အစ္စရေးရဲ့ အရေးကြီးဆိပ်ကမ်းမြို့ကို အီရန်ကတိုက်ခိုက်ခဲ့တယ်ဆိုတဲ့ ဗီဒီယိုဟာ AI ဖန်တီးမှုသာဖြစ်
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 27 မတ် 2026 အချိန် 05h16
- ဖတ်ရန် ကြာချိန် 1 မိနစ်
- AFP အင်ဒိုနီးရှား
အစ္စရေးနဲ့ အမေရိကန်တို့ရဲ့ ပူးတွဲတိုက်ခိုက်မှုတွေကြောင့် အီရန်ထိပ်သီးခေါင်းဆောင်သေဆုံးခဲ့တဲ့နောက် တီဟီရန်က အစ္စရေးကို တုန့်ပြန်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အစ္စရေးနိုင်ငံမြောက်ပိုင်းက ဟိုင်ဖာဆိပ်ကမ်းကို အီရန်ဒုံးကျည်တွေ ထိမှန်ခဲ့တယ်ဆိုပြီး မျှဝေထားတဲ့ ဗီဒီယိုတစ်ခုဟာ AI နည်းပညာနဲ့ ဖန်တီးထားတာဖြစ်ပါတယ်။ ဗီဒီယို ပျံ့နှံ့ခဲ့ပြီးနောက် ဒီကောလဟလပြောကြားမှုကို ဆိပ်ကမ်းအာဏာပိုင်တွေက ငြင်းဆန်ခဲ့ပြီး ဆိပ်ကမ်းပုံမှန်လည်ပတ်နေဆဲရှိတယ်လို့ ဆိုပါတယ်။
"#အစ္စမြောက်ပိုင်း ဆိုက်ကမ်းမြို့မှာရှိတဲ့ ဟိုင်ဖာ စက်ရုံတစ်ခုကို အီရန် ဒရုန်း ထိုးဖောက် ဝင်ရောက်သွားပါတယ်။ မတ်လ ၂ ရက်"(မူရင်းအတိုင်း) ဆိုပြီး ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက်က မျှဝေထားတဲ့ Facebook ဗီဒီယိုမှာ ရေးသားထားပါတယ်။
ဆိပ်ကမ်းတစ်ခု မီးလောင်ကျွမ်းမှုကနေ ရုတ်တရက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အနီးပတ်ဝန်းကျင်ကို မီးခိုးတွေအုံ့ဆိုင်းသွားတဲ့မြင်ကွင်းကို ဒီဗီဒီယိုထဲမှာတွေ့ရပါတယ်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်မှာ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ပူးပေါင်းတိုက်ခိုက်မှုကြောင့် အီရန်ထိပ်သီးခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးခဲ့တဲ့နောက် အီရန်ကျောထောက်နောက်ခံဖြစ်တဲ့ ဟစ်ဇ်ဘိုလာလက်နက်ကိုင်တွေက တုန့်ပြန်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ တူညီတဲ့ပြောဆိုမှုတွေနဲ့ ဒီဗီဒီယိုကို မြန်မာဘာသာအပြင် အင်္ဂလိပ်၊ ဆလိုဗက်၊ ထိုင်းနဲ့ အူရဒူ ဘာသာစကားတွေနဲ့ ပျံ့နှံ့ခဲ့ပါတယ်။ (Archived link)
အီရန်က အစ္စရေးနိုင်ငံအပြင် အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ မဟာမိတ်တွေဖြစ်တဲ့နိုင်ငံတွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။ (Archived links here and here)
ဟိုင်ဖာဆိပ်ကမ်းဟာ စစ်ပွဲစတင်ခဲ့စဥ်ကတည်းက အီရန်နဲ့ လက်ဘနွန်တို့ရဲ့ ပစ်မှတ်တစ်ခုဖြစ်ခဲ့ပေမယ့် လူမှုကွန်ရက်မှာပျံ့နှံ့နေတဲ့ ဗီဒီယိုဟာ ဆိပ်ကမ်းမြို့က ပေါက်ကွဲမှုမဟုတ်ပါဘူး။ (Archived link)
Google Street View က တွေ့ရတဲ့ ဆိပ်ကမ်းရဲ့ဓာတ်ပုံတွေဟာ ဒီဗီဒီယိုထဲက ရုပ်ပုံတွေနဲ့ ကိုက်ညီမှုမရှိပါဘူး။ (Archived link)
