အီရန်ရဲ့ အစ္စရေးကို တိုက်ခိုက်မှုဗီဒီယိုဟောင်း အွန်လိုင်းပေါ်ထပ်မံပျံ့နှံ့

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 08 ဧပြီ 2026 အချိန် 05h50
  • ဖတ်ရန် ကြာချိန် 1 မိနစ်
  • AFP ထိုင်း

၂၀၂၆ ခုနှစ်၊ ဖေဖော်ရီလက အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ပူးပေါင်းတိုက်ခိုက်မှုကို အီရန်ဘက်က တုံ့ပြန်တိုက်ခိုက်ခဲ့ပါတယ်။ ဒါပေမဲ့ လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုကတော့ လက်တလောစစ်ပွဲမှာ ပစ်ခတ်မှုတွေကြားက တဲလ်အဗစ်မြို့ရဲ့ အပျက်အစီးတွေမဟုတ်ပါဘူး။ တကယ်တော့ ဒီဗီဒီယိုဟာ အစ္စရေးနိုင်ငံ၊ ဘတ်ယမ်မြို့က ၂၀၂၅ ခုနှစ် ပစ်ခတ်မှုအတွင်း ပျက်စီးသွားတဲ့ အဆောက်အအုံတွေပဲဖြစ်ပါတယ်။   

ပျက်စီးနေတဲ့ အဆောက်အအုံတွေနဲ့ လူနေရပ်ကွက်တစ်ခုရဲ့ ဗီဒီယိုကို "အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့" (မူရင်းအတိုင်း) ဆိုတဲ့ စာသားနဲ့  ၂၀၂၆ ခုနှစ်၊ မတ်လ ၈ ရက်က Facebook မှာမျှဝေထားပါတယ်။ 

"အစ္စရေးနိုင်ငံပိုင်နက်ထဲကို အီရန်ကနေပစ်လွှတ်တဲ့ ဒုံးကျည်တွေကို အတည်ပြုနိုင်ခဲ့တယ်"လို့ အစ္စရေးစစ်တပ်က သတိပေးခဲ့တဲ့နေ့မှာပဲ မှားယွင်းပိုစ့်က ပျံ့နှံ့လာတာဖြစ်ပါတယ်။ (Archived link) 

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်မှာ အမေရိကန်နဲ့ အစ္စရေးတို့ပူးပေါင်းပြီး အီရန်ကို ကြီးမားတဲ့လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ရာ အီရန်ထိပ်သီးခေါင်းဆောင် အယာတိုလာခါမေနီ သေဆုံးခဲ့ရတဲ့နောက် အီရန်အပါအဝင် တီဟီရန်ကျောထောက်နောက်ခံ လက်ဘနွန်ရဲ့ ဟစ်ဇ်ဘိုလာစစ်သွေးကြွအဖွဲ့ဟာ တဲလ်အဗစ်မြို့ကို လက်စားချေတိုက်ခိုက်ခဲ့ကြပါတယ်။  

Image
၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက်က ရယူထားတဲ့ မှားယွင်းပိုစ့်ရဲ့ Screenshot ကို AFP က X အမှတ်အသားပြုထား

စစ်ပွဲရဲ့ဒုတိယမြောက်လထဲဝင်ရောက်လာချိန်မှာ အီရန်ကနေ ဒုံးကျည်တစ်စင်းပစ်ခတ်လိုက်တယ်ဆိုပြီး အစ္စရေးစစ်တပ်က ထုတ်ပြန်ထားပါတယ်။ (Archived link)

ကြားဖြတ်ပစ်ခတ်မဖျက်ဆီးနိုင်ခဲ့တဲ့ ဒုံးကျည်အစုအဝေးတွေကြောင့် လူနေအိမ်တွေနဲ့  ကားတွေ ပျက်စီးမှုအချို့ ဖြစ်ပေါ်ခဲ့တယ်လို့ အစ္စရေး အရေးပေါ်ကယ်ဆယ်ရေးဌာနတွေကထုတ်ပြန်ခဲ့ပြီး အစ္စရေးစစ်ဘက်ဆိုင်ရာ ရေဒီယိုကတော့ ဗုံးအစအနတွေကြောင့် တဲလ်အဗစ်ကဘူတာရုံတစ်ခု ပျက်စီးခဲ့ရတယ်လို့ဆိုပါတယ်။ 

