ရှီးပတီးရှာဖွေမှု ဗီဒီယိုကို အရှေ့အလယ်ပိုင်းဒေသစစ်ပွဲက ထွက်ပြေးတိမ်းရှောင်သူတွေဆိုပြီး မှားယွင်းမျှဝေ

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 17 မတ် 2026 အချိန် 08h17
  • ဖတ်ရန် ကြာချိန် 1 မိနစ်
  • AFP ထိုင်း

ဖေဖော်ဝါရီလက အမေရိကန်နဲ့ အစ္စရေးရဲ့ ပူးတွဲတိုက်ခိုက်မှုမှာ အီရန်ထိပ်သီးခေါင်းဆောင် သေဆုံးခဲ့ပြီး အစ္စလာမစ်သမ္မတနိုင်ငံရဲ့ တုံ့ပြန်ဒုံးကျည်ပစ်ခတ်မှုတွေကြောင့် အစ္စရေးမှာ အနည်းဆုံး လူတစ်ဒါဇင်ခန့် သေဆုံးခဲ့ပါတယ်။ ဒါပေမဲ့ လူမှုကွန်ရက်မှာ မျှဝေနေကြတဲ့တောင်စောင်းတစ်ခုပေါ်ပြေးလွှားနေတဲ့ လူအုပ်ကြီးရဲ့ ဗီဒီယိုဟာ လက်ရှိဒေသတွင်းစစ်ပွဲကထွက်ပြေးနေကြတဲ့ အစ္စရေးလူမျိုးတွေမဟုတ်ပါဘူး။ ဒါဟာ ၂၀၂၅ ခုနှစ်၊ မေလမှာရိုက်ကူးထားတဲ့ နှစ်စဥ် ဟိမဝန္တာတောင်တန်းပေါ်က ရှီးပတီးရှာဖွေမှု ဖြစ်ပါတယ်။

"အီရန်မှ လက်တုန့်ပြန် ပစ်ခတ်မှု့များကြောင့် အစ္စရေးနိုင်ငံ ဒေသအသီးသီးသို့ ထိမှန်မှု့များရှိခဲ့ပြီး ယနေ့ထိ အစ္စရေးနိုင်ငံသား ၁၂၅ ဦးထိ သေဆုံးမှု့ရှိခဲ့သည်။ (ဘယ်လောက်နဲ့ မြောက်ရမလဲ) ယခုအခါမှာတော့ အကြမ်းဖက် အစ္စရေး ပြည်သူအချို့ဘေးလွတ်နိုင်မည်ထင်သော တောင်ကုန်းများဆီသို့ သွားရောက်ခိုလှုံနေကြလျက်ရှိပါသည်။" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက်က မျှဝေထားတဲ့ Facebook ဗီဒီယိုမှာ ရေးသားထားပါတယ်။  

တူညီတဲ့ပြောဆိုမှုကို အင်္ဂလိပ်ဘာသာနဲ့ ဗီဒီယိုထဲမှာဖော်ပြထားပြီး မတ်စောက်တဲ့ တောင်စောင်းတစ်ခုပေါ် ပြေးလွှားနေတဲ့ လူအုပ်ကြီးကို တွေ့ရပါတယ်။

Image
၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက်က ရယူထားတဲ့ မှားယွင်းပို့စ်ရဲ့ Screenshot ကို AFP က အနီရောင် X နဲ့ အမှတ်အသားပြုလုပ်ထား

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်က အမေရိကန်နဲ့ အစ္စရေးရဲ့ အီရန်ကို ပူးတွဲတိုက်ခိုက်မှုကြောင့် စတင်ခဲ့တဲ့ အရှေ့အလယ်ပိုင်းဒေသစစ်ပွဲ တတိယအပတ်ထဲဝင်ရောက်ခဲ့ပြီး အီရန်က အစ္စရေးကို ဒုံးကျည်၊ ဒရုန်းတွေနဲ့ ဆက်လက်ပစ်ခတ်နေချိန်မှာ ဒီမှားယွင်းပြောဆိုမှုတွေ လူမှုကွန်ရက်ပေါ်ပျံ့နှံ့ခဲ့ပါတယ်။ (Archived link)

