အမေရိကန်နိုင်ငံက လေယာဥ်မီးလောင်မှုဗီဒီယိုဟောင်းကို အီရန်ရဲ့ အစ္စရေးအပေါ်တိုက်ခိုက်မှုဆိုပြီး မှားယွင်းမျှဝေ
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 04 မတ် 2026 အချိန် 10h02
- နောက်ဆုံးတည်းဖြတ်သည့်နေ့စွဲ 04 မတ် 2026 အချိန် 10h08
- ဖတ်ရန် ကြာချိန် 1 မိနစ်
- AFP အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိက
- ဘာသာပြန်ခြင်းနှင့် ဆီလျော်အောင်ပြန်လည်ရေးသားခြင်း - AFP Thailand
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလကုန်ပိုင်းမှာ အမေရိကန်-အစ္စရေး ပူးတွဲတိုက်ခိုက်မှုကြောင့် အီရန် ထိပ်သီးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ သေဆုံးခဲ့တဲ့နောက် အီရန်က အစ္စရေးနဲ့ ပင်လယ်ကွေ့နိုင်ငံများစွာကို ဒုံးကျည်တွေနဲ့ တုန့်ပြန်ပစ်ခတ်ခဲ့ပါတယ်။ ဒါပေမဲ့ မီးလောင်ကျွမ်းနေတဲ့ လေယာဥ်တစ်စင်းပေါ်ကနေ ခရီးသည်တွေ ဆင်းသက်နေကြတဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်ကပို့စ်တွေမှာပြောထားသလို အစ္စရေးလေဆိပ်တစ်ခုမှာ ရိုက်ကူးထားတာမဟုတ်ပါဘူး။ ဒီဗီဒီယိုဟာ ၂၀၁၅ ခုနှစ် ဇူလိုင်လမှာ အမေရိကန်လေကြောင်းလိုင်းပိုင် လေယာဥ်တစ်စင်း အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ်ကနေ ထွက်ခွာပျံသန်းစဥ် မီးလောင်ကျွမ်းမှုက ဖြစ်ပါတယ်။
"အီရန်က အစ္စရေးလေဆိပ်ကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်...လူတွေ ထွက်ပြေးနေကြတယ်" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက်က မျှဝေထားတဲ့ ပို့စ်မှာရေးသားထားပါတယ်။
မီးခိုးငွေ့တွေပြည့်နေတဲ့ လေယာဥ်တစ်စင်းရဲ့ အရေးပေါ်ထွက်ပေါက်ကနေ ခရီးသည်တွေ လျှောဆင်းထွက်လာကြတာကို ဒီဗီဒီယိုထဲမှာတွေ့ရပါတယ်။ ဗီဒီယိုရိုက်ကူးသူက အခြားခရီးသည်တစ်ယောက်ကို "အဆင်ပြေရဲ့လား" လို့ မေးမြန်းခဲ့တာကိုလည်း ကြားရပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ဟာ ဖေဖော်ဝါရီလ ၂၈ ရက်မှာ အီရန်နိုင်ငံအတွင်းက စစ်ရေးပစ်မှတ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပြီး အီရန်ဘက်က ဒေသတွင်းနိုင်ငံအတော်များများကို တုန့်ပြန်ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တဲ့နောက် အခုလို မှားယွင်းပြောဆိုမှုနဲ့ ဗီဒီယိုဟာ မြန်မာဘာသာအပြင် အင်္ဂလိပ်၊ အာရဗြီ၊ စပိန်၊ အင်ဒိုနီးရှား၊ မလေး၊ ဟိန္ဒီဘာသာစကားတွေနဲ့ ပျံ့နှံ့ခဲ့ပါတယ်။ (Archived link)
အမေရိကန်ရဲ့ စစ်ရေးအခြေစိုက်စခန်းတွေကိုသာမက နိုင်ငံတကာခရီးသွားလာရေးမှာ အရေးပါဆုံးဖြစ်တဲ့ ဒူဘိုင်းလေဆိပ်နဲ့ ကူဝိတ်ရဲ့အဓိကလေဆိပ်တွေကိုပါ အီရန်ကတိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုတွေက ကိုဗစ်-၁၉ ကပ်ရောဂါကာလနောက်ပိုင်းမှာ အကြီးမားဆုံး လေကြောင်းခရီးသွားလာရေး အနှောက်အယှက်ဖြစ်မှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ (Archived link)
