တီဟီရန်မြို့ကပေါက်ကွဲမှုတွေကို အီရန်က အမေရိကန်စစ်စခန်းတွေကို ဗုံးကြဲမှုဆိုပြီးမှားယွင်းမျှဝေ
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 25 မတ် 2026 အချိန် 03h51
- ဖတ်ရန် ကြာချိန် 2 မိနစ်
- AFP ထိုင်း
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်မှာ အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို ပူးပေါင်းတိုက်ခိုက်ခဲ့တာကြောင့် အီရန်က ပင်လယ်ကွေ့နိုင်ငံတွေမှာရှိတဲ့ အမေရိကန်အခြေစိုက်စခန်းတွေကို ဆက်တိုက်ပစ်ခတ်ပြီး တုန့်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ လူမှုကွန်ရက်မှာ မျှဝေနေကြတဲ့ ဓာတ်ပုံတွေကတော့ အီရန်ရဲ့ လက်တုန့်ပြန်တိုက်ခိုက်မှုတွေမဟုတ်ပါဘူး။ အဲဒီဓာတ်ပုံတွေဟာ တီဟီရန်ကို လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်တဲ့ ဒုတိယမြောက်နေ့က ပုံတွေပဲဖြစ်ပါတယ်။
"အမေရိကန် စစ်စခန်းတွေကို အီရန် တိုက်လေယာဥ်တွေ ဗုံးကြဲသွားပါပြီး"(မူရင်းအတိုင်း) ဆိုပြီး ၂၀၂၆ ခုနှစ်၊ မတ်လ ၁ ရက်က မျှဝေထားတဲ့ ဒီ Facebook ပိုစ့်မှာ စာသားတစိတ်တပိုင်း ရေးသားထားပါတယ်။
မီးခိုးငွေ့တွေနဲ့ မြို့ပြအဆောက်အအုံတွေရဲ့ ဓာတ်ပုံငါးပုံလည်း အဲဒီပိုစ့်မှာ ပါရှိပါတယ်။
တူညီတဲ့ဓာတ်ပုံတွေဟာ မြန်မာနိုင်ငံအပြင် ကမ္ဘာတစ်ဝှမ်းလုံးရှိ Facebook၊ Instagram နဲ့ X စာမျက်နှာတွေပေါ်မှာ မှားယွင်းပျံ့နှံ့ခဲ့ပါတယ်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်မှာ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အီရန်ကို ပူးပေါင်းတိုက်ခိုက်မှုကြောင့် အီရန်ထိပ်သီးခေါင်းဆောင် အယာတိုလာခါမေနီ သေဆုံးခဲ့ပြီး အရှေ့အလယ်ပိုင်းဒေသဟာ စစ်မီးလောင်မြိုက်ခဲ့ပါတယ်။ (Archived link)
အဲဒီအချိန်ကစပြီး အီရန်ဟာ အမေရိကန်ရဲ့ စစ်ရေးတိုက်ခိုက်မှုတွေအတွက် နေရာပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပင်လယ်ကွေ့နိုင်ငံတွေကို လက်စားချေတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဟော်မုဇ်ရေလက်ကြားကို အမြန်ဆုံးပြန်လည် မဖွင့်ပေးပါက အစ္စလာမစ်သမ္မတနိုင်ငံတော်ရဲ့ ဓာတ်အားပေးစက်ရုံတွေကို "အလုံးစုံဖျက်ဆီး"ပစ်မယ်လို့ ကြိမ်းဝါးခဲ့ပါတယ်။ အီရန်ကလည်း ဒီကြိမ်းဝါးချက်အတိုင်းလုပ်ဆောင်ပါက အရှေ့အလယ်ပိုင်းဒေသတလျှောက်မှာရှိတဲ့ အဓိကအခြေခံအဆောက်အအုံတွေကို တိုက်ခိုက်မယ်လို့ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၂ ရက်မှာ ပြန်လည်ခြိမ်းခြောက်ခဲ့ပါတယ်။
ဒါပေမဲ့ လူမှုကွန်ရက်မှာ မျှဝေနေကြတဲ့ ဓာတ်ပုံတွေဟာ အမေရိကန်နဲ့ အစ္စရေးတို့က တီဟီရန်ကို တိုက်ခိုက်နေတဲ့ပုံတွေပဲ ဖြစ်ပါတယ်။