ဒီစစ်ပွဲကြောင့် လူ ၁,၂၀၀ ကျော် သေဆုံးခဲ့ကြောင်း အီရန်ကျန်းမာရေးဝန်ကြီးဌာနက မတ်လ ၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ AFP အနေနဲ့ ဒီကိန်းဂဏန်းကို သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။ တစ်ချိန်တည်းမှာပဲ စစ်ပွဲအစမှာ ကျရောက်ခဲ့တဲ့ ဒုံးကျည်တွေနဲ့ အပျက်အစီးတွေကြောင့် လူ ၁၄ ဦး သေဆုံးခဲ့တယ်လို့ အစ္စရေးအာဏာပိုင်တွေက ပြောပါတယ်။ (Archived link)

ဒါပေမဲ့ ဒီဗီဒီယိုဟာ အီရန်စစ်ပွဲမတိုင်ခင်က အွန်လိုင်းပေါ်ပျံ့နှံ့ခဲ့ပြီး ၂၀၂၅ ခုနှစ်က ၁၂ ရက်ကြာ အစ္စရေး၊ အီရန်စစ်ပွဲကဆိုတဲ့ မှားယွင်းပြောဆိုမှုကိုလည်း AFP က အချက်အလက်စိစစ်ခဲ့ပါတယ်။

ဓာတ်ပုံရာဇဝင်ရှာဖွေမှုအပြင် အဓိကကျတဲ့စကားလုံးတွေနဲ့ အချက်အလက်ရှာဖွေကြည့်တဲ့အခါ မူရင်းဗီဒီယိုကို Dolpa အမည်နဲ့ Facebook စာမျက်နှာတစ်ခုက ၂၀၂၅ ခုနှစ်၊ မေလ ၂၉ ရက်မှာ မျှဝေထားတာတွေ့ရပါတယ်။ (Archived link)

"ဒေါ်ပါခရိုင်၊ ရပ်ပါတန်မှ yarchagumba ရှာဖွေနေကြသူများ" ဆိုပြီး နီပေါဘာသာစကားနဲ့ စာသားဖော်ပြထားပါတယ်။ ဒါအပြင် အမျိုးသားတစ်ဦးက "ဖွင့်ပြီ" ဆိုပြီး နီပေါဘာသာနဲ့ ပြောဆိုနေတာလည်း ကြားရပါတယ်။  

Yarchagumba ခေါ်  ရှီးပတီး ဟာ တန်ဖိုးအရှိဆုံး တရုတ်တိုင်းရင်းဆေးဝါးတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံမှာ ရွှေစျေးထက် သုံးဆပို တန်ဖိုးရှိပါတယ်။ (Archived link)

အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းရေးသမဂ္ဂ (IUCN)ရဲ့ အနီရောင်စာရင်းမှာ ထိခိုက်လွယ်တဲ့ ဆေးမြစ်အမျိုးအနွယ်အဖြစ် ဖော်ပြထားပါတယ်။ (Archived link)

Image
မှားယွင်းပို့စ်ကဗီဒီယို (ဘယ်) ကို မူရင်း Facebook ဗီဒီယိုနဲ့ နှိုင်းယှဥ်မှု

ခူကောင်တွေရဲ့ ခန္ဓာကိုယ်မှာကပ်ပါးကောင်ကူးစက်မှုကနေဖြစ်ပေါ်လာတဲ့ ဒီဆေးမြစ်ကို ထောင်နဲ့ချီတဲ့ နီပေါနဲ့တိဘက်ရွာသားတွေက နှစ်စဥ် မေလနဲ့ ဇွန်လကြားမှာ ဟိမဝန္တာတောင်ခြေက တောင်စောင်းတွေမှာ သွားရောက်တူးဖော်ရှာဖွေလေ့ရှိပါတယ်။ (Archived link)

မူရင်းဖော်ပြထားသူ Pradip Shashi က ဒီဗီဒီယိုကို ဆေးမြစ်ရှာဖွေစဥ် ၂၀၂၅ ခုနှစ်၊ မေလ ၂၇ ရက်မှာ ရိုက်ကူးခဲ့တယ်လို့ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၁ ရက်မှာ AFP ကို ပြောပါတယ်။  

နီပေါနိုင်ငံက ဆေးမြစ်ရှာဖွေတဲ့နေရာရဲ့ တည်နေရာကိုလည်း AFP ကို သူကမျှဝေခဲ့ပါတယ်။ (Archived link)

အီရန်စစ်ပွဲနဲ့သက်ဆိုင်တဲ့ မှားယွင်းပြောဆိုမှုတွေကို AFP က ဒီလင့်ခ်မှာ အချက်အလက်စိစစ်ခဲ့ပါတယ်။  

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