပို့စ်နဲ့ နှိုင်းယှဉ်မှု

လူမှုကွန်ရက်ပလက်ဖောင်းတွေကို ပိတ်ပင်မှုကြောင့် ဒီဆန္ဒပြပွဲဟာ  ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်မှာ စတင်ခဲ့ပါတယ်။ အဲဒီနောက်မှာ အဂတိလိုက်စားမှုနဲ့ ရေရှည်စီးပွားရေးပြဿနာတွေအပေါ် မကျေနပ်မှုတွေက ဒီဆန္ဒပြပွဲကို ပိုမိုပြင်းထန်တောက်လောင်စေခဲ့ပါတယ်။   (Archived link)

ဒီရုန်းရင်းဆန်ခတ်မှုမှာ ဒါဇင်နဲ့ချီတဲ့ ယာဥ်တွေ၊ အစိုးရအဆောက်အအုံတွေနဲ့ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အနည်းဆုံး လူ ၇၆ ဦး သေဆုံးခဲ့ပါတယ်။ ဒါအပြင် ဝန်ကြီးချုပ် KP Sharma Oli လည်း ရာထူးကနေနှုတ်ထွက်ခဲ့ပါတယ်။ (Archived links here and here)

အနီးကပ်စစ်ဆေးကြည့်တဲ့အခါ နီပေါဘာသာစကားလုံးတွေနဲ့ ယာဥ်လိုင်စင်နံပါတ်ပြားအပြင် နီပေါအလံကိုလည်း ဗီဒီယိုထဲမှာ တွေ့ရပါတယ်။ (Archived link)

Image
AFP က စစ်ဆေးတွေ့ရှိရတဲ့ သဲလွန်စတွေကို အမှတ်အသားပြုလုပ်ထားတဲ့ မှားယွင်းဗီဒီယိုရဲ့ Screenshot

AFP သတင်းထောက် Prabin Ranabhat က စက်တင်ဘာလ ၁၀ ရက်မှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံထဲမှာ မီးသတ်ကားတစ်စီးကို Singha Durbar အဆောက်အအုံအရှေ့မှာ တွေ့ရပါတယ်။ မီးလောင်ထားတဲ့ကားတွေနဲ့ ယာဉ်ရပ်နားရာနေရာတစ်ခုကိုလည်း ဓာတ်ပုံရဲ့ ညာဘက်အပေါ်ထောင့်မှာတွေ့နိုင်ပါတယ်။  

Image
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့တွင် ကတ္တမန္ဒူ၌ ဆန္ဒပြသူများက မီးရှို့ပြီး တစ်ရက်အကြာတွင် နီပေါအစိုးရ၏ အဓိက အုပ်ချုပ်ရေးအဆောက်အအုံဖြစ်သော မီးရှို့ခံထားရသည့် Singha Durbar ကို မီးသတ်သမားများက ငြှိမ်းသတ်နေသည်ကို ဝေဟင်မြင်ကွင်းတွင် တွေ့ရသည် (AFP / PRABIN RANABHAT)

ချဲ့ကားထားတဲ့ AFP ဓာတ်ပုံကို မှားယွင်းပို့စ်ကရုပ်ပုံနဲ့ နှိုင်းယှဥ်ကြည့်တဲ့အခါ တူညီတဲ့ မီးလောင်ကျွမ်းမှုကို တွေ့ရပါတယ်။  

Image
ဖြတ်ညှပ်ထားတဲ့ AFP ဓာတ်ပုံ (ဘယ်)နဲ့ မှားယွင်းဗီဒီယိုကို AFP က အမှတ်အသားပြုလုပ်ထား

အဆောက်အအုံတစ်ခုပေါ်က သစ်ပင်၊ လမ်းမကြီးတစ်ခုနဲ့ ဆက်နေတဲ့ လမ်းကြားအကွေ့  စတဲ့ တူညီတဲ့ ရုပ်ပုံသဲလွန်စတွေကိုအသုံးပြုပြီး ဒီဗီဒီယိုကို Singha Durbar အနီးက ကားရပ်နားရာနေရာမှာ ရိုက်ကူးခဲ့ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။   

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်