တူညီတဲ့မှားယွင်းပြောဆိုမှုတွေဟာ မြန်မာဘာသာအပြင် အခြားဘာသာစကားတွေနဲ့ Instagram၊ TikTok နဲ့ X စာမျက်နှာတွေပေါ်မှာလည်း ပျံ့နှံ့ခဲ့ပါတယ်။ ဒါပေမဲ့ ဒီဗီဒီယိုဟာ ၂၀၂၅ ခုနှစ်က အစ္စရေးကို အီရန်ရဲ့ တန်ပြန်တိုက်ခိုက်မှုကဖြစ်ပါတယ်။  

မှားယွင်းမျှဝေထားတဲ့ ဗီဒီယိုကရုပ်ပုံတွေကိုသုံးပြီး Google မှာဓာတ်ပုံရာဇဝင်ရှာဖွေကြည့်ရာ တူညီတဲ့အဆောက်အအုံကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၅ ရက်က AFP ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုဗီဒီယိုမှာ တွေ့ခဲ့ရပါတယ်။ (Archived link

ပျက်စီးနေတဲ့ အဆောက်အအုံကို ဗီဒီယိုရဲ့  ၁ မိနစ် ၈ စက္ကန့်ကြာချိန်မှာ တွေ့နိုင်ပါတယ်။ (Archived link

"အီရန်၏ ဒုံးကျည်တိုက်ခိုက်မှုများကြောင့် အစ္စရေးနိုင်ငံ၊ တဲလ်အဗစ်မြို့အနီး ဘတ်ယမ်မြို့ရှိ အဆောက်အအုံများ ပျက်စီး၊ အစ္စရေးရဲတပ်ဖွဲ့၏အဆိုအရ အနည်းဆုံးလူခြောက်ဦး အသက်ဆုံးရှုံးခဲ့ရပြီး လူပေါင်း ၁၈၀ ခန့် ဒဏ်ရာရရှိ" ဆိုပြီး ဗီဒီယိုမှာ စာသားဖော်ပြထားပါတယ်။  

Image
မှားယွင်းမျှဝေထားတဲ့ ဗီဒီယို (ဘယ်) ကို AFP ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုဗီဒီယို (ညာ) နဲ့နှိုင်းယှဥ်ထားတဲ့ Screenshot

AFP က ဒီပစ်ခတ်မှုကို အခြားရှု့ထောင့်ကနေရိုက်ကူးထားတဲ့ သတင်းဓာတ်ပုံကို တစ်နေ့တည်းမှာပဲ မျှဝေခဲ့ပါတယ်။ Google Maps ရဲ့ Street View ဓာတ်ပုံတွေအရ အဆောက်အအုံတွေဟာ ဘတ်ယမ်မြို့ကဖြစ်တယ်ဆိုတာ အတည်ပြုနိုင်ခဲ့ပါတယ်။ (Archived link)     

အစ္စရေးက ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၃ ရက်မှာ စတင်ပြီး အီရန်ရဲ့ နျူကလီးယား နဲ့ စစ်ဘက်ဆိုင်ရာအဆောက်အအုံတွေအပြင် လူနေရပ်ကွက်တွေကိုပါ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာကြောင့် အီရန်က ဒုံးကျည်ပေါင်းများစွာနဲ့ အစ္စရေးကို တန်ပြန်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုတွေဟာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်မရရှိမီ ၁၁ ရက်ကြာအထိ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။

အရှေ့အလယ်ပိုင်းဒေသစစ်ပွဲနဲ့ပတ်သက်တဲ့ အခြားမှားယွင်းပြောဆိုမှုတွေကိုလည်း AFP က အချက်အလက်စိစစ်ထားပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