ငလျင်ကြောင့်ပျက်စီးခဲ့တဲ့ မြသိန်းတန်စေတီဓာတ်ပုံတွေကို စစ်တပ်ဗုံးကြဲမှုဆိုပြီး မှားယွင်းမျှဝေ

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 17 မတ် 2026 အချိန် 06h44
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP ထိုင်း

အရပ်သားအုပ်ချုပ်ရေးကာလကို ပြန်လည်ရောက်ရှိစေရမယ်လို့ ကြွေးကြော်ထားတဲ့ ဇန်နဝါရီလရွေးကောက်ပွဲမှာ မြန်မာစစ်တပ်က အပြတ်အသတ်အနိုင်ရခဲ့ပေမယ့် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေဆဲဖြစ်ပါတယ်။ ဒါပေမဲ့ Facebook မှာမျှဝေနေကြတဲ့ ပြိုကျနေတဲ့ စေတီတော်ရဲ့ ဓာတ်ပုံတွေကတော့ ဗုံးကြဲမှုတွေနဲ့ သက်ဆိုင်ခြင်းမရှိပါဘူး။ အဲဒီဓာတ်ပုံတွေဟာ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ကြောက်မက်ဖွယ်ငလျင်ကြီးလှုပ်ခတ်ပြီးနောက် သမိုင်းဝင်ဘုရားစေတီတွေ ပျက်စီးဆုံးရှုံးမှုနဲ့ ပတ်သတ်တဲ့ သတင်းဖော်ပြချက်တွေနဲ့ လူမှုကွန်ရက်ပိုစ့်တွေမှာ ယခင်ကတည်းက ပျံ့နှံ့ခဲ့ပါတယ်။  

"စစ်အုပ်စုလေကြောင်းတိုက်ခိုက်မှုကြောင့်မင်းကွန်း မြသိန်းတန်စေတီကြေမွပျက်စီးသွား" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်က မျှဝေထားတဲ့ ဒီ Facebook ပိုစ့်မှာ စာသားတစိတ်တပိုင်း ပါရှိပါတယ်။  

၁၉ ရာစုက တည်ထားကိုးကွယ်ခဲ့တဲ့ မြသိန်းတန်စေတီတော်ဟာ ဆင်ဖြူမယ်ဘုရားလို့လည်း ဘွဲ့အမည်ရပါတယ်။ ပုထိုးတော်တစ်ခုလုံး စွတ်စွတ်ဖြူနေတဲ့ ထုံးသင်္ကန်းအပြင် ဧရာဝတီမြစ်ကမ်း နံဘေးမှာလည်း တည်ရှိတာကြောင့် ထင်ရှားပါတယ်။ (Archived link)  

ပိုစ့်မှာ ဖော်ပြထားတဲ့ စေတီတော်ရဲ့ ဓာတ်ပုံ သုံးပုံအနက် နှစ်ပုံမှာ ပြိုကျပျက်စီးပြီးနောက် ရိုက်ကူးထားတဲ့ ပုံတွေ ဖြစ်ပါတယ်။   

Image
၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက်က ရယူထားတဲ့ မှားယွင်းပိုစ့်ရဲ့ Screenshot ကို AFP က X အမှတ်အသားပြုထား

၂၀၂၁ ခုနှစ်က စစ်တပ်အာဏာသိမ်းမှုကြောင့် ဒီမိုကရေစီအရေးလှုပ်ရှားသူတွေနဲ့  အစွန်အဖျားဒေသတွေမှာ နှစ်ပေါင်းများစွာလွှမ်းမိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဟာ စစ်တပ်ကို တော်လှန်တိုက်ခိုက်ခဲ့ကြပါတယ်။  အဲဒီအချိန်ကတည်းက မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်မီး လောင်ကျွမ်းခဲ့ပါတယ်။  

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှာ အရပ်သားအုပ်ချုပ်ရေးကို ပြန်လည်ရောက်ရှိစေရမယ်လို့ ကြွေးကြော်ထားတဲ့အတိုင်း ကန့်သတ်ချက်များစွာနဲ့ ရွေးကောက်ပွဲကို ကျင်းပပြီးစီးခဲ့ပါတယ်။ (Archived link) စစ်တပ်ရဲ့ ကျောထောက်နောက်ခံဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ ဖြိုးရေးပါတီက ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရခဲ့ပါတယ်။ ဒါဟာစစ်တပ်ရဲ့ အာဏာကို ကြာရှည်တည်မြဲဖို့ မဟာမိတ်တွေနဲ့ ပူးပေါင်းခြင်းသာဖြစ်တယ်လို့ ဒီမိုကရေစီစောင့်ကြည့်သူတွေက ဆိုပါတယ်။ 

စစ်တပ်ဟာ တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေဆဲဖြစ်ပါတယ်။ ဖေဖော်ဝါရီလနှောင်းပိုင်းမှာ အနောက်ဘက်ကမ်းရိုးတန်း ရခိုင်ပြည်နယ်ရှိ ကျေးရွာစျေးတစ်ခုကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတစ်ခုပြုလုပ်ခဲ့ရာ အပြစ်မဲ့အရပ်သား ၁၇ ဦး သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော်က ပြောကြားခဲ့ပါတယ်။ (Archived link

စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ပြိုကျသွားတဲ့ စေတီဆိုပြီး ပျက်စီးနေတဲ့ စေတီတော်ရဲ့ ဓာတ်ပုံတွေဟာ Facebook မှာပျံ့နှံ့ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့အထိ မြသိန်းတန်စေတီတော်ကို ပစ်မှတ်ထားတဲ့ စစ်ရေးတိုက်ခိုက်မှုအကြောင်း ခိုင်လုံတဲ့သတင်းဖော်ပြချက်တွေ မရှိသေးပါဘူး။  

ငလျင်ကြောင့် ပြိုကျသွားတဲ့ဘုရား  

Google မှာဓာတ်ပုံရာဇဝင် ရှာဖွေကြည့်ရာ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်က နိုင်ငံတစ်ဝှမ်း လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇.၇ ရှိငလျင်အကြောင်း ရေးသားထားတဲ့ ဧရာဝတီသတင်းဌာနရဲ့ သတင်းဖော်ပြချက်တစ်ခုမှာ အပျက်အစီးတွေနဲ့ စေတီတော်ရဲ့ ပထမဓာတ်ပုံကို တွေ့ခဲ့ရပါတယ်။ (Archived link

အဲဒီသတင်းဖော်ပြချက်အရ ငလျင်ကြောင့် မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဆိုင်ရာ ပုထိုးတော်တွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ ဗလီတွေအပါအဝင် သမိုင်းဝင်အဆောက်အအုံ ၈၀ ကျော်ပျက်စီးပြီး လူပေါင်း ၃,၇၀၀ ကျော် အသက်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ (Archived link

ဘုန်းကြီးကျောင်းနဲ့ သီလရှင်ကျောင်း ၃,၀၀၀ ကျော်အပြင် ဘုရားစေတီ ၅,၀၀၀ ကျော် ပျက်စီးခဲ့တယ်လို့ စစ်အစိုးရက ဆိုပါတယ်။  

Image
မှားယွင်းပိုစ့်ကဓာတ်ပုံ (ဘယ်) ကို ဧရာဝတီသတင်းဌာနက မျှဝေထားတဲ့ဓာတ်ပုံ (ညာ) နဲ့ နှိုင်းယှဥ်ထားတဲ့ Screenshot

အဓိကစကားလုံးတွေနဲ့ ထပ်မံရှာဖွေကြည့်ရာ ပြိုကျနေတဲ့ စေတီတော်ရဲ့ အခြားဓာတ်ပုံဟာ "သမိုင်းဝင်များ  ပြိုကျပျက်စီးသွား" (မူရင်းအတိုင်း) ဆိုတဲ့စာသားနဲ့  ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၂ ရက်ကမျှဝေထားတဲ့ ဒီ TikTok ဗီဒီယိုက မြင်ကွင်းနဲ့ ကိုက်ညီမှုရှိပါတယ်။ (Archived link

Image
မှားယွင်းပိုစ့်ကဓာတ်ပုံ (ဘယ်) ကို မူရင်း TikTok ဗီဒီယို (ညာ) နဲ့ နှိုင်းယှဥ်ထားတဲ့ Screenshot

TikTok အသုံးပြုသူဟာ မန္တလေးအခြေစိုက် ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး မြသိန်းတန်စေတီတော်ရဲ့ ပျက်စီးမှု အခြေအနေကို မှတ်တမ်းတင်ထားတဲ့ နောက်ထပ်ဗီဒီယိုတစ်ခုကို အဲဒီနေ့မှာပဲ မျှဝေခဲ့ပါတယ်။ (Archived link

"ဒီရှေးဟောင်းအမွေအနှစ်အခုလို ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးသွားတာ တကယ်ကိုဝမ်းနည်းစရာပါခင်ဗျ။ ဒါစစ်ကိုင်းမြို့မှာ အထင်ကရပေါ့နော် ရှေးဟောင်း အမွေအနှစ် မြသိန်းတန်ဘုရားပေါ့နော်" လို့ ဗီဒီယိုထဲမှာ ပြောကြားထားပါတယ်။  

ဒီဗီဒီယိုကို မူလမျှဝေထားသူက AFP ရဲ့ မေးမြန်းမှုကို တုံ့ပြန်ခြင်းမရှိခဲ့ပါဘူး။  

တူညီတဲ့ ဓာတ်ပုံကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်က စေတီတော်ကို ပြန်လည်ပြုပြင်ထိန်းသိမ်းဖို့ အရေးတကြီးလိုအပ်ကြောင်း ဖော်ပြထားတဲ့ ဧရာဝတီသတင်းဌာနရဲ့ X ပိုစ့်မှာ တွေ့ရပါတယ်။ (Archived link

မှားယွင်းပိုစ့်မှာဖော်ပြထားတဲ့ ပထမဆုံးဓာတ်ပုံဟာ မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနရဲ့ တရားဝင် Facebook စာမျက်နှာကနေ စေတီတော် မပျက်စီးခင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်က မျှဝေထားတဲ့ ဓာတ်ပုံပဲ ဖြစ်ပါတယ်။ (Archived link

မြန်မာနိုင်ငံ မငြိမ်မသက်မှုတွေနဲ့ ပတ်သက်တဲ့ အခြားမှားယွင်းပြောဆိုမှုတွေကိုလည်း AFP က အချက်အလက်စိစစ်ထားပါတယ်။  

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