အီရန်ရဲ့ ကူဝိတ်က အမေရိကန်စစ်စခန်းကို တိုက်ခိုက်တဲ့ ဗီဒီယိုဟာ AI ဖန်တီးမှုသာဖြစ်
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 07 ဧပြီ 2026 အချိန် 09h26
- ဖတ်ရန် ကြာချိန် 2 မိနစ်
- Maximiliano ECHEGOYEN, AFP ချီလီ
- ဘာသာပြန်ခြင်းနှင့် ဆီလျော်အောင်ပြန်လည်ရေးသားခြင်း - AFP Thailand
အရှေ့အလယ်ပိုင်းဒေသက အမေရိကန်စစ်တပ်အခြေစိုက်စခန်းတွေကို အီရန်က တုံ့ပြန်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပေမယ့် လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ စစ်စခန်းတစ်ခု ပစ်ခတ်တိုက်ခိုက်ခံရတဲ့ မြင်ကွင်းတွေနဲ့ ဗီဒီယိုဟာ ဥာဏ်ရည်တုနည်းပညာ (artificial intelligence) နဲ့ ဖန်တီးထားတာဖြစ်ပါတယ်။ ဗီဒီယိုထဲမှာ AI နဲ့ ပြုလုပ်ထားကြောင်း သိသာစေတဲ့ ရုပ်ပုံကွဲလွဲမှု အများအပြား ပါရှိပါတယ်။
"မြေကြီးပါ အသေတုန်မဲ့ အခြေအနေဘဲ ကူဝိတ် မေဒိကြီးရဲ့ စစ်အခြေစိုက်စခန်း မီဒီယာတွေက မပြမယ့်အရာတွေ။ ကူဝိတ်က အမေရိကန်စခန်းကို ဝိုင်းရံထားတယ်။ ထရမ့်က အီရန်ကို အရမ်းလျှော့တွက်ခဲ့တယ်။" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက်က Facebook ဗီဒီယိုတစ်ခုမှာ ရေးသားထားပါတယ်။
သဲကန္တာရစစ်စခန်းတစ်ခုရဲ့ အတွင်းပိုင်းနဲ့ အနီးဝန်းကျင်မှာ ဗုံးပေါက်ကွဲမှုမြင်ကွင်းတွေကို ၁၅ စက္ကန့်ကြာဗီဒီယိုထဲမှာ တွေ့ရပါတယ်။
တူညီတဲ့ပြောဆိုမှုနဲ့အတူ ဒီဗီဒီယိုကို Facebook၊ TikTok နဲ့ X ပို့စ်တွေမှာလည်း မျှဝေနေကြပါတယ်။ "ကာတာနိုင်ငံက ကမ္ဘာ့အကြီးဆုံး အရည်ပျော်သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေး အချက်အခြာကို" အီရန်ကတိုက်ခိုက်ခဲ့တယ်ဆိုတဲ့ မှားယွင်းပြောဆိုမှုနဲ့လည်း ဒီဗီဒီယိုကို မျှဝေနေကြပါတယ်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်မှာ အမေရိကန်နဲ့ အစ္စရေးတို့က အီရန်အစ္စလာမစ်နိုင်ငံကို ပူးပေါင်းတိုက်ခိုက်မှုကြောင့် အီရန်ထိပ်သီးခေါင်းဆောင် သေဆုံးခဲ့ပါတယ်။ အဲဒီနောက် အီရန်က အစ္စရေးနဲ့ အမေရိကန်မဟာမိတ်နိုင်ငံတွေအဖြစ် မှတ်ယူထားတဲ့ အရှေ့အလယ်ပိုင်းဒေသ ပင်လယ်ကွေ့နိုင်ငံတွေကို ဒရုန်း၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်တုံ့ပြန်ခဲ့ပါတယ်။ (Archived link)
အီရန်ရဲ့ ကနဦးတိုက်ခိုက်မှုတွေကြောင့် ကူဝိတ်နိုင်ငံက အမေရိကန်စစ်တပ်အဖွဲ့သား ၆ ဦးသေဆုံးခဲ့ပါတယ်။ ကူဝိတ်နိုင်ငံက အမေရိကန်အခြေစိုက်စခန်းအနည်းဆုံး သုံးခုခန့်ကို အီရန်ရဲ့ ဒုံးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ the New York Times ဆောင်းပါးမှာ ဖော်ပြထားပါတယ်။ (Archived here and here)
ဒါပေမဲ့ လူမှုကွန်ရက်ပေါ်ပျံ့နှံ့နေတဲ့ ဗီဒီယိုထဲဟာ ကူဝိတ်နိုင်ငံက အမေရိကန်တပ်စခန်းတိုက်ခိုက်ခံရတဲ့ မြင်ကွင်းတွေမဟုတ်ပါဘူး။
အနီးကပ်လေ့လာကြည့်တဲ့အခါ AI ဖန်တီးမှုတွေမှာတွေ့ရလေ့ရှိတဲ့ ရုပ်ပုံကွဲလွဲမှုအများအပြားကို ဒီဗီဒီယိုထဲမှာတွေ့ရပါတယ်။
စစ်သားတစ်ဦးက ကုန်စည်သေတ္တာတစ်ခုထဲဝင်ရောက်ပျောက်ကွယ်မှုမြင်ကွင်း၊ ပေါက်ကွဲမှုတွေကြား ကုန်သေတ္တာတွေနဲ့ ယာဥ်တွေ ထိခိုက်ပျက်စီးမှုမရှိခြင်းနဲ့ တထပ်တည်းကြတဲ့ ပေါက်ကွဲမှုတွေရဲ့ မြင်ကွင်း စတဲ့ ရုပ်ပုံကွဲလွဲမှုသဲလွန်စတွေကို ဗီဒီယိုထဲမှာ တွေ့ရပါတယ်။
ဒါအပြင် ဗီဒီယိုအစပိုင်းမှာ မတွေ့ရတဲ့ ဝရံတာလက်ရမ်းပေါ်က အရာဝတ္ထုတစ်ခု ဗီဒီယိုအဆုံးမှာ ရုတ်တရက်ပေါ်လာတာကိုလည်း တွေ့ရပါတယ်။
နယူးယော့ခ်မြို့၊ University at Buffalo က တီထွင်ထားတဲ့ DeepFake-O-Meter နဲ့ ဗီဒီယိုကို စမ်းသပ်စိစစ်ကြည့်တဲ့အခါ ဗီဒီယိုရဲ့အသံကို ဖန်တီးလုပ်ယူထားကြောင်း တွေ့ရပါတယ်။ (Archived link)
DetectVideo AI နဲ့ ထပ်မံပြီး စိစစ်ကြည့်တဲ့အခါ ဒီဗီဒီယိုကို AI နည်းပညာနဲ့ ဖန်တီးထားနိုင်ခြေ မြင့်မားကြောင်း တွေ့ရပါတယ်။ (Archived link)
အရှေ့အလယ်ပိုင်းဒေသစစ်ပွဲနဲ့ သက်ဆိုင်တဲ့ အခြားမှားယွင်းပြောဆိုမှုတွေကို AFP က ဒီလင့်ခ်မှာ အချက်အလက်စိစစ်ထားပါတယ်။
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၆။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်