မှားယွင်းမျှဝေထားတဲ့ ပထမဓာတ်ပုံကို Google မှာ ဓာတ်ပုံရာဇဝင်အပြင် အဓိကစကားလုံးတွေနဲ့ရှာဖွေကြည့်ရာ အနောက်အာရှသတင်းဌာန (WANA) က ၂၀၂၆ ခုနှစ်၊ မတ်လ ၁ ရက်ကမျှဝေထားတဲ့ ပိုမိုကျယ်ဝန်းတဲ့ မြင်ကွင်းနဲ့ သတင်းဓာတ်ပုံကို တွေ့ခဲ့ရပါတယ်။ (Archived link)
"အစ္စရေးနှင့် အမေရိကန်တို့ အီရန်ကိုတိုက်ခိုက်ပြီးနောက် ၂၀၂၆ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် တီဟီရန်မြို့မှာတွေ့ရတဲ့ ပေါက်ကွဲမှုက မီးခိုးငွေ့များ"ဆိုပြီး ဓာတ်ပုံမှာ ဖော်ပြထားပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ဟာ အစ္စလာမစ်သမ္မတနိုင်ငံကို တိုက်ခိုက်မှုတွေ စတင်ပြီး ဒုတိယမြောက်နေ့အထိ ပစ်ခတ်မှုတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ AFP ကဖော်ပြထားပါတယ်။ (Archived link)
တီဟီရန်အခြေစိုက် ဓာတ်ပုံသတင်းထောက် Majid Asgaripour ကို ဓာတ်ပုံရိုက်ကူးသူအဖြစ် ရည်ညွှန်းဖော်ပြထားပါတယ်။ (Archived link)
မတ်လ ၁ ရက်က တီဟီရန်ကို ပစ်ခတ်မှုတွေအကြောင်း သတင်းဖော်ပြချက်တစ်ခုမှာ တူညီတဲ့ဓာတ်ပုံကိုမျှဝေထားပြီး Asgaripour နဲ့ Reuters သတင်းဌာနကို ရည်ညွှန်းဖော်ပြထားပါတယ်။ (Archived link)
အချက်အလက်ထပ်မံရှာဖွေကြည့်ရာ မှားယွင်းပိုစ့်က ဒုတိယဓာတ်ပုံဟာလည်း အခြားဓာတ်ပုံတွေနဲ့အတူ European Pressphoto Agency (EPA) သတင်းဌာနက မျှဝေထားတဲ့ တူညီတဲ့ပေါက်ကွဲမှုရဲ့သတင်းဓာတ်ပုံဆိုတာကို တွေ့ရပါတယ်။ (Archived link)
"၂၀၂၆ ခုနှစ်၊ မတ်လ ၁ ရက်က အီရန်ကို အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် တီဟီရန်မြို့လယ်တွင်တွေ့ရသည့် မီးခိုးငွေ့များ"ဆိုပြီး ဓာတ်ပုံရဲ့ ဖော်ပြချက်မှာ တစိတ်တပိုင်းရေးသားထားပါတယ်။
EPA သတင်းဌာနရဲ့ ဓာတ်ပုံသတင်းထောက် Abedin Taherkenareh ကို ဓာတ်ပုံရိုက်ကူးသူအဖြစ်ရည်ညွှန်းဖော်ပြထားပါတယ်။
မှားယွင်းမျှဝေထားတဲ့ အခြားဓာတ်ပုံသုံးပုံကတော့ မတ်လ ၁ ရက်နေ့၊ တီဟီရန်မြို့ပစ်ခတ်ခံရစဥ်က AFP ဓာတ်ပုံသတင်းထောက် Atta Kenare ရိုက်ကူးထားတဲ့ သတင်းဓာတ်ပုံတွေပဲဖြစ်ပါတယ်။
"၂၀၂၆ ခုနှစ်၊ မတ်လ ၁ ရက်က တီဟီရန်မြို့တွင် ပေါက်ကွဲမှုတွေဖြစ်ပေါ်ပြီးနောက်တွေ့ရတဲ့ မီးခိုးများ"ဆိုပြီး စာသားပါရှိပါတယ်။
ဓာတ်ပုံတွေမှာတွေ့ရတဲ့ စတုရန်းပုံ အဆောက်အအုံဟာ တီဟီရန်မြို့မှာရှိတဲ့ ကင်ဆာကုသရေးဌာန ဖြစ်ပြီး Google Maps ကဓာတ်ပုံမှာလည်းတွေ့နိုင်ပါတယ်။ (Archived link)
အရှေ့အလယ်ပိုင်းဒေသစစ်ပွဲနဲ့ ပတ်သက်တဲ့ အခြားမှားယွင်းပြောဆိုမှုတွေကိုလည်း AFP က အချက်အလက်စိစစ်ထားပါတယ်။
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၆။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်