အီရန်ရဲ့ ဒုံးကျည်တိုက်ခိုက်မှုကြောင့် မတ်လ ၁ ရက်နေ့က အစ္စရေးနိုင်ငံ Beit Shemesh မြို့မှာ အနည်းဆုံး လူကိုးဦးသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။ အဲ့ဒီမတိုင်ခင်တစ်ရက်ကလည်း Tel Aviv မြို့မှာ လူတစ်ဦးသေဆုံးခဲ့ပါတယ်။ (Archived link)
အစ္စရေးက အီရန်ကျောထောက်နောက်ခံ စစ်သွေးကြွအဖွဲ့ဖြစ်တဲ့ ဟစ်ဇ်ဘိုလာကို ဆက်လက်ပြီး စစ်ဆင်ရေးလုပ်ဆောင်သွားမယ်လို့ ကြေညာခဲ့ပြီး အစ္စရေးရဲ့တိုက်ခိုက်မှုတွေကို တုန့်ပြန်တဲ့အနေနဲ့ ဟစ်ဇ်ဘိုလာက အစ္စရေးနိုင်ငံတွင်းက ပစ်မှတ်သုံးနေရာကိုပစ်ခတ်ခဲ့ပါတယ်။ (Archived link)
ဒါပေမဲ မီးလောင်နေတဲ့လေယာဥ်ပေါ်ကနေ ခရီးသည်တွေအရေးပေါ်ဆင်းသက်နေတဲ့ ဗီဒီယိုဟာ အရှေ့အလယ်ပိုင်းမှာ ယခုလက်ရှိဖြစ်ပေါ်နေတဲ့ စစ်ပွဲနဲ့ သက်ဆိုင်မှုမရှိပါဘူး။
အမေရိကန်လေကြောင်းလိုင်း လေယာဥ်မီးလောင်မှု
မှားယွင်းမျှဝေထားတဲ့ ဗီဒီယိုထဲကရုပ်ပုံတွေကိုအသုံးပြုပြီး Google မှာ ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်တဲ့အခါ ပိုမိုရှည်လျားတဲ့ဗီဒီယိုကို the Wall Street Journal က YouTube မှာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်က မျှဝေထားတာတွေ့ရပါတယ်။ (Archived link)
"လေယာဥ်မီးလောင်ကျွမ်းခဲ့တဲ့နောက် ခရီးသည်တွေ ပြေးလမ်းပေါ်သို့ အရေးပေါ်လျှောဆင်း" ဆိုပြီး ခေါင်းစဥ်ဖော်ပြထားပါတယ်။ အရေးပေါ်ထွက်ပေါက်ကနေ လေယာဥ်ပြေးလမ်းမပေါ် လျှောနဲ့ဆင်းသက်ခဲ့တဲ့ တူညီတဲ့မြင်ကွင်းတွေကို ဗီဒီယိုရဲ့ အစပိုင်းမှာတွေ့ရပါတယ်။
The Wall Street Journal က @highlymigratoryfishing ဆိုတဲ့ Instagram အကောင့်ကို မူရင်း ဗီဒီယိုပိုင်ရှင်အဖြစ်ဖော်ပြထားပါတယယ်။ ဒီအကောင့်ကို Instagram မှာ ရှာဖွေကြည့်တဲ့အခါ အရည်အသွေးပို့မိုမြင့်မားတဲ့ ဗီဒီယိုကို အဲ့ဒီနေ့မှာပဲ မျှဝေထားတာတွေ့ရပါတယ်။ (Archived link)
အမေရိကန်လေကြောင်းလိုင်း လေယာဥ်အမှတ် ၃၀၂၃ ဟာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့မှာ Denver အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ထွက်ခွာစဥ် လေယာဥ်ဘီးမတော်တဆဖြစ်ပွားမှု သတင်းပို့ခဲ့ကြောင်း အမေရိကန် ဖက်ဒရယ်လေကြောင်းကြီးကြပ်ရေး (FAA) ဝဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။ (Archived link)
ဒီလေယာဥ်ပေါ်လိုက်ပါလာသူတွေနဲ့ ဝန်ထမ်းအားလုံးကို အန္တရာယ်ကင်းစွာကယ်တင်နိုင်ခဲ့ကြောင်း မူရင်းဗီဒီယိုရိုက်ကူးခဲ့သူ Mark Tsurkis ကို မေးမြန်ထားတဲ့ အမေရိကန်သတင်းတင်ပြချက်တွေမှာ ဖော်ပြထားပါတယ်။ (Archived here and here)
AFP က Tsurkis ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူး။
အရှေ့အလယ်ပိုင်းဒေသစစ်ပွဲနဲ့သက်ဆိုင်တဲ့ မှားယွင်းပြောဆိုမှုတွေကို AFP က ဒီလင့်ခ်မှာ အချက်အလက်စိစစ်ခဲ့ပါတယ်။
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၆။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်