ဆော်ဒီတော်ဝင်မင်းသား ပါကစ္စတန် သွားရောက်ခဲ့စဥ်ကဗီဒီယိုကို အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲအဖြစ် မှားယွင်းပြောဆို

အရှေ့အလယ်ပိုင်းဒေသစစ်ပွဲတွေ အဆုံးသတ်ဖို့ ရည်ရွယ်ချက်နဲ့ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၁ ရက်မှာပြုလုပ်မယ့် အမေရိကန်-အီရန်တို့ရဲ့ ငြိမ်းချမ်းရေဆွေးနွေးပွဲမတိုင်မီ ပါကစ္စတန်မြို့တော်လမ်းမတွေမှာ လုံခြုံရေးတင်းကြပ်မှုတွေနဲ့ လမ်းပိတ်ဆို့မှုတွေရှိခဲ့ပါတယ်။ တစ်ချိန်တည်းမှာ ပါကစ္စတန်က အီရန်ကိုယ်စားလှယ်အဖွဲ့ကိုကာကွယ်ရေး တိုက်လေယာဥ်တွေနဲ့ အစ္စလာမ်မာဘတ်ကို ကြိုဆိုပို့ဆောင်ခဲ့တယ်ဆိုပြီး ဗီဒီယိုဟောင်းတစ်ခုကို လူမှုကွန်ရက်အသုံးပြုသူတွေက မှားယွင်းမျှဝေခဲ့ကြပါတယ်။ ဒါပေမဲ့ ဒါဟာ ဆော်ဒီအိမ်ရှေ့မင်းသား Mohammed bin Salman ၂၀၁၉ ခုနှစ်မှာ ပါကစ္စတန်ကို အလည်သွားရောက်ခဲ့စဥ်က တခမ်းတနားကြိုဆိုခဲ့တဲ့ ဗီဒီယိုရုပ်ပုံတွေဖြစ်ပါတယ်။  

"အမေရိကန်နှင့် ဆွေးနွေးရန်အတွက် ၎င်းတို့၏ ဘေးကင်းလုံခြုံသော ခရီးစဉ်ကို သေချာစေရန်အတွက် ပါကစ္စတန်သို့ အီရန် ကိုယ်စားလှယ်အဖွဲ့အား ပါကစ္စတန်သို့ ခေါ်ဆောင်ကာ အီရန်နိုင်ငံ၊ Bandar Abbas လေပိုင်နက်တွင် ပါကစ္စတန် တိုက်လေယာဉ်များကို မြင်တွေ့ခဲ့ရသည်" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက်က Facebook ပို့စ်မှာ မျှဝေထားပါတယ်။  

ခရီးသည်တင်လေယာဥ်တစ်စင်းကို တိုက်လေယာဥ်တွေက ဝန်းရံပျံသန်းနေတဲ့ ဗီဒီယိုတစ်ခုကိုလည်း ဒီပို့စ်မှာ မျှဝေထားပါတယ်။ ဗီဒီယိုရဲ့ ဘယ်ဘက်အပေါ်ထောင့်မှာ အမေရိကန်အစိုးရက ငွေကြေးထောက်ပံ့ပေးတဲ့ Radio Free Europe/Radio Liberty (REF/RL) ရဲ့ အမှတ်တံဆိပ်ပါရှိပြီး ညာဘက်အပေါ်ထောင့်မှာ Reuters ရဲ့ ရေစာပါရှိပါတယ်။  

Image
၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၆ ရက်မှာ ရယူထားတဲ့ မှားယွင်းပို့စ်ရဲ့ Screenshot ကို AFP က X အမှတ်အသားပြုလုပ်ထား

တူညီတဲ့ပြောဆိုမှုတွေနဲ့ ဒီဗီဒီယိုကို Facebook နဲ့ TikTok တွေမှာ မျှဝေနေကြသလို အင်္ဂလိပ်အာရဗြီမလေးထိုင်းနဲ့ အင်ဒိုနီးရှားဘာသာစကားတွေနဲ့လည်း ပျံ့နှံ့နေပါတယ်။  

အမေရိကန်ပြည်ထောင်စုနဲ့ အီရန်တို့ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ပြင်ဆင်မှုအနေနဲ့ ပါကစ္စတန်က လမ်းပိတ်ဆို့မှုတွေ၊ ယာဥ်ကြောရွှေ့ပြောင်းမှုတွေ၊ အစ္စလာမ်မာဘတ်မြို့အတွင်း စစ်ဆေးရေးဂိတ်တွေပြုလုပ်ခဲ့ပြီး နှစ်ရက်ကြာ ရုံးပိတ်ရက် ကြေညာခဲ့ပါတယ်။ ဒါအပြင် ကိုယ်စားလှယ်တွေ အနားယူတည်းခိုခဲ့တဲ့ ဇိမ်ခံဟော်တယ်မှာလည်း အခြားတည်းခိုသူတွေမရှိအောင် ရှင်းလင်းထားပါတယ်။ (Archived here and here)

ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လက်ခံကျင်းပပေးခဲ့တဲ့ ပါကစ္စတန်က ဒေသတွင်းတင်းမာမှုမြင့်မားနေချိန်မှာ အီရန်ကိုယ်စားလှယ်တွေရဲ့ လုံခြုံရေးအတွက် အယောင်ဆောင်လေယာဥ်အသုံးပြုခြင်း၊ ရေဒါထောက်လှမ်းမှုကို ရှောင်ရှားရန် ထရန်စပွန်ဒါများအား ပိတ်ခြင်း စတဲ့ ထူးကဲလေကြောင်းအစီအမံများပြုလုပ်ခဲ့တယ်လို့ ဒေသတွင်းသတင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ (Archived here and here)

ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ နှစ်ဘက်သဘောတူညီချက်မရရှိပဲပြီးဆုံးခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဒုတိယအကြိမ်ဆွေးနွေးပွဲ ပါကစ္စတန်မှာ "နောက်နှစ်ရက်အတွင်း" ဖြစ်ပေါ်နိုင်တယ်လို့ the New York Post ကို ဧပြီလ ၁၄ ရက်မှာ ပြောဆိုခဲ့ပါတယ်။ (Archived link)

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်မှာ အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို ပူးတွဲတိုက်ခိုက်မှုကြောင့် တီဟီရန်ရဲ့ တုံ့ပြန်ပစ်ခတ်မှုတွေဖြစ်ပေါ်ခဲ့ပြီး အရှေ့အလယ်ပိုင်းဒေသကို စစ်မီးတောက်လောင်စေခဲ့တဲ့အပြင် ကမ္ဘာ့စီးပွားရေးကို ထိခိုက်လှုပ်ခတ်စေခဲ့ပါတယ်။

ကြိုဆိုရေးအခမ်းအနား 

ဗီဒီယိုထဲကရုပ်ပုံတွေကို အသုံးပြုပြီး Google မှာ ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်တဲ့အခါ ဒီဗီဒီယိုကို Radio Free Europe/ Radio Liberty (RFE/RL) က ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။ (Archived link)

"ပါကစ္စတန်တိုက်လေယာဥ်တွေက ဆော်ဒီအိမ်ရှေ့မင်းသားအား အစ္စလာမ်မာဘတ်မြို့သို့ ဆိုကြိုပို့ဆောင်" ဆိုပြီး ခေါင်းစဥ်ဖော်ပြထားပါတယ်။ 

Image
မှားယွင်းပို့စ်က ဗီဒီယို (ဘယ်) ကို RFE/RL ဗီဒီယိုနဲ့ နှိုင်းယှဥ်ထားတဲ့ Screenshot

AFP ကလည်း ဒီဗီဒီယိုကို တစ်နေ့တည်းမှာ မျှဝေခဲ့ပြီး ပါကစ္စတန် လေတပ်ရဲ့ ဗီဒီယိုအဖြစ်ဖော်ပြထားပါတယ်။ 

ပါကစ္စတန်ကို နှစ်ရက်ကြာ အလည်ရောက်ရှိလာတဲ့ ဆော်ဒီအိမ်ရှေ့မင်းသား Mohammed bin Salman ရဲ့လေယာဥ် နိုင်ငံနယ်နမိတ်ထဲဝင်ရောက်လာစဥ် တိုက်လေယာဥ်တွေက ကြိုဆိုပျံသန်းခဲ့ကြောင်း ဗီဒီယိုစာသားဖော်ပြထားပါတယ်

"MBS" လို့ လူသိများတဲ့ အိမ်ရှေ့မင်းသားဟာ သေနတ် ၂၁ ကြိမ် ပစ်ဖောက်အလေးပြုမှု၊ တိုက်လေယာဥ်နဲ့ကြိုဆိုမှု၊ ဂုဏ်ပြုတပ်တွေရဲ့ဝန်းရံမှုတွေပါဝင်တဲ့ ပါကစ္စတန်ရဲ့ ခမ်းနားစွာကြိုဆိုမှုကိုရရှိခဲ့ပါတယ်။ (Archived link)

သူဟာ အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး ဒီခရီးစဥ်အတွင်း အစ္စလာမာဘတ်မြို့ရဲ့ အမြင့်ဆုံးအရပ်ဘက်ဂုဏ်ထူးဆောင်ဆုကို ရရှိခဲ့ပါတယ်။

Image
၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်က မျှဝေထားတဲ့ AFP ဗီဒီယိုရဲ့ Screenshot

အရှေ့အလယ်ပိုင်းဒေသစစ်ပွဲကြောင့် ပျံ့နှံ့ခဲ့တဲ့ မှားယွင်းပြောဆိုမှုတွေကို AFP က ဒီလင့်ခ်မှာ အချက်အလက်စိစစ်ထားပါတယ်။ 

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်