ဒီမြင်ကွင်းတွေဟာ အစ္စရေးရဲ့အကြီးမားဆုံးဆိပ်ကမ်းတစ်ခုဖြစ်တဲ့ ဟိုင်ဖာဆိပ်ကမ်းရဲ့ လုပ်ငန်းစဥ်တွေကို ကြီးကြပ်ပြီး Haifa Port Company ကိုပိုင်တဲ့ Adani Group ရဲ့ ထုတ်ပြန်ချက်နဲ့လည်း ကွဲပြားမှုရှိနေပါတယ်။ (Archived link)
"ဆိပ်ကမ်းရဲ့ ပိုင်ဆိုင်မှုတွေနဲ့ အခြေခံအဆောက်အအုံအားလုံး အပြည့်အဝ လုံခြုံမှုရှိပြီး ပုံမှန်လည်ပတ်လျက်ရှိသည်" ဆိုပြီး မတ်လ ၃ ရက်နေ့မှာ Adani Group က ထုတ်ပြန်ထားပါတယ်။ (Archived link)
မတ်လ ၁၂ ရက်က နောက်ထပ်ထုတ်ပြန်ချက်တစ်ခုမှာ ဆိပ်ကမ်းကလုပ်ငန်းစဥ်တွေ "ပုံမှန်" လည်ပတ်လျက်ရှိပြီး အီရန်ရဲ့ တိုက်ခိုက်မှုကြောင့် ပျက်စီးမှုတွေရှိခဲ့တယ်ဆိုတဲ့ ပြောဆိုမှုတွေကို ငြင်းဆန်ထားပါတယ်။ (Archived link)
Adani Group က ပိုင်ဆိုင်တဲ့ အိန္ဒိယသတင်းဌာနဖြစ်တဲ့ NDTV ကလည်း ဆိပ်ကမ်းမှာရိုက်ကူးထားတဲ့ ဗီဒီယိုကို တစ်နေ့တည်းမှာပဲ ထုတ်ဖော်တင်ပြခဲ့ပြီး ကြီးမားတဲ့ ပျက်စီးမှုတွေ မတွေ့ရပါဘူး။ (Archived link)
ဒါအပြင် လမ်းမပေါ်က မူမမှန်တဲ့ ကားတွေနဲ့ ပုံပန်းမကျတဲ့ အဆောက်အအုံတွေ စတဲ့ AI နဲ့ပြုလုပ်ထားတဲ့ ရုပ်ပုံ၊ဗီဒီယိုတွေမှာ တွေ့ရလေ့ရှိတဲ့ ရုပ်ပုံကွဲလွဲမှုတွေကို ဒီဗီဒီယိုထဲမှာတွေ့ရပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားချိန်မှာ ကရိန်းတွေတင်ဆောင်ထားတဲ့ လှေတွေရုတ်တရက် ပျောက်ကွယ်သွားတာကိုလည်း တွေ့ရပါတယ်။
လူ့အခွင့်အရေးဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ WITNESS ရဲ့ Deepfakes Rapid Response Force (DRRF) ကလည်း ဒီဗီဒီယိုဟာ "လုပ်ကြံဖန်တီး၊ တည်းဖြတ်ထားနိုင်ခြေ အလွန်မြင့်မား" ပြီး "ပေါင်းစပ်ဖန်တီးမှုဖြစ်နိုင်ခြေ" ရှိတယ်လို့ ဆိုပါတယ်။ (Archived link)
DRRF အစီအစဥ်အဖွဲ့ဝင်ဖြစ်တဲ့ Recod.ai က ဗီဒီယိုရဲ့ ရုပ်ပုံတစ်ခုချင်းကို ခွဲခြမ်းစိတ်ဖြာရာမှာ မီးခိုးငွေ့တွေရဲ့ ပုံပန်းသဏ္ဍာန်နဲ့ အသွင်အပြင် ပုံမမှန်မှုတွေနဲ့ အဆောက်အအုံတွေရဲ့ မီးရောင်အပြောင်းအလဲတွေကို တွေ့ရကြောင်း AFP ကို ပြောပါတယ်။
"ဒီလောက်ကြီးမားတဲ့ပေါက်ကွဲမှုဟာ ဘေးပတ်ဝန်းကျင်ကို ချက်ချင်းဆိုသလို ကြီမားတဲ့ပျက်စီးမှုတွေဖြစ်ပွားစေမှာဖြစ်ပါတယ်" DRRF ရဲ့ အခြားအဖွဲ့ဝင်ဖြစ်တဲ့ Cauth AI က ပြောပါတယ်။
"ဗီဒီယိုထဲမှာတော့ အဖြူရောင်တုန်ခါမှုလှိုင်းတစ်ခုဟာ အဆောက်အအုံတွေနဲ့ လမ်းတွေကိုဖြတ်သန်းသွားပေမယ့် ပြတင်းပေါက်တွေဟာ ပကတိအတိုင်းရှိနေပြီး လမ်းမပေါ်ကကားတွေဟာလည်း လှုပ်ရှားမှုမရှိတာ တွေ့ရပါတယ်။"
အရှေ့အလယ်ပိုင်းဒေသစစ်ပွဲနဲ့ သက်ဆိုင်တဲ့ မှားယွင်းပြောဆိုမှုတွေကို AFP က ဒီလင့်ခ်မှာ အချက်အလက်စိစစ်ထားပါတယ်။
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၆။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